နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 2 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ အီရန်စစ်ရေး – ၄၈ နာရီအကြာ- စစ်ဗျူဟာမြောက် အောင်မြင်မှုနှင့် အနာဂတ် အတွက် မရေရာသောဗျူဟာ

CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက်

အရှေ့အလယ်ပိုင်းတွင် ယခုဖြစ်ပွားနေသည့် အကျပ်အတည်းမျိုးအတွင်း သမ္မတတစ်ဦးသည် ထောက်လှမ်းရေးနှင့် စစ်ဘက်ဆိုင်ရာ အရင်းအမြစ်များမှ ပြုစုထားသော အသားတင် အကဲဖြတ်ချက် (Net Assessment) ကို လက်ခံရရှိလေ့ရှိသည်။ ယင်းအကဲဖြတ်ချက်သည် မူဝါဒဆိုင်ရာ အကြံပြုချက်များ မပါဝင်ဘဲ အင်အားစုများ၏ ဟန်ချက်ညီမှု၊ ခေါင်းဆောင်မှု အပြောင်းအလဲနှင့် မဟာဗျူဟာမြောက် တွက်ချက်မှုများကို သုံးသပ်ပေးသည်။ ၎င်း၏ ရည်ရွယ်ချက်မှာ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန်အတွက် ရှင်းလင်းပြတ်သားသော အခြေခံအချက်အလက်များကို ပေးရန်ဖြစ်သည်။

Situation Room (အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေးအခန်း) သို့ ပေးပို့စီးဝင်နေသော သတင်းအချက်အလက်များကို ကျွန်ုပ်တို့ လက်လှမ်းမမီနိုင်သော်လည်း စနစ်တကျရှိသော အခြေခံအကဲဖြတ်ချက်တစ်ခုကို တည်ဆောက်ရန်အတွက် လုံလောက်သော အထောက် အထားများ မြင်တွေ့နေရပြီ ဖြစ်သည်။

ဤသည်မှာ အရေးအကြီးဆုံး အချက် ၁၀ ချက်နှင့် ဆက်လက်စောင့်ကြည့်ရမည့် အခြေအနေများ ဖြစ်သည်။

၁။ အီရန်ဝေဟင်ကို စိုးမိုးထားနိုင်ခြင်း

စနေနေ့ည အစောပိုင်း နာရီများတွင် အမေရိကန်စစ်တပ်သည် အီရန်၏ လေကြောင်း ကာကွယ်ရေးစနစ် လက်ကျန်များကို ဖျက်ဆီးပစ်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်အတွင်း အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ရုရှားနိုင်ငံထုတ် အီရန်၏ စနစ်အများစုမှာ ပျက်စီးနေပြီ ဖြစ်ရာ ဖျက်ဆီးစရာ များများစားစား မကျန်တော့ပေ။

ယခုအခါ အမေရိကန်နှင့် အစ္စရေးဘက်က အီရန်ဝေဟင်ကို စိုးမိုးထားနိုင်ပုံရသည်။ ဆိုလိုသည်မှာ ဤပဋိပက္ခဖြစ်ပွားနေစဉ်အတွင်း (သို့မဟုတ် နောက်ပိုင်းတွင်လည်း) အမေရိကန်နှင့် အစ္စရေးလေယာဉ်များသည် အန္တရာယ်ကို ထိန်းချုပ်ပြီး စိတ်တိုင်းကျ ပျံသန်းနိုင်ပြီဖြစ်သည်။

၂။ အီရန်ခေါင်းဆောင်ပိုင်း ဖရိုဖရဲဖြစ်ခြင်း

လေကြောင်းတိုက်ခိုက်မှု ပထမပိုင်းနာရီများအတွင်း အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အလီခါမေနီ အပါအဝင် ထိပ်တန်းခေါင်းဆောင် ၄၈ ဦး သေဆုံးခဲ့ကြောင်း ထရန့်က သတင်း ထုတ်ပြန်ခဲ့သည်။ ဤသည်မှာ အမေရိကန်သမ္မတ၊ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးအများအပြား တစ်ပြိုင်နက်တည်း အသတ်ခံရခြင်းနှင့် ညီမျှသည်။

၁၉၇၉ ခုနှစ် ပြည်တွင်းစစ်နောက်ပိုင်း ခေါင်းဆောင်အပြောင်းအလဲ တစ်ကြိမ်သာရှိခဲ့သော အီရန်ကဲ့သို့ နိုင်ငံမျိုးအတွက်မူ ယင်းဖြစ်ရပ်သည် တစ်နိုင်ငံလုံးရှိ အမိန့်ပေးစေခိုင်းမှု စနစ်တစ်ခုလုံးကို အကြီးအကျယ် ဖရိုဖရဲဖြစ်စေပြီး မရေရာမှုများ ဖြစ်ပေါ်စေနိုင်သည်။ တနင်္ဂနွေနေ့တွင် အီရန်နိုင်ငံခြားရေးဝန်ကြီးက အင်တာဗျူးတစ်ခု၌ ၎င်းတို့၏ စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့များသည် အထက်မှ အမိန့်ပေးစေခိုင်းမှုနှင့် ပြတ်တောက်ကာ ကိုယ်ပိုင်ဆုံးဖြတ်ချက် ဖြင့် လုပ်ဆောင်နေဖွယ်ရှိကြောင်း ဝန်ခံခဲ့သည်။

၎င်းမှာ အီရန်အရာရှိများ ကိုယ်တိုင်ပင် မည်သူက ဦးဆောင်နေသည်ကို မသေချာကြောင်း ဝန်ခံချက်ပင် ဖြစ်သည်။

၃။ ဆက်ခံမည့်သူ မရေရာခြင်း

အီရန်အစိုးရသည် ၎င်းတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားသည့်အတိုင်း ခါမေနီ၏ နေရာတွင် အစားထိုးရန် ဆက်ခံမည့် လုပ်ငန်းစဉ်များ ဆောင်ရွက်နေကြောင်း ထောက်ခံသူ များကို အာမခံရန် ကြိုးပမ်းနေသည်။ ဆိုလိုသည်မှာ သမ္မတ၊ တရားသူကြီးချုပ်နှင့် အမည် မဖော်လိုသေးသော ဘာသာရေးခေါင်းဆောင်တစ်ဦးတို့ ဦးဆောင်သည့် ကြားဖြတ်ကောင်စီက ဆုံးဖြတ်ချက်များ ချမှတ်နေသည်ဟု ဆိုလိုသော်လည်း မည်သူ့ကိုမျှ လူမြင်ကွင်းတွင် မတွေ့ရ သေးပေ။ အစ္စရေးနှင့် အမေရိကန် လေယာဉ်များသည်လည်း အီရန်ခေါင်းဆောင်ပိုင်းကို ဆက်လက်ပစ်မှတ်ထားနေဆဲ ဖြစ်သည်။ အီရန်သမ္မတဟောင်း မာမွတ် အမာဒီနီဂျက် နေထိုင် သည်ဟု ဆိုသော နေရာအနီးတွင်လည်း စနေနေ့က တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ထို့ပြင် ခါမေနီကို ဆက်ခံရန် ရှင်းလင်းသော ကိုယ်စားလှယ်လည်း မရှိပေ။ ထိပ်တန်း ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် သမ္မတဟောင်း အီဘရာဟင် ရိုင်စီမှာ လွန်ခဲ့သော နှစ်နှစ်က ရဟတ်ယာဉ်ပျက်ကျကာ သေဆုံးခဲ့သည်။ အခြားတစ်ဦးဖြစ်သော ခါမေနီ၏ သားဖြစ်သူ မိုဂျတာဘာမှာမူ အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) နှင့် ခိုင်မာသော ဆက်ဆံရေးရှိသော်လည်း အခက်အခဲများစွာနှင့် ရင်ဆိုင်ရနိုင်သည်။ အမည်နာမ ဖော်ပြ ထားသော ဆက်ခံသူမရှိပါက လာမည့်အပတ်များအတွင်း အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ၏ အခြေခံအုတ်မြစ်မှာ ပိုမိုယိုင်နဲ့လာနိုင်ပါသည်။

၄။ ဒုံးကျည်ဆိုင်ရာ တွက်ချက်မှု

အီရန်သည် အမေရိကန်နှင့် အစ္စရေး၏ တိုက်ခိုက်မှုများကို အစ္စရေးနိုင်ငံတွင်းသို့ လည်းကောင်း၊ ဒေသတွင်းရှိ အမေရိကန် အဆောက်အအုံများနှင့် ပင်လယ်ကွေ့ တစ်လျှောက် ရှိ အရပ်သားပစ်မှတ်များသို့လည်းကောင်း ဒုံးကျည်များဖြင့် ပြန်လည်တိုက်ခိုက်နေသည်။ ယခုရက်ပိုင်းအတွင်း အမေရိကန်နှင့် အစ္စရေးစစ်ဦးစီးချုပ်များ၏ အဓိက ဦးစားပေးမှာ အီရန်၏ ဒုံးကျည်ပစ်ခတ်နိုင်စွမ်း—အထူးသဖြင့် ဒုံးကျည်ပစ်စင် (launchers) များကို ချေမှုန်း ရန် ဖြစ်သည်။ ပစ်စင်များကသာ အီရန်အနေဖြင့် တစ်ကြိမ်လျှင် ဒုံးကျည်မည်မျှ ပစ်ခတ် နိုင်မည်ကို ဆုံးဖြတ်ပေးသည်။ ဤသည်မှာ ခက်ခဲပါလိမ့်မည်။ အီရန်တွင် အစ္စရေးအထိ ရောက်နိုင်သော အဝေးပစ်ဒုံးကျည် အရေအတွက် ကန့်သတ်ချက်ရှိသော်လည်း အီရတ် သို့မဟုတ် ပင်လယ်ကွေ့နိုင်ငံများကဲ့သို့ နီးစပ်ရာပစ်မှတ်များအတွက်မူ တာလတ်ပစ်ဒုံးကျည် အများအပြား ရှိနေသည်။ ၎င်းတို့ကိုလည်း မသုံးစွဲမီ ဖုံးကွယ်ဖြန့်ကျက်ထားပုံရသည်။

လာမည့်ရက်များတွင် အီရန်အနေဖြင့် အစောပိုင်းနာရီများတွင် ပြုလုပ်ခဲ့သော ဒုံးကျည်ဖြင့် ပစ်ခတ်မှုမျိုးကို ဆက်လက်ထိန်းထားနိုင်မလား သို့မဟုတ် အီရန်အတွင်းသို့ စစ်ရေးအရ တိုက်ခိုက်မှုများက ၎င်းတို့၏ စွမ်းဆောင်ရည်ကို လျှော့ချနိုင်ခြင်း ရှိ၊ မရှိကို စောင့်ကြည့်ရမည် ဖြစ်သည်။

၅။ ပင်လယ်ကွေ့နိုင်ငံများ: ဘေးထိုင်ကြည့်မနေတော့ခြင်း

အစောပိုင်းနာရီများအတွင်း ကျွန်ုပ်အတွက် အံ့အားသင့်စရာ အကောင်းဆုံးမှာ အီရန်က ဆော်ဒီအာရေဗျ၊ ယူအေအီး၊ ကာတာ၊ ဘာရိန်း၊ ကူဝိတ်နှင့် အိုမန် စသည့် ပင်လယ်ကွေ့ နိုင်ငံများရှိ အရပ်ဘက် အခြေခံအဆောက်အအုံများ၊ ဟိုတယ်များနှင့် လူနေအိမ်များကို ပစ်မှတ်ထားရန် ဆုံးဖြတ်ခဲ့ခြင်းပင် ဖြစ်သည်။ အီရန်က အမေရိကန် စစ်အခြေစိုက်စခန်းများ ကိုသာ အာရုံစိုက်တိုက်ခိုက်နေသည်ဟု ပြောဆိုပြီးနောက် တနင်္ဂနွေနေ့တွင် အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) က တိုက်ခိုက်ခံရသည့် စာရင်းကို ထုတ်ပြန်ခဲ့သည်။

ဤနိုင်ငံများသည် ဤပဋိပက္ခတွင် မပါဝင်ဘဲ နေလိုကြသော်လည်း အီရန်၏ တိုက်ခိုက်မှု များက ၎င်းတို့ကို ဆွဲသွင်းနေပြီဖြစ်သည်။ ဘုံရန်သူနှင့် ရင်ဆိုင်ရချိန်တွင် နိုင်ငံရေး သဘောထားကွဲလွဲမှုများကို ဘေးဖယ်ထားလိုက်ကြသည်။ ယခုအခါ မည်သို့ တုံ့ပြန်မည်ကို စဉ်းစားနေကြပြီ ဖြစ်သည်။ ပင်လယ်ကွေ့နိုင်ငံအချို့က အီရန်အတွင်းသို့ တိုက်ခိုက်မှုများတွင် ပါဝင်လာမည်ဆိုပါက ၎င်းသည် အီရန်က အာရပ်အိမ်နီးချင်းများနှင့် ပြန်လည်သင့်မြတ်ရေး အတွက် နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့မှုများကို ပြောင်းပြန်လှန်ပစ်မည့် ထူးခြားသော ဖြစ်ရပ်တစ်ခု ဖြစ်လာပါလိမ့်မည်။

မှတ်ချက် – ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီ (E3) တို့သည် တနင်္ဂနွေနေ့တွင် ပူးတွဲကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပြီး အီရန်မှ ဒုံးကျည်နှင့် ဒရုန်းများဖြင့် တိုက်ခိုက်ရာတွင် ၎င်းတို့လည်း ပစ်မှတ်ထဲတွင် ပါဝင်နိုင်ကြောင်း ပြောကြားခဲ့သည်။ ၎င်းသည် အီရန်ကို ဆန့်ကျင်မည့် မဟာမိတ်အဖွဲ့တစ်ခု ထွက်ပေါ်လာနိုင်သည့် လက္ခဏာဖြစ်သည်။

တနင်္ဂနွေနေ့ နှောင်းပိုင်းတွင် ပိုမိုကျယ်ပြန့်သော မဟာမိတ်အဖွဲ့ ဖွဲ့စည်းလာပုံရသည်။ E3 နောက်တွင် ပင်လယ်ကွေ့ ၅ နိုင်ငံနှင့် ဂျော်ဒန်တို့က အမေရိကန်နှင့်အတူ အီရန်ကို ရှုတ်ချခဲ့ပြီး အီရန်၏ တိုက်ခိုက်မှုများအပေါ် “မိမိကိုယ်ကိုယ် ခုခံပိုင်ခွင့်” ရှိကြောင်း အတည်ပြုခဲ့ကြသည်။

၆။ ရုရှားနှင့် တရုတ် — လောလောဆယ် ငြိမ်သက်နေခြင်း

အီရန်သည် သမိုင်းတစ်လျှောက် ရုရှား၊ တရုတ်တို့နှင့် ၎င်း၏ မဟာဗျူဟာမြောက် မဟာမိတ်ဖြစ်မှုကို ဂုဏ်ယူလေ့ရှိသည်။ ယူကရိန်းတွင် အသုံးပြုရန် ရုရှားသို့ ဒုံးကျည်နှင့် ဒရုန်းများ ထောက်ပံ့ခဲ့ပြီး ရုရှား၏ လေကြောင်းကာကွယ်ရေးစနစ်များကို အားကိုးခဲ့သည်။ ယခုအခါ ထိုစနစ်များ ပျက်စီးသွားပြီဖြစ်သလို ရုရှားအနေဖြင့်လည်း အစားထိုးပေးနိုင်စွမ်း မရှိတော့ပေ။ တရုတ်နိုင်ငံမှာမူ စျေးပေါသော အီရန်ရေနံ (အီရန်ရေနံ ၈၀ ရာခိုင်နှုန်းမှာ တရုတ်သို့သွားသည်) နှင့် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု အပေါ် မှီခိုနေရသည်။

မော်စကိုနှင့် ပေကျင်းတို့သည် ၎င်းတို့၏ မဟာမိတ် ခါမေနီ သေဆုံးပြီးနောက်တွင်ပင် စကားများများစားစား မပြောခဲ့ကြပေ။ တနင်္ဂနွေနေ့ နှောင်းပိုင်းတွင် ရုရှားနှင့် တရုတ် နိုင်ငံခြားရေးဝန်ကြီးများ ဖုန်းဖြင့် ဆွေးနွေးခဲ့ကြပြီး အမေရိကန်နှင့် အစ္စရေး၏ တိုက်ခိုက်မှု များကို နှုတ်ဖြင့် ရှုတ်ချခဲ့ကြသော်လည်း ထို့ထက်ပို၍ မလုပ်ဆောင်ခဲ့ကြပေ။ ထိုအခြေအနေမှာ ပြောင်းလဲရန် မရှိသလောက်ပင် ဖြစ်သည်။ အီရန်သည် အမေရိကန်နှင့် အစ္စရေးစုပေါင်းတိုက်ခိုက်မှုကို တစ်ဦးတည်း ရင်ဆိုင်၍ ရပ်တည်နေရသည်။

၇။ ကြီးမားသော အချိုးမညီသော တုံ့ပြန်မှု — မရှိသေးခြင်း

အီရန်၏ အချိုးမညီသော လက်နက်များဖြစ်သည့် ဆိုင်ဘာတိုက်ခိုက်မှု၊ လက်ဝေခံ လက်နက်ကိုင်များ၊ ရေကြောင်းနှောင့်ယှက်မှုများမှာ ယခုအချိန်အထိ ငြိမ်သက်နေပုံရသည်။ အီရန်အရာရှိများသည် ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်မည်ဆိုသည့် ခြိမ်းခြောက်မှုများမှ နောက်ဆုတ်သွားကြပြီး အမေရိကန်တပ်ဖွဲ့များကလည်း အီရန်ရေတပ်ကို ပစ်မှတ်ထား နေကြောင်း သိရသည်။ အီရန်၏ အဖိုးတန်ဆုံး လက်ဝေခံဖြစ်သည့် ဟစ်ဇ်ဘိုလာမှာလည်း အထိနာနေပြီဖြစ်ကာ အီရန်၏ မြောက်ဘက်နယ်စပ်တွင် ပါဝင်တိုက်ခိုက်ခြင်း မရှိသေးပေ။

အီရတ်ရှိ လက်နက်ကိုင်တပ်ဖွဲ့များသည် အာဘေး (Erbil) လေဆိပ်သို့ ဒရုန်းများဖြင့် ပစ်ခတ်ခဲ့သော်လည်း အီရတ်ခေါင်းဆောင်များသည် ၎င်းတို့နိုင်ငံကို စစ်ဘောင်ထဲ မပါဝင်အောင် ကြိုးပမ်းနေကြသည်။ သို့သော်လည်း လုပ်ဆောင်ချက် မရှိခြင်းမှာ ဖရိုဖရဲဖြစ်နေခြင်းကို ပြသခြင်း သို့မဟုတ် ပြင်ဆင်နေခြင်း ဖြစ်နိုင်သောကြောင့် ဤအချက်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။

၈။ စွမ်းအင်ဆိုင်ရာ ထိတ်လန့်မှု

အီရန် ပါဝင်ပတ်သက်နေသည့် မည်သည့် စစ်ပွဲမဆို ရေနံစျေးနှုန်းကို မြင့်တက်စေသည်—အထူးသဖြင့် ဟော်မုဇ်ရေလက်ကြားမှ ရေကြောင်းသွားလာမှုကို ခြိမ်းခြောက်ခံရလျှင် ပိုဆိုး သည်။ အီရန်က ရေလက်ကြားကို ပိတ်သည်ဖြစ်စေ၊ မပိတ်သည်ဖြစ်စေ ယင်းမှာ သေချာ ပေါက် ဖြစ်လာမည်ဖြစ်သည်။ တနင်္ဂနွေနေ့တွင် ဆော်ဒီအာရေဗျ ဦးဆောင်သော ရေနံ ထုတ်လုပ်သည့်နိုင်ငံများအဖွဲ့ (OPEC) က တစ်ရက်လျှင် ရေနံစိမ်းပမာဏ စည်ပေါင်း ၂ သိန်းကျော် တိုးမြှင့်ထုတ်လုပ်ရန် သဘောတူခဲ့သည်။ သို့သော်လည်း တနင်္ဂနွေနေ့ညနေတွင် စျေးကွက်များ ပြန်ဖွင့်ချိန်၌ ရေနံစျေးမှာ ၁၀ ရာခိုင်နှုန်း မြင့်တက်သွားခဲ့သည်။

ကုန်သည်များသည် လာမည့်ရက်များအတွင်း စျေးကွက်ကို အနီးကပ် စောင့်ကြည့်နေကြမည်ဖြစ်သည်။ စျေးနှုန်းမြင့်တက်လာခြင်းက စျေးနှုန်းများကို လျှော့ချလိုသည့် ထရန့်အပေါ် ပြည်တွင်း၌ ဖိအားဖြစ်စေလိမ့်မည်ဟု အီရန်က မျှော်လင့်နေမည်ဖြစ်သည်။

ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူဟောင်းက ဓာတ်ဆီဆိုင်များတွင် စျေးနှုန်းခုန်တက်နိုင်ကြောင်း ခန့်မှန်းထားသည်။

သို့သော်လည်း လွန်ခဲ့သော ဆယ်စုနှစ်များစွာက အရှေ့အလယ်ပိုင်း စွမ်းအင်အကျပ်အတည်း ဖြစ်ပွားခဲ့စဉ်ကနှင့်စာလျှင် ကမ္ဘာလုံးဆိုင်ရာ စျေးကွက်များသည် ပြောင်းလဲသွားပြီဖြစ်သည်။ အမေရိကန်သည် ယခုအခါ ကမ္ဘာပေါ်တွင် အကြီးမားဆုံး ရေနံထုတ်လုပ်သည့်နိုင်ငံဖြစ်လာပြီး အရှေ့အလယ်ပိုင်း တင်ပို့မှုကြောင့် ဖြစ်ပေါ်လာသည့် မည်သည့် ကမ္ဘာလုံးဆိုင်ရာ စျေးနှုန်း ရိုက်ခတ်မှု မဆို ခဏတာသာ ဖြစ်ဖွယ်ရှိသည်။

၉။ အရှိန်မြှင့်တင်နိုင်စွမ်း စိုးမိုးထားခြင်း — ရလဒ်ကို စိုးမိုးထားခြင်း မဟုတ်

စစ်ရေးအရ အမေရိကန်သည် လေကြောင်းအင်အား၊ ရေတပ်တိုက်ခိုက်ရေးအုပ်စုများ၊ ကမ္ဘာလုံးဆိုင်ရာ ထောက်လှမ်းရေး ကွန်ရက်နှင့် ထောက်ပံ့ပို့ဆောင်ရေး အင်အားတို့ဖြင့် သာလွန်ကောင်းမွန်သော အင်အားကို ပိုင်ဆိုင်ထားသည်။ အကယ်၍ အီရန်က ပဋိပက္ခကို အရှိန်မြှင့်ရန် ရွေးချယ်လာပါက အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်တစ်ဝန်းရှိ ပစ်မှတ် များစွာကို တိုက်ခိုက်ရန် ရွေးချယ်စရာများစွာ ရှိနေသည်။ ထိုသာလွန်မှုက အီရန်၏ တွက်ချက်မှုများကို ပုံဖော်ပေးနိုင်ပြီး ခေါင်းဆောင်မှု အကူးအပြောင်းတွင် ပိုမိုလက်တွေ့ ကျသော အသံများကို အားပေးနိုင်ဖွယ် ရှိသည်။

သို့သော် စစ်ရေးအရ အားသာချက်တစ်ခုတည်းဖြင့် နိုင်ငံရေးရလဒ်များကို မဖော်ဆောင် နိုင်ပေ။ ယခုအဆင့်တွင် အီရန်၏ ခေါင်းဆောင်သစ်များသည် တော်လှန်ရေးဝါဒနှင့် အနောက် အုပ်စုအပေါ် ရန်လိုသော သဘောထားကိုသာ ဆက်လက် ဆုပ်ကိုင်ထားဖွယ်ရှိသည်။

၁၀။ သဘာဝကျသော အဆုံးသတ် မရှိခြင်း

စစ်ပွဲများသည် တစ်ခါစတင်လိုက်သည်နှင့် အစပိုင်းတွင် ထည့်မတွက်ထားသော အကြောင်းရင်းများစွာနှင့်အတူ ၎င်း၏ အရှိန်အဟုန်အတိုင်း ရှေ့ဆက်သွားလေ့ရှိသည်။ ၄၈ နာရီအတွင်း၌ပင် ဤအခြေအနေက မည်သည့်နေရာသို့ ဦးတည်နေသည်ကို ခန့်မှန်းရန် မဖြစ်နိုင်ပေ။ ဝါရှင်တန်၏ အမြင်အရ ထူးကဲသော စစ်ရေးအောင်မြင်မှုများ ရရှိထားသော် လည်း အဓိက စိုးရိမ်ပူပန်မှုမှာ ဤစစ်ဆင်ရေးအတွက် ရှင်းလင်းသော လမ်းခွဲ သို့မဟုတ် သဘာဝကျသော အဆုံးသတ် မရှိခြင်းပင် ဖြစ်သည်။ လက်ကျန်အီရန်အစိုးရကို ဆန့်ကျင် သော ပြည်သူ့အုံကြွမှုများ ဖြစ်ပွားလာသည့် အကောင်းဆုံး အခြေအနေမျိုးတွင်ပင် အဆိုပါ အစိုးရလက်ကျန်များသည် ဆန္ဒပြပွဲများကို သေကျေစေနိုင်သော အင်အားသုံး၍ ထပ်မံနှိမ်နင်း ဖွယ် ရှိသည်။ ထိုသို့ နှိမ်နင်းမှုမျိုးကို တားဆီးရန် အမေရိကန်က လေကြောင်းအင်အားကို အသုံးပြုမည်လား ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်။ ထိုမေးခွန်းများကို ယခုပင် စဉ်းစားရမည်ဖြစ်သည်။

အနှစ်ချုပ် စစ်ဗျူဟာနှင့် စစ်နည်းဗျူဟာဆိုင်ရာ အားသာချက်များသည် ဤအခြေအနေက မည်သည့်နေရာသို့ ဦးတည်နေသည်ဆိုသော နက်နဲသည့် မရေရာမှုများနှင့်အတူ ယှဉ်တွဲ တည်ရှိ နေနိုင်သည်။ ၎င်းသည် ထရန့် လက်ခံရရှိနေသော အသားတင် အကဲဖြတ်ချက်ပင် ဖြစ်တန်ရာသည်။

တနင်္ဂနွေနေ့က အီရန်နိုင်ငံ တီဟီရန်မြို့တွင် လေကြောင်းတိုက်ခိုက်မှုတစ်ခုအပြီး မီးခိုးငွေ့များ တက်လာသည်ကို လူများက အိမ်ခေါင်မိုးပေါ်မှ ကြည့်ရှုနေကြစဉ်။ Vahid Salemi/AP(ပုံ)

တနင်္ဂနွေနေ့က တီဟီရန်တွင် အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ၏ ဝမ်းနည်းကြောင်း အထိမ်းအမှတ်အဖြစ် လူများ စုဝေးနေကြစဉ်။ Majid Asgaripour/WANA/Reuters ။(ပုံ)

တနင်္ဂနွေနေ့က တီဟီရန်တွင် အမျိုးသမီးတစ်ဦးသည် ခါမေနီ၏ ဓာတ်ပုံကို ကိုင်ဆောင်ထားစဉ်။ Majid Asgaripour/WANA/Reuters(ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ကူဝိတ်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အမေရိကန်စစ်ဘက်ဆိုင်ရာ လေယာဉ်အချို့ ပျက်ကျ

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် တိုက်လေယာဉ်များ ပျက်ကျခြင်း။ တနင်္လာနေ့တွင် အမေရိကန်စစ်ဘက်ဆိုင်ရာ လေယာဉ်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အပေါ် ထရန့်၏ တိုက်ခိုက်မှုတွင် တရုတ်နိုင်ငံသည် အကြီးမားဆုံး အရှုံးပေါ်မည့်သူ ဖြစ်လာနိုင်

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 14 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ၂ရက် နှစ်လမပြည့်မီသော အချိန်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ပေကျင်း၏ အရင်းနှီးဆုံး မဟာမိတ်နှစ်နိုင်ငံကို အရေးယူဆောင်ရွက်ခဲ့ပြီး ယင်းဖြစ်စဉ်တွင် တရုတ်၏
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ပင်လယ်ကွေ့ဒေသရှိ အမေရိကန်၏ မဟာမိတ်များ အီရန်၏ တိုက်ခိုက်မှုဒဏ်ကို အပြင်းအထန် ခံစားနေရ

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 20 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် အဘူဒါဘီမြို့၏ ကြည်လင်နေသော ကောင်းကင်ယံတွင် သဲရောင်ခြယ် ဗီလာအိမ်များနှင့် ရေလောင်းထားသော ဥယျာဉ်များ၏ အထက်တွင် အဖြူရောင် အခိုးအငွေ့တန်းများ ရှည်လျားစွာ ဖြစ်ပေါ်နေသည်။ ၎င်းတို့သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သမ္မတ ထရန့် ဝါရှင်တန်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ပြီး အီရန်နိုင်ငံနှင့် ပတ်သက်သည့် နောက်ဆုံးရသတင်းများကို ဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ (၂)ရက်နေ့ အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် သမ္မတ ဒေါ်နယ်ထရန့်သည် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ အီရန်နှင့် ပတ်သက်၍ သတင်းထောက်များ၏ အော်ဟစ်မေးမြန်းမှုများကိုမူ ၎င်းက
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်၏ အဓိပတိခေါင်းဆောင် အမေရိကန်-အစ္စရေး တိုက်ခိုက်မှုအတွင်း သေဆုံး

  • 2026 ခုနှစ်၊ မတ်လ 1 ရက်
  • 48 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁ ရက် အမေရိကန်နှင့် အစ္စရေးတို့၏ အကြီးအကျယ် တိုက်ခိုက်မှုအပြီးတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်အစိုးရ အပြောင်းအလဲလုပ်ရန် တောင်းဆိုလိုက်ပြီး၊ ယင်းတိုက်ခိုက်မှုကြောင့် အီရန်ဘက်မှလည်း မကြုံစဖူး တုံ့ပြန်တိုက်ခိုက်မှုများ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်ကအီရန်ကိုစတိုက်ပြီ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 27 Views
၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ရက် လတ်တလောသတင်းများ – အီရန်နိုင်ငံအတွင်းသို့ အမေရိကန်က ‘အရှိန်အဟုန်ပြင်းပြီး ဆက်တိုက်’ တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ထရန့်ပြောကြားခဲ့။ စနေနေ့ နံနက်အစောပိုင်းတွင် သမ္မတ ဒေါ်နယ်ထရန့်က The Washington Post သတင်းဌာနသို့
နိုင်ငံတကာသတင်း ပါကစ္စတန် အာဖဂန်နစ္စတန်

ပါကစ္စတန်က ကဘူးလ်မြို့ကို ဗုံးကြဲတိုက်ခိုက်၊ အာဖဂန်နစ္စတန် တာလီဘန်အစိုးရနှင့် ‘ထိပ်တိုက်စစ်ပွဲ’ ဆင်နွှဲနေပြီဟု ဆို

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 25 Views
AFP– ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ရက် အာဖဂန်နစ္စတန်ရှိ ကဘူးလ် အပါအဝင် အဓိကမြို့ကြီးများကို ပါကစ္စတန်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် အစ္စလာမ္မာဘတ် (ပါကစ္စတန်အစိုးရ) က အာဖဂန်နစ္စတန် တာလီဘန် အစိုးရအပေါ် “ထိပ်တိုက်စစ်ပွဲ” (Open War)
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်က အီရန်ကို တိုက်ခိုက်နိုင်ခြေရှိ နေပြီး တီဟီရန်က ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 41 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက် အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်ပြည်ထောင်စု၏ စစ်ရေးအင်အား တည်ဆောက်မှု သိသိသာသာ မြင့်တက်လာသည်နှင့်အမျှ၊ အီရန်နိုင်ငံသည်လည်း ၎င်း၏ နျူကလီးယား စခန်း များကို ခိုင်ခံ့အောင်ပြုလုပ်ခြင်းနှင့် ဒုံးကျည်ထုတ်လုပ်ရေးစက်ရုံများကို