ဇန်နဝါရီလ (၂၃)ရက်။
ဖိလစ်ပိုင်နိုင်ငံ တာဂေတေမြို့မှာ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နဲ့ NUG ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ NUG ကိုယ်းစားပြုတဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ပြီးတော့ တွေ့ဆုံခဲ့တာရှိပါတယ်။ အာဆီယံဥက္ကဋ္ဌအဆက်ဆက် အခုလိုမျိုး မြန်မာနိုင်ငံရဲ့ Stakeholders တွေနဲ့ တွေ့ဆုံတဲ့အခါမှာ NUG အနေနဲ့လဲ ပါဝင်တက်ရောက်တာရှိပါတယ်” လို့ ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က ဆိုပါတယ်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌသစ် ဖိလစ်နိုင်ငံခြားရေးဝန်ကြီးလဲဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်တဲ့ မစ္စ ထရေဆာ လိုဇာရိုနဲ့ တွေ့ဆုံခဲ့ချိန်မှာ မြန်မာနိုင်ငံရဲ့ အမှန်တကယ်ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
နောက်ပြီး NUG ရဲ့ ရပ်တည်ချက်နဲ့ ဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီး အမြဲမပြတ် ထိတွေ့ပြောဆိုတာတွေ လုပ်ဆောင်နေတယ်လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် တွေ့ဆုံပွဲမှာ ပဋိပက္ခတွေ လျော့ချဖို့၊ စစ်ဘေးသင့်ပြည်သူတွေဆီ လူသားစာနာတဲ့ အကူအညီတွေ ရောက်ရှိဖို့နဲ့ နိုင်ငံရေးအရ ဆွေးနွေးပွဲတွေပေါ်ပေါက်ဖို့ အာဆီယံအထူးကိုယ်စားလှယ်က ပြောဆိုခဲ့ပါတယ်။
အဲ့ဒီနောက် တဖက်မှာ အကြမ်းဖက်စစ်တပ်က အတုအယောင်ရွေးကောက်ပွဲ ပြုလုပ်နေတဲ့အပေါ် မထောက်ခံဘူးလို့လဲ သူမက ပြောဆိုခဲ့သေးတယ်လို့ နိုင်ငံတကာသတင်းတွေရဲ့ ဖော်ပြထားချက်တွေအရ သိရပါတယ်။








