ဇန်နဝါရီလ (၂၇)ရက်။
ဒီကနေ့ နံနက် (၄)နာရီခွဲအချိန်က မန္တလေးရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ထဲ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မင်းအောင်လှိုင်က မန္တလေးမှာ မဲရုံတွေကိုလိုက်ကြည့်ပြီး အပြန် ယတြာချေဖို့ လပခထဲ ခဏဝင်တည်းခိုနေတာကို သတင်းရတာကြောင့် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တာ” လို့ ဆိုပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မန္တလေးရှိ အတုအယောင်ရွေးကောက်ပွဲကျင်းပတဲ့ မဲရုံတွေကို လိုက်လံကြည့်ရှုပြီး အပြန် ယတြာချေဖို့ လပခစစ်ဌာနချုပ်ထဲ ခေတ္တ ဝင်ရောက်တည်းခိုခဲ့တာလို့ ဖော်ပြထားပါတယ်။
မင်းအောင်လှိုင် လပခစစ်ဌာနချုပ်ထဲ ဝင်တည်းခိုချိန် တော်လှန်ရေးတပ်ဖွဲ့တွေက ၁၀၇မမ ရှော့တိုက်ဒုံး (၅)လုံးနဲ့ ပစ်ခတ်ခဲ့ရာ (၃)လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မန္တလေး မင်းဝတ်တန်ဆာတွေ ဝတ်ဆင်ကာ မန္တလေးနန်းတော်အဝင် မင်္ဂလာတံတားကနေ ပြည်တော်ဝင်မယ့် ယတြာချေဖို့ရှိတာကြောင့် ညတွင်းချင်း စီစဉ်ပစ်ခတ်ခဲ့တာလို့ ပြောဆိုထားပါတယ်။
အဲ့ဒီပစ်ခတ်ခဲ့တဲ့ ရှော့တိုက်ဒုံးတွေဟာ လပခထဲ ကျရောက်ခဲ့ပြီး လပခတိုင်းမှူးအိမ် ထိမှန်ခဲ့တယ်လို့ ကနဦးသိရှိရပေမယ့် ထိခိုက်သေဆုံးတဲ့အခြေအနေကိုတော့ ဆက်လက်စုံစမ်းနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီစစ်ဆင်ရေးကို BWM အဖွဲ့က ဦးဆောင်ပြီး No More Dictatorship(NMD-PDF)အဖွဲ့၊ Shadow(Mandalay)အဖွဲ့နဲ့ Infinity(အညာ)အဖွဲ့တို့ လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။








