ဇန်နဝါရီလ (၂၁)ရက်။
မနေ့က ည (၇)နာရီကျော်အချိန်က ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့အစပ်မှာ AA ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေရှိတဲ့နေရာအနီးကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ည (၇)နာရီ (၂၄)မိနစ်နဲ့ (၂၈)မိနစ်မှာ ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းအစပ် ဆောင်းဒုံရွာအနောက်ဘက်က နေရာတွေကို စကစက ဂျက်ဖိုက်တာ (၂)စီးနဲ့ လေကြောင်းကနေ ရှေ့ဆင့်နောက်ဆင့် ဗုံး(၂)လုံး ကြဲချသွားတာ” လို့ ဆိုပါတယ်။
စစ်တပ်ဟာ ကျောက်တော်မြို့နဲ့ ပုဏ္ဏားကျွန်းမြို့အစပ်ရှိ ချောင်းတူ(ခ)ဆောင်းဒုံရွာ အနောက်ဘက်က နေရာအချို့ကို ဂျက်ဖိုက်တာ (၂)စီးနဲ့ လေကြောင်းကနေ ဗုံး (၂)လုံး ကြဲချခဲ့တာလို့ ဖော်ပြထားပါတယ်။
အခုလို စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲခဲ့တဲ့နေရာ အနီးဝန်းကျင်မှာရှိတဲ့ စစ်သုံပန်းမိသားစုဝင်တွေနဲ့ စစ်သုံ့ပန်းအချို့ ပွဲချင်းပြီး သေဆုံးတာနဲ့ ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ ကနဦးရေးသားထားပါတယ်။
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ထဲ ထိခိုက်သေဆုံးတဲ့ စာရင်းအသေးစိတ်ကိုတော့ ထပ်မံတင်ပြသွားမယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
အခုတိုက်ခိုက်ခံရတဲ့နေရာဟာ စစ်သုံ့ပန်းတွေနဲ့ စစ်သုံ့ပန်းမိသားစုတွေဟာ AA က မကြာမီပြန်လွှတ်ပေးဖို့ ထားရှိတဲ့နေရာလို့ သိရပါတယ်။








