ဖြစ်စဉ်ကြောင့် ကရင်နီလူထုနဲ့ တော်လှန်ရေးအင်အားစုတရပ်လုံးကို တောင်းပန်ထား
ဇန်နဝါရီလ (၂၉)ရက်။
ထောင်ဖောက်ထွက်ပြေးတဲ့ဖြစ်စဉ်အပေါ် အဖြစ်မှန်ပေါ်ပေါက်ဖို့အတွက် အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းကာ အရေးယူသွားမယ်လို့ Karenni-IEC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ထွက်ဆိုချက်တွေမှာ ထောင်ဖောက်ထွက်ပြေးဖို့အတွက် အတွင်းအပြင်ချိတ်ဆက်တာတွေကို (၃)လခန့် ကြိုတင်ပြင်ဆင်ပြီး အစီအမံတွေ ချထားတာနဲ့ စားနပ်ရိက္ခာတွေ ယူဆောင်တာ စတာနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ထောင်ဖောက်ခဲ့တာမှာ စစ်သုံ့ပန်း (၇၆)ဦး၊ ထောင်ဝန်ထမ်း (၂)ဦးနဲ့ မူးယစ်ဆေးဝါးနဲ့ ထောင်ကျနေသူ (၅)ဦး စုစုပေါင်း (၈၃)ဦး ထွက်ပြေးလွတ်မြောက်ခဲ့ကာ ပြန်လည်ခုခံတာကြောင့် (၈)ဦးကို အသေပစ်ခတ်ခဲ့ပြီး (၂)ဦး အရှင်ဖမ်းမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး ထောင်ဖောက်ပြေးသူတွေ ယူဆောင်သွားတဲ့ လက်နက်ငယ် (၅)လက်နဲ့ ကျည်အချို့ကို သိမ်းဆည်းရမိခဲ့သလို ကျန်သူတွေဟာ ထိုင်းစစ်တပ်ဆီ လက်နက်ချ အဖမ်းခံခဲ့တယ်လို့ ရေးသားထားပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့စည်းကာ ဌာနထဲ စစ်ဆေးတာနဲ့ ဖြစ်စဉ်အသေးစိတ်ကို အစီရင်ခံတင်ပြတာအပါအဝင် ပူးပေါင်းပါဝင်ခဲ့တဲ့ ထောင်အမှုထမ်း (၂)ဦးကို အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းကာ ကျန်တဲ့ စစ်သုံ့ပန်းတွေအပါအဝင် အကျဉ်းသားတွေရဲ့ လုံခြုံရေးအစီအမံကို နိုင်ငံတကာစစ်သုံ့ပန်းဥပဒေတွေအတိုင်း ထိန်းသိမ်းကြပ်မတ်သွားမယ်လို့ အသိပေးထားပါတယ်။
Karenni-IEC အနေနဲ့ အကျဉ်းထောင်ဝန်ထမ်း အင်အားဖြည့်တင်းတာအပြင် လိုအပ်တဲ့ အခြေခံအဆောက်အဦတွေ တည်ဆောက်တာနဲ့ အကျဉ်းထောင်လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲတာတွေကို ဖော်ဆောင်သွားမယ်လို့လဲ ပြောဆိုထားပါတယ်။
အဲ့ဒီထုတ်ပြန်ချက်ထဲမှာ စစ်သုံ့ပန်းအရေး စီမံဖို့အတွက် နိုင်ငံတကာအဖွဲ့တွေရဲ့ နည်းပညာအကူအညီနဲ့ ရန်ပုံငွေ အထောက်အပံ့တွေကို ထည့်သွင်းဖိတ်ခေါ်ထားပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြည်သူတွေ စိုးရိမ်ထိတ်လန့်ခဲ့ရတဲ့အပေါ် စိတ်မကောင်းဖြစ်ရပြီး ကရင်နီလူထုနဲ့ တော်လှန်ရေးအင်အားစုတရပ်လုံးကို တောင်းပန်ထားသလို တာဝန်ယူမှု တာဝန်ခံမှုနဲ့ ဆက်လက်ဆောင်သွားမယ်လို့ ပြောဆိုထားချက်အရ သိရပါတယ်။








