ဖေဖော်ဝါရီလ (၁၀)ရက်။
တဖွဲ့ချင်းနဲ့ စကားပြောတဲ့ပုံစံမျိုးကို လက်ခံမှာမဟုတ်ဘူးဆိုတာ ပြောပြထားပြီးဖြစ်တယ်လို့ (၆၅)နှစ်ပြည့် ကချင်တော်လှန်ရေးနေ့အခမ်းအနားမှာ KIO ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
“ နေပြည်တော်အစိုးရကို ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ပြောတယ်။ KIO တဖွဲ့ထဲနဲ့ စကားပြောလို့ မပြီးနိုင်ပါဘူး။ တဖွဲ့ချင်းနဲ့ စကားပြောတဲ့ပုံစံမျိုးကို KIO က လက်ခံမှာမဟုတ်ဘူးဆိုတာ နိုင်ငံတကာနဲ့ အိမ်နီးချင်းနိုင်ငံတွေအားလုံးကို ပြောပြထားပြီးဖြစ်ပါတယ်” လို့ ဆိုပါတယ်။
KIO အနေနဲ့ ဒီကနေ့အထိ တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲပြီး KIO တဖွဲ့ထဲနဲ့ စကားပြောလို့ မပြီးနိုင်သလို စစ်ကော်မရှင်ကို NUG နဲ့ စကားပြောချင်တဲ့ဆန္ဒ ရှိ၊ မရှိ မေးထားတယ်လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် ဒီကနေ့ တော်လှန်ရေးခရီးဟာ (၆၅)နှစ်ပြည့်တဲ့အချိန်မှာ ဘယ်လိုတည်ဆောက်ထားတယ်၊ ဘယ်လောက်ထိ တည်ဆောက်ပြီးပြီဆိုတာကို ပြန်လည်သုံးသပ်နေတယ်လို့ ပြောဆိုထားပါတယ်။
နောက်ပြီး အခု ၂၀၂၆ခုနှစ်ဟာ အပြောင်းအလဲတွေ အများကြီးဖြစ်လာမယ့်နှစ်လို့ မျှော်လင့်ထားကာ တောက်လျှောက်ကြိုးစားနေတယ်လို့လဲ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က ထည့်သွင်းပြောဆိုထားပါတယ်။
KIO အနေနဲ့ အခုရက်ပိုင်းထဲ မြစ်ကြီးနားလေတပ်စခန်းရဲ့ ရေဒါတခုကို ဖျက်ဆီးနိုင်ခဲ့ကာ အခု (၂)လတာထဲ စစ်ကော်မရှင်ရဲ့ တင့်ကား (၇)စီးအထိကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။
စစ်တပ်အာဏာသိမ်းချိန်မှာ တရုတ်အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံချိန် တိုက်ပွဲတွေ ဖြစ်လာနိုင်တာကို ပြောဆိုထားကာ တရုတ်ဘက်က တိုက်ပွဲတွေ မဖော်ဆောင်ဖို့ ပြောဆိုတာတွေရှိတယ်လို့ သိရပါတယ်။








