CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်
ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီဖြစ်သော ဘင်္ဂလားဒေ့ရှ် အမျိုးသားဝါဒီပါတီ (BNP) သည် သောကြာနေ့တွင် ကျင်းပသည့် လွှတ်တော်ရွေးကောက်ပွဲ၌ အပြတ်အသတ် အနိုင်ရရှိ သွားခဲ့သည်။ ယင်းကြောင့် ဆယ်စုနှစ်နှစ်ခုနီးပါးအကြာတွင် အာဏာပြန်လည်ရရှိလာပြီး လပေါင်းများစွာ ကြုံတွေ့ခဲ့ရသည့် မတည်ငြိမ်မှုများနှင့် စီးပွားရေးပြိုလဲမှုများအပြီးတွင် ပါတီခေါင်းဆောင် တာရစ် ရာမန် (Tarique Rahman) သည် ဝန်ကြီးချုပ် ဖြစ်လာတော့မည် ဖြစ်သည်။
ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာ (Khaleda Zia) နှင့် လုပ်ကြံခံခဲ့ရသည့် သမ္မတဟောင်း ဇီယာအာ ရာမန် (Ziaur Rahman) တို့၏သားဖြစ်သူ ရာမန်သည် ၂၀၂၄ ခုနှစ်တွင် ဝန်ကြီးချုပ် ဟောင်း ရှိတ်ဟာဆီနာ အစိုးရပြုတ်ကျပြီးနောက် ဖြစ်ပေါ်လာသည့် နိုင်ငံရေးတည်ငြိမ်မှု ပြန်လည်ဖော်ဆောင်ရေး၊ ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုပြန်လည်ရရှိရေးနှင့် အထည်ချုပ် ကဏ္ဍ အပါအဝင် အဓိကလုပ်ငန်းများကို ပြန်လည်တည်ဆောက်ရေး စသည့် စိန်ခေါ်မှုများနှင့် ချက်ချင်းရင်ဆိုင်ရမည်ဖြစ်သည်။ ရှိတ်ဟာဆီနာ ပြုတ်ကျပြီးကတည်းက နိုဘယ်လ်ဆုရှင် မူဟာမက် ယူနွတ်စ် (Muhammad Yunus) ဦးဆောင်သည့် ကြားဖြတ်အစိုးရက တာဝန်ယူခဲ့ ခြင်း ဖြစ်သည်။
ရွေးကောက်ပွဲကော်မရှင်၏ တရားဝင်ထုတ်ပြန်ချက်အရ နှစ်ပေါင်းများစွာအတွင်း ပထမဆုံး အကြိမ် စစ်မှန်သော ပြိုင်ဆိုင်မှုရှိသည့် ရွေးကောက်ပွဲဟု ရှုမြင်ခံရသော ယခုပွဲတွင် BNP နှင့် ၎င်း၏ မဟာမိတ်များသည် လွှတ်တော်အမတ်နေရာ ၂၉၉ နေရာအနက် အနည်းဆုံး ၂၁၂ နေရာ အနိုင်ရရှိခဲ့သည်။ အတိုက်အခံ ဂျမားအီအစ္စလာမ်မီ (Jamaat-e-Islami) နှင့် ၎င်း၏ မဟာမိတ်များ ကမူ အမျိုးသားလွှတ်တော် (Jatiya Sangsad) တွင် ၇၇ နေရာ အနိုင်ရခဲ့သည်။
အသက် ၆၀ အရွယ်ရှိ ရာမန်သည် ၎င်း၏ပါတီ အနိုင်ရနေသည်မှာ ထင်ရှားလာပြီး ၁၂ နာရီ ကျော် ကြာသည်အထိ တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မရှိသေးသော်လည်း၊ BNP ပါတီကမူ ပြည်သူများအနေဖြင့် ကြီးကျယ်သော အောင်ပွဲခံမှုများကို ရှောင်ကြဉ်ကြရန်နှင့် သောကြာနေ့ တွင် အထူးဆုတောင်းပွဲများသာ ပြုလုပ်ကြရန် တောင်းဆိုထားသည်။ ၎င်းသည် ဒါကာမြို့ရှိ ၎င်း၏နေအိမ်ပြင်ပတွင် စုဝေးနေသော မီဒီယာများကို စကားပြောခြင်းမရှိဘဲ ဗလီသို့သွားစဉ် ယာဉ်ပေါ်မှ ပြုံးပြကာ လက်ဝှေ့ယမ်းနှုတ်ဆက်ခဲ့ကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြ သည်။
ဟာဆီနာကို ဖြုတ်ချရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် လူငယ်တက်ကြွ လှုပ်ရှား သူများ ဦးဆောင်သော အမျိုးသားနိုင်ငံသားပါတီ (NCP) ကမူ ဝင်ရောက်ယှဉ်ပြိုင်သည့် နေရာ ၃၀ အနက် ၅ နေရာသာ အနိုင်ရရှိခဲ့သည်။
လူဦးရေ ၁၇၅ သန်းရှိသော မူဆလင်အများစုနေထိုင်သည့် နိုင်ငံတွင် ဟာဆီနာဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် နေ့စဉ်ဘဝနှင့် ကမ္ဘာ့ဒုတိယအကြီးဆုံး အထည်ချုပ်လုပ်ငန်းများ ထိခိုက် ခဲ့ရသဖြင့် ယခုကဲ့သို့ ပြတ်သားသော ရလဒ်ထွက်ပေါ်လာခြင်းသည် တည်ငြိမ်မှုအတွက် အရေးပါသည်ဟု ရှုမြင်ကြသည်။ “ ခိုင်မာတဲ့ အများစုအနိုင်ရရှိမှုက BNP ကို လွှတ်တော်ထဲမှာ ပြုပြင်ပြောင်းလဲမှုတွေ ထိထိရောက်ရောက် လုပ်ဆောင်နိုင်စေမှာဖြစ်ပြီး ဥပဒေပြုရေးမှာ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်တာတွေကို ရှောင်လွှဲနိုင်ပါလိမ့်မယ်” ဟု ဒါကာတက္ကသိုလ်မှ စီးပွားရေးပါမောက္ခ ဆလင် ရိုင်ဟန် (Selim Raihan) က ပြောကြား ခဲ့သည်။
BNP ၏ ရွေးကောက်ပွဲကြေညာစာတမ်းတွင် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေး ရေး၊ ဝင်ငွေနည်းပါးသူများနှင့် အခြေခံလူတန်းစားများကို ကာကွယ်ပေးရေးနှင့် လယ်သမား များအတွက် တရားမျှတသော ဈေးနှုန်းများ ရရှိစေရေးတို့ကို ဦးစားပေးမည်ဟု ကတိပြု ထား သည်။
အိန္ဒိယဝန်ကြီးချုပ် နရန်ဒြာ မိုဒီ၊ ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ် ရှရစ်ဖ် နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဘရန့် တီ ခရစ်စတင်းဆန် တို့သည် ရာမန်၏ အောင်ပွဲ အတွက် ပထမဆုံး ဂုဏ်ပြုခဲ့ကြသူများထဲတွင် ပါဝင်သည်။ အိန္ဒိယ၊ တရုတ်နှင့် အမေရိကန် တို့သည် ဘင်္ဂလားဒေ့ရှ်တွင် ဩဇာလွှမ်းမိုးမှုရရန် အပြိုင်အဆိုင် ကြိုးပမ်းနေကြသည်။
ဟာဆီနာ အိန္ဒိယသို့ ထွက်ပြေးခိုလှုံခဲ့ပြီးနောက်ပိုင်း နယူးဒေလီနှင့် ဒါကာ ဆက်ဆံရေးမှာ ထိုးဆင်းသွားခဲ့ပြီး ဗီဇာဝန်ဆောင်မှုများနှင့် ခရစ်ကတ် အားကစားဆိုင်ရာ ဆက်ဆံရေးများပါ ထိခိုက်ခဲ့သည်။ “ ဒါဟာ ဘင်္ဂလားဒေ့ရှ်အတွက် အခွင့်အလမ်းရော စိန်ခေါ်မှုပါပဲ။
ဩဇာလွှမ်းမိုးမှု လိုချင်တဲ့ အင်အားကြီးနိုင်ငံတွေကြားမှာ ဒီဆက်ဆံရေးတွေကို ဘယ်လို စီမံမလဲဆိုတာ အရေးကြီးပါတယ်” ဟု International Crisis Group မှ အကြီးတန်း အတိုင်ပင်ခံ သောမတ်စ် ကိန်း (Thomas Kean) က ဆိုသည်။
ယခုတစ်ကြိမ် မဲပေးသူဦးရေမှာ ၂၀၂၄ ခုနှစ်က ၄၂% ရှိခဲ့ရာမှ ယခုတွင် ၆၀% နီးပါးအထိ မြင့်တက်လာခဲ့သည်။ ရွေးကောက်ပွဲနှင့်အတူ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး အတွက် လူထုဆန္ဒခံယူပွဲကိုလည်း တစ်ပါတည်း ကျင်းပခဲ့သည်။ အဆိုပါ ပြုပြင်ပြောင်းလဲ မှုများတွင် ဝန်ကြီးချုပ်သက်တမ်းကို နှစ်ကြိမ်သာ ကန့်သတ်ရန်၊ တရားစီရင်ရေး လွတ်လပ်ခွင့် နှင့် အမျိုးသမီးကိုယ်စားပြုမှု ပိုမိုအားကောင်းစေရန်၊ ရွေးကောက်ပွဲကာလအတွင်း ကြားနေ အစိုးရများ ထားရှိရန်နှင့် လွှတ်တော်တွင် ဒုတိယလွှတ်တော်တစ်ခု ထပ်မံဖွဲ့စည်းရန် စသည်တို့ ပါဝင်သည်။

ဘင်္ဂလားဒေ့ရှ် အမျိုးသားဝါဒီပါတီ (BNP) ၏ ဥက္ကဋ္ဌ တာရစ် ရာမန် (အလယ်) သည် ကြာသပတေးနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တွင် ၎င်း၏ ဆန္ဒမဲကို ပေးနေစဉ်။(ပုံ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တွင် ကြာသပတေးနေ့က ကျင်းပခဲ့သည့် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲအတွက် ပေးထားသော ဆန္ဒမဲများကို ရွေးကောက်ပွဲ တာဝန်ရှိသူများက စတင်ရေတွက်နေစဉ်။(ပုံ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ရှိ ရွေးကောက်ပွဲကော်မရှင်ရုံးအတွင်း ကြာသပတေးနေ့က ရုပ်မြင်သံကြားဖန်သားပြင်ပေါ်မှ နောက်ဆုံးရ ရွေးကောက်ပွဲရလဒ်များကို ဘင်္ဂလားဒေ့ရှ်ပြည်သူများ စောင့်ကြည့်နေကြစဉ်။(ပုံ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တွင် ကြာသပတေးနေ့က ကျင်းပသည့် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲအတွင်း မဲရုံတစ်ရုံ၌ ဆန္ဒမဲပေးရန်အတွက် ဘင်္ဂလားဒေ့ရှ်အမျိုးသမီးများ တန်းစီစောင့်ဆိုင်းနေကြစဉ်။(ပုံ)







