CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက်
ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော ဖက်ဒရယ်ဂျူရီလူကြီးများ၏ ဆုံးဖြတ်ချက်ကို ပယ်ဖျက်ရန် ကြိုးပမ်းနေသည့် သမ္မတ ဒေါ်နယ်ထရမ့်နှင့် ပတ်သက်သော ပြင်းထန်သည့် အမှုတစ်ခုကို လက်ခံရရှိထားသည်။
သို့သော်လည်း တရားသူကြီးများ တံခါးပိတ်အစည်းအဝေး မပြုလုပ်မီ တစ်ရက်အလိုတွင် ထရမ့်၏ အမှုသည် မည်သည့်ရှင်းလင်းချက်မျှမရှိဘဲ ရုတ်တရက် ရုပ်သိမ်းခံခဲ့ရသည်။
ထိုအချိန်မှစ၍ ထရမ့်က နိုဝင်ဘာလတွင် စတင်လျှောက်ထားခဲ့သည့် နိုင်ငံရေးအရ ထိခိုက်လွယ်သော အဆိုပါ အယူခံမှုကို တရားရုံး၏ အစီအစဉ်တွင် ထည့်သွင်းခဲ့ပြီး ၁၅ ကြိမ်တိုင်တိုင် ရက်ရွှေ့ဆိုင်းခဲ့သည်။ CNN ၏ ဆန်းစစ်ချက်အရ လက်ရှိသက်တမ်းအတွင်း ယခုကဲ့သို့ မကြာခဏ ရက်ရွှေ့ဆိုင်းခြင်းခံရသည့် အမှုမှာ နောက်ထပ် တစ်ခုသာ ရှိသည်။
ထရမ့်က အယူခံဝင်ခဲ့သည့် လွန်ခဲ့သော ခုနစ်လကတည်းကပင် သမ္မတသည် Carroll နှင့် ပတ်သက်သည့် သီးခြား ဒေါ်လာ ၈၃ သန်းတန် အမှုတွင် ရှုံးနိမ့်ခဲ့ပြီး၊ တရားရေးဝန်ကြီးဌာန (Justice Department) ကလည်း အဆိုပါ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင်အပေါ် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ခုကို စတင်ခဲ့သည်။
နိုင်ငံ၏ အမြင့်ဆုံးတရားရုံးသည် ဆိုင်းငံ့ထားသော အယူခံများကို ၎င်းတို့ မည်သို့ကိုင်တွယ် သည်ဆိုခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားလေ့ မရှိသလောက်ဖြစ်ပြီး Carroll ၏ အမှုတွင်လည်း ထိုသို့ပင် ပြုလုပ်ခဲ့သည်။ ယခုကဲ့သို့ ကြန့်ကြာနေခြင်းမှာ တရားသူကြီးတစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသောသူများက အဆိုပါအမှုနှင့် ပတ်သက်၍ သဘောထားမှတ်ချက် ရေးသားနေခြင်းကြောင့် ဖြစ်နိုင်သည်။ သို့မဟုတ်ပါက မကြာမီ ရောက်ရှိလာတော့မည်ဟု မျှော်လင့်ရသည့် ထရမ့်နှင့် Carroll တို့၏ ပဋိပက္ခနှင့် ပတ်သက်သော အခြားအယူခံများကို တရားရုံးက စောင့်ဆိုင်းနေခြင်းလည်း ဖြစ်နိုင်သည်။
အကြောင်းရင်း မည်သို့ပင်ရှိစေကာမူ ဤကြန့်ကြာမှုသည် ထရမ့်အတွက် အကျိုးရှိစေခဲ့သည် – အကြောင်းမှာ လွန်ခဲ့သော သုံးနှစ်ကျော်က နယူးယောက်မြို့ရှိ ဂျူရီလူကြီးများက Carroll အား ပေးလျော်ရန် ဆုံးဖြတ်ခဲ့သည့် ဒေါ်လာ ၅ သန်း စီရင်ချက်ကို ရွှေ့ဆိုင်းပေးထားနိုင်ခဲ့ သောကြောင့် ဖြစ်သည်။
“ဒီနေရာမှာ ထူးဆန်းတာက တရားရုံးက Carroll ရဲ့ အမှုတွေထဲက တစ်ခုကို ၁၅ ကြိမ်တိုင်တိုင် ရက်ရွှေ့ဆိုင်းခဲ့တာတင် မဟုတ်ဘဲ၊ အဲဒီလို လုပ်ခဲ့ရတဲ့အတွက် ခိုင်လုံတဲ့ အကြောင်းပြချက် မရှိတာပဲ ဖြစ်ပါတယ်” ဟု ဂျော့ချ်တောင်း ဥပဒေကျောင်း (Georgetown School of Law) မှ စတိ့ဗ် ဗယ်ဒက်(Steve Vladeck) နှင့် CNN ၏ တရားရုံးချုပ် ဆန်းစစ်လေ့လာသူတို့က ပြောကြား ခဲ့သည်။
အဆိုပါ အမှုများသည် မတူညီသော ဥပဒေရေးရာ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနေရ သော်လည်း၊ တရားရုံးအနေဖြင့် မျှော်လင့်ထားသည့် အခြားအယူခံများကို စောင့်ဆိုင်း နေခြင်းသည် အကျိုးအကြောင်း အကိုက်ညီဆုံး ရှင်းလင်းချက်ဖြစ်ကြောင်း ဗယ်ဒက် (Vladeck) က ဆိုသည်။
“နောက်ထပ် ဖြစ်နိုင်တဲ့ တစ်ခုတည်းသော ရှင်းလင်းချက်ကတော့ သမ္မတ ထရမ့်အပေါ် တစ်စုံတစ်ရာ အထူးငဲ့ညှာမှုပေးခြင်းပဲ ဖြစ်ပါတယ် – ဒါပေမဲ့ အနည်းဆုံးတော့ ဒီအမှုဟာ သူရာထူးမှာ မရှိစဉ်က ပြုလုပ်ခဲ့တဲ့ အပြုအမူတွေနဲ့ သက်ဆိုင်နေတယ်ဆိုတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်” ဟု Vladeck က ပြောကြားခဲ့သည်။
Carroll သည် ၂၀၁၉ ခုနှစ်တွင် အသရေဖျက်မှုဖြင့် ထရမ့်ကို ပထမအကြိမ် တရားစွဲဆိုခဲ့ပြီး၊ ထို့နောက် လိင်ပိုင်းဆိုင်ရာ စော်ကားခံရသူများအနေဖြင့် အတိတ်က ဖြစ်ရပ်များအတွက် တရားမကြောင်းအရ တရားစွဲဆိုခွင့်ပြုသည့် ဥပဒေတစ်ခုကို ပြည်နယ်က ပြဋ္ဌာန်းပြီးနောက် ၂၀၂၂ ခုနှစ်တွင် အသရေဖျက်မှုနှင့် ကိုယ်ထိလက်ရောက် စော်ကားမှု (battery) တို့ဖြင့် ထရမ့်ကို ထပ်မံတရားစွဲဆိုခဲ့သည်။ ထူးခြားသော အလှည့်အပြောင်းအနေဖြင့် ၂၀၂၂ ခုနှစ်တွင် စွဲဆိုခဲ့သည့် ဒုတိယအမှုသည် ပထမဆုံး စစ်ဆေးခြင်းခံရပြီး ဂျူရီလူကြီးများက Carroll အား ဒေါ်လာ ၅ သန်း ပေးလျော်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုအမှုသည် လက်ရှိတွင် တရားရုံးချုပ်၌ ဆိုင်းငံ့ထားဆဲ ဖြစ်သည်။
၂၀၁၉ ခုနှစ် အမှုသည် ဒုတိယအကြိမ်မြောက်အဖြစ် စစ်ဆေးခြင်းခံရပြီး ထရမ့်အပေါ် ဒေါ်လာ ၈၃ သန်း လျော်ကြေးပေးရန် စီရင်ချက် ထွက်ပေါ်လာခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် စွဲဆိုခဲ့သည့် အဆိုပါ ပထမအမှုသည် လာမည့်ရက်ပိုင်းအတွင်း တရားရုံးချုပ်သို့ ရောက်ရှိလာလိမ့်မည်ဟု မျှော်လင့်ရသည်။
အတိုးနှုန်းများ အပါအဝင် ထရမ့်သည် Carroll အား ဒေါ်လာ သန်း ၁၀၀ ကျော် ပေးရန် အကြွေးတင်နေသည်။
Carroll ၏ ၂၀၂၂ ခုနှစ် တရားစွဲဆိုချက်တွင် ထရမ့်သည် ၁၉၉၀ ပြည့်လွန်နှစ်များ အလယ်ပိုင်းက နယူးယောက် ကုန်တိုက်တစ်ခုအတွင်း ၎င်းအား လိင်ပိုင်းဆိုင်ရာ စော်ကား ခဲ့ကြောင်းနှင့် စာအုပ်အရောင်းသွက်စေရန်အတွက် Carroll က ဤဇာတ်လမ်းကို လုပ်ကြံ ဖန်တီးခဲ့ခြင်းဖြစ်သည်ဟု ပြောကြားကာ ၎င်းအား အသရေဖျက်ခဲ့ကြောင်း စွပ်စွဲထားသည်။ အမှားအယွင်း ပြုလုပ်ခဲ့ခြင်းမရှိကြောင်း အကြိမ်ကြိမ် ငြင်းဆိုထားသည့် ထရမ့်က အဆိုပါ တရားမမှုကို ကြီးကြပ်ခဲ့သည့် ဖက်ဒရယ်ခရိုင် တရားသူကြီး လူးဝစ်ကက်ပလန်(Lewis Kaplan) အနေဖြင့် လွန်ခဲ့သော နှစ်ပေါင်းများစွာက ထရမ့်က ၎င်းတို့အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့သည်ဟု စွပ်စွဲထားသည့် အမျိုးသမီးနှစ်ဦး၏ ထွက်ဆိုချက်များကို ဂျူရီလူကြီးများ အား နားထောင်ခွင့်ပြုခြင်းဖြင့် အမှားအယွင်းများစွာ ပြုလုပ်ခဲ့သည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။
တရားသူကြီးအနေဖြင့် ဂျူရီလူကြီးများကို “Access Hollywood tape” ( ဟောလိဝုဒ် ရုပ်သံဖိုင်ကိုကြည့်ရှုနိုင်ခွင့်) ကို မပြသသင့်ကြောင်းလည်း ထရမ့်က ထုချေငြင်းဆိုခဲ့သည်။ အဆိုပါ ရုပ်သံဖိုင်သည် ၂၀၀၅ ခုနှစ်က ထရမ့် မသိလိုက်ဘဲ ပွင့်နေသည့် မိုက်ခရိုဖုန်းမှ တစ်ဆင့် ၎င်းက အမျိုးသမီးများကို အဓမ္မကိုင်တွယ်ခြင်းနှင့် နမ်းရှုပ်ခြင်းများ ပြုလုပ်ကြောင်း ပြောကြားခဲ့သည့် စကားများကို ဖမ်းယူရရှိခဲ့ခြင်း ဖြစ်သည်။
ထရမ့်က “မင်းလည်း သိတဲ့အတိုင်းပဲ၊ ငါက လှတဲ့သူတွေဆိုရင် အလိုလို ဆွဲဆောင်ခံရတာ။ ငါ ချက်ချင်း လိုက်နမ်းတော့တာပဲ။ သံလိုက်လိုပဲ။ နမ်းရုံသက်သက်ပဲ။ ငါ မစောင့်နိုင်ဘူး။ ပြီးတော့ မင်းက စူပါစတားတစ်ယောက် ဖြစ်နေရင် သူတို့က မင်းကို အလိုလို ခွင့်ပြုကြတာ။ မင်း ဘာမဆို လုပ်လို့ရတယ်၊ … သူတို့ရဲ့ အင်္ဂါစပ်(ပူစီ)ကို ကိုင်လည်းရတယ်။ မင်း ဘာမဆို လုပ်လို့ရတယ်” ဟု အသံသွင်းဖိုင်ထဲတွင် ပြောကြားခဲ့သည်ကို ကြားခဲ့ရသည်။
တရားသူကြီး ကပ်ပလန်က ထရမ့်သည် “အမှန်တကယ်ပင် အတိတ်ကာလက အမျိုးသမီး များ၏ သဘောတူညီချက်မရှိဘဲ ၎င်းတို့၏ မျိုးပွားအင်္ဂါကို ထိတွေ့ကိုင်တွယ်ခဲ့ခြင်း သို့မဟုတ် ထိုသို့ပြုလုပ်ရန် ကြိုးပမ်းခဲ့ခြင်း” ဟူသော ဖြစ်နိုင်ခြေကို ပိုမိုခိုင်မာစေသည့်အတွက် အဆိုပါ အသံသွင်းဖိုင်သည် ဂျူရီလူကြီးများ နားထောင်ရန် သက်ဆိုင်မှုရှိသည်ဟု ကောက်ချက်ချ ခဲ့သည်။
လွန်ခဲ့သည့်နှစ်တွင် အမေရိကန် ဒုတိယပတ်လမ်း အယူခံတရားရုံး (2nd US Circuit Court of Appeals) က အမှုစစ်တရားသူကြီးအနေဖြင့် အမှုသစ်ပြန်လည်စစ်ဆေးရန် လုံလောက်သော အမှားအယွင်းများ ပြုလုပ်ခဲ့ခြင်းမရှိကြောင်း ဆုံးဖြတ်ကာ ထရမ့်အပေါ် ချမှတ်ထားသည့် ဒေါ်လာ ၅ သန်း လျော်ကြေးပေးရမည်ဟူသော ဂျူရီလူကြီးများ၏ စီရင်ချက်ကို အတည်ပြု ခဲ့သည်။ ၂၀၂၅ ခုနှစ် ဇွန်လတွင် ထရမ့်သည် အဆိုပါအယူခံကို တရားကြီးအဖွဲ့အပြည့်အစုံဖြင့် ပြန်လည်သုံးသပ်ပေးရန် ကြိုးပမ်းမှု ရှုံးနိမ့်ခဲ့ပြီး၊ လအနည်းငယ်အကြာတွင် ၎င်းက တရားရုံးချုပ် (Supreme Court) သို့ ဆက်လက်အယူခံဝင်ခဲ့သည်။
“သမိုင်းဝင် သမ္မတသက်တမ်းကာလအတွင်း သမ္မတ ထရမ့်အနေနဲ့ ဆယ်စုနှစ်များစွာ ကြာပြီဖြစ်တဲ့ မမှန်ကန်တဲ့ စွပ်စွဲချက်တွေနဲ့ အခြေအမြစ်မရှိတဲ့ ဒီအမှုတစ်လျှောက်က မြောက်မြားစွာသော မမှန်ကန်မှုတွေကို ဆက်လက်တိုက်ဖျက်ဖို့အတွက် နိုင်ငံတော် အကြီးအကဲတစ်ယောက်ရဲ့ သီးသန့်နဲ့ ထူးခြားတဲ့ တာဝန်တွေကနေ အာရုံလွှဲပြောင်း နေရတာဟာ ကျွန်ုပ်တို့ သမ္မတနိုင်ငံရဲ့ ဖွဲ့စည်းပုံကို ကြီးမားစွာ ထိခိုက်ပျက်စီးစေပါတယ်” ဟု သမ္မတ၏ ရှေ့နေများက ဇန်နဝါရီလ တရားရုံးချုပ် တင်ပြချက်တွင် ပြောကြားခဲ့သည်။ “သမ္မတတစ်ဦးအပေါ် ယခုလို မတရားပြုမူမှုကို ခွင့်မပြုနိုင်ပါဘူး။”
အဆင့်မြင့်တရားရုံးအနေဖြင့် အဆိုပါအမှုကို ငြင်းပယ်ရန် တိုက်တွန်းရာတွင် Carroll ၏ ရှေ့နေများက ခရိုင်တရားရုံးသည် သက်သေအထောက်အထားများကို ကိုင်တွယ်ရာ၌ ၎င်း၏ စီရင်ပိုင်ခွင့်ဘောင်အတွင်းမှသာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုချေခဲ့သည်။
သက်သေခံဥပဒေ စည်းမျဉ်းများကို ကိုင်တွယ်ဖြေရှင်းသည့် တရားရုံးချုပ်ရှိ အလွန်နည်းပညာဆန်သော လျှောက်လဲချက်တွင် Carroll ၏ ရှေ့နေများသည် စီရင်ချက်ကို အတည်ပြုခဲ့သည့် ဒုတိယပတ်လမ်း တရားရုံး၏ ဆုံးဖြတ်ချက်အပေါ် အဓိက အာရုံစိုက် ခဲ့ကြသည်။
“တရားရုံးရဲ့ တာဝန်က မစ္စတာထရမ့်ဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတစ်ခုကို ကျူးလွန် ခဲ့တယ်ဆိုတာ ခိုင်လုံတဲ့ သက်သေအထောက်အထား အသာစီးရမှု (preponderance of the evidence) အရ ဂျူရီလူကြီးတွေအနေနဲ့ ကျိုးကြောင်းဆီလျော်စွာ ဆုံးဖြတ်နိုင်ခြင်း ရှိ၊ မရှိကို ဆုံးဖြတ်ရန်သာ ဖြစ်ပါတယ်” ဟု ဒီမိုကရက်တစ် သမ္မတများက ခန့်အပ်ခဲ့သည့် တရားသူကြီး သုံးဦးပါဝင်သော ဒုတိယပတ်လမ်း တရားရုံးခွဲက ကန့်ကွက်သူမရှိ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့သည်။ “အကယ်၍ ထိုသို့ ဆုံးဖြတ်နိုင်ပါက တရားရုံးတွင် သက်သေအထောက် အထားများကို လက်ခံရန် စီရင်ပိုင်ခွင့် အခွင့်အာဏာ ရှိပါသည်။”
အဆိုပါ စာဖြင့်ရေးသားထားသော လျှောက်လဲချက်များအားလုံးကို ဇန်နဝါရီလကုန်တွင် တရားရုံးချုပ်သို့ တင်ပြခဲ့ပြီးဖြစ်သည်။
ထိုအချိန်မှစ၍ ရက်ရွှေ့ဆိုင်းမှုများ စတင်ခဲ့ခြင်း ဖြစ်သည်။
အောက်တိုဘာလမှ ဇွန်လအထိ သက်တမ်းအတွင်း တရားရုံးချုပ် တရားသူကြီးများသည် ဆိုင်းငံ့ထားသော အယူခံများကို ခွင့်ပြုရန် သို့မဟုတ် ငြင်းပယ်ရန် ဆွေးနွေးရန် တစ်ပတ်လျှင် တစ်ကြိမ် တံခါးပိတ်အစည်းအဝေးများ ပြုလုပ်ကြသည်။ အမှုကို လက်ခံရန် တရားသူကြီး လေးဦး သဘောတူညီရန် လိုအပ်သည်။
သို့သော်လည်း အယူခံများကို မတူညီသော အကြောင်းပြချက်များစွာကြောင့် အစည်းအဝေးများစွာအထိ ရွှေ့ဆိုင်းထားလေ့ရှိသည်။ ဥပမာအားဖြင့် တရားသူကြီးချုပ် ဂျွန်ရိုဘတ်စ် (John Roberts) လက်ထက်တွင် တရားရုံးသည် အယူခံကို လက်ခံပြီး နှုတ်ဖြင့်လျှောက်လဲချက်များအတွက် ရက်မသတ်မှတ်မီ အနည်းဆုံး ဒုတိယအကြိမ် အစည်းအဝေးအထိ အယူခံကို ဆိုင်းငံ့ထားလေ့ရှိသည်။ ထို့ပြင် အချို့သောအမှုများကို မည်သည့်ရှင်းလင်းချက်မျှမရှိဘဲ ထပ်ခါတလဲလဲ စာရင်းသွင်းပြီး ငြင်းပယ်လေ့ရှိသည်။
တစ်ခါတစ်ရံတွင် အမှုများကို ငြင်းပယ်ရန် ဆုံးဖြတ်ချက်အပေါ် တရားသူကြီးတစ်ဦးအား ကန့်ကွက်ခွင့်ပြုရန်အတွက် ဆိုင်းငံ့ထားတတ်သည်။ တစ်ခါတစ်ရံတွင် တရားသူကြီးများသည် အလားတူအမှုတစ်ခု အောက်ခြေတရားရုံးများမှတစ်ဆင့် တက်လာသည်ကို စောင့်ဆိုင်း နေပုံ ရသည်။ အကြောင်းရင်းမှာ များသောအားဖြင့် မရေမရာ ဖြစ်နေတတ်သည်။
ပုံမှန်အားဖြင့် အမှုတစ်ခုကို ဆိုင်းငံ့ထားသောအခါ ၎င်းကို နောင်လာမည့် အစည်းအဝေးများအတွက် “ပြန်လည်စာရင်းသွင်းခြင်း” (relisted) ပြုလုပ်သည်။ ဥပမာအားဖြင့် တရားရုံးချုပ်သည် ဒီဇင်ဘာလကတည်းက တိုက်ခိုက်ရေးသုံး လက်နက်များနှင့် ပမာဏမြင့် ကျည်အိမ်များအပေါ် ဒေသန္တရ ပိတ်ပင်မှုများနှင့် ပတ်သက်သော မြောက်မြားစွာသော အယူခံများကို ပြန်လည်စာရင်းသွင်းခဲ့သည်။
သို့သော် Carroll နှင့် ပတ်သက်သည့် အမှုတွင် ကွဲပြားခြားနားသောအချက်မှာ သမ္မတ၏ အယူခံသည် “ရက်ရွှေ့ဆိုင်းခြင်း” (rescheduled) ခံနေရခြင်း ဖြစ်သည်။ ၎င်းသည် အဆိုပါအမှုကို လုံးဝ ဆွေးနွေးခြင်းမရှိသေးကြောင်း – အနည်းဆုံးတော့ တရားဝင် ဆွေးနွေးခြင်းမရှိကြောင်း ဖော်ပြနေသည်။
လွန်ခဲ့သည့်နှစ်တွင် တရားရုံးသည် အမေရိကန်လူမျိုးစုနယ်မြေများပေါ်ရှိ ရာဇဝတ်မှုများကို တရားစွဲဆိုရန် ဖက်ဒရယ်အစိုးရ၏ ကျယ်ပြန့်သော အာဏာနှင့် ပတ်သက်သည့် အမှုတစ်ခုကို ၁၇ ကြိမ်တိုင်တိုင် ရက်ရွှေ့ဆိုင်းခဲ့ပြီး ၎င်း၏ နွေရာသီကျောင်းပိတ်ရက်အထိ ဆိုင်းငံ့ထား ခဲ့သည်။ နောက်ဆုံးတွင် အဆိုပါ လျှောက်ထားချက်ကို ငြင်းပယ်ခဲ့သည်။
Carroll ၏ အယူခံကဲ့သို့ အကြိမ်မြောက်မြားစွာ ရက်ရွှေ့ဆိုင်းခြင်းခံရသည့် အခြားအမှု တစ်ခုသာ ရှိသည်။ အိုဟိုင်းယိုးပြည်နယ်ရှိ အိုးအိမ်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ရဲအရာရှိ တစ်ဦးက သေနတ်တစ်ဖက်နှင့် ထွက်ပြေးသွားသော သံသယရှိသူအား ပစ်ခတ်သတ်ဖြတ် ခဲ့သည့် အမှုဖြစ်ပြီး ၎င်းကိုလည်း ၁၅ ကြိမ်တိုင်တိုင် ရက်ရွှေ့ဆိုင်းခဲ့သည်။
တရားရုံးချုပ်၏ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးရန် တောင်းဆိုချက်ကို တုံ့ပြန်ခြင်းမရှိပေ။
Carroll ၏ ရှေ့နေများက မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ ထရမ့်၏ ဥပဒေရေးရာအဖွဲ့က Carroll ၏ စွပ်စွဲချက်များကို “မမှန်ကန်ကြောင်း” နှင့် “လစ်ဘရယ်များ၏ ဥပဒေကို အသုံးချ၍ စစ်မက်ပြုခြင်း” (Liberal Lawfare) ဟု ဖော်ပြထားသည့် ယခင်မှတ်ချက်ကိုသာ ရည်ညွှန်း ခဲ့သည်။
အမှုသည် တရားရုံးချုပ်၏ အစီအစဉ်သို့ ရောက်ရှိလာပြီးကတည်းက ထရမ့်နှင့် Carroll တို့ကြား ဥပဒေကြောင်းအရ အငြင်းပွားမှုများတွင် အပြောင်းအလဲများစွာ ရှိခဲ့သည်။ တရားရေးဝန်ကြီးဌာနသည် ဆိုင်းငံ့ထားသော အယူခံနှင့် ဆက်စပ်နေသည့် ထွက်ဆိုချက်တွင် Carroll အနေဖြင့် မဟုတ်မမှန် သက်သေခံမှု (perjury) ကျူးလွန်ခဲ့ခြင်း ရှိ၊ မရှိအပေါ် အဓိကထား၍ ပြီးခဲ့သည့်လက ၎င်းအပေါ် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ခုကို စတင်ခဲ့သည်။
တစ်ချိန်တည်းမှာပင် ထရမ့်နှင့် Carroll တို့ ပါဝင်သည့် ဒုတိယအမှုတစ်ခုလည်း ရောက်ရှိလာတော့မည့်ပုံပေါ်သည်။
Carroll သည် ၂၀၁၉ ခုနှစ်က ၎င်းအပေါ် ထရမ့် ပြောကြားခဲ့သည့် ထွက်ဆိုချက်များနှင့် ပတ်သက်၍ ထရမ့်ကို ထပ်မံတရားစွဲဆိုခဲ့သည်။ နယူးယောက်မြို့ရှိ ဂျူရီလူကြီးများက ထိုပြောကြားချက်များသည် အသရေဖျက်မှုဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပြီး ထရမ့်အား လျော်ကြေးငွေ ဒေါ်လာ ၈၃ သန်း ပေးရန် အမိန့်ချမှတ်ခဲ့သည်။
ဖက်ဒရယ်အယူခံတရားရုံးအဖွဲ့က အဆိုပါ လျော်ကြေးငွေ ပမာဏသည် “ထူးခြားဆန်းပြားပြီး အလွန်ဆိုးရွားသော ဖြစ်ရပ်များကြောင့် ကျိုးကြောင်းဆီလျော်မှုရှိကြောင်း” ဆုံးဖြတ်ကာ လျော်ကြေးငွေ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပြီး ထရမ့်၏ ဥပဒေကြောင်းအရ စိန်ခေါ်မှု အချို့ကို ပယ်ချခဲ့သည်။ ၎င်းတို့အနက် အယူခံတရားရုံးက ထရမ့်သည် သမ္မတ၏ ကင်းလွတ်ခွင့် (presidential immunity) စွပ်စွဲချက်ကို ယခင်ကတည်းက စွန့်လွှတ်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့ပြီး ၂၀၂၄ ခုနှစ်က သမ္မတ၏ ကင်းလွတ်ခွင့်နှင့် ပတ်သက်သည့် တရားရုံးချုပ်၏ ဆုံးဖြတ်ချက်သည် ၎င်းတို့၏ အမြင်ကို ပြောင်းလဲစေခြင်းမရှိကြောင်း ပြောကြားခဲ့သည်။
ဒုတိယအမေရိကန်ပတ်လမ်း အယူခံတရားရုံးအဖွဲ့တစ်ခုလုံးသည် ဧပြီလနှောင်းပိုင်းတွင် ထိုဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ရန် ငြင်းပယ်ခဲ့သည်။
တရားရုံးချုပ်တွင် ဆိုင်းငံ့ထားဆဲဖြစ်သော Carroll ၏ အမှုနှင့် ပတ်သက်သည့် ထူးခြားသော ပေးစာတစ်စောင်တွင် ထရမ့်၏ ရှေ့နေများက “လာမည့်လအတွင်း” ဒုတိယအမှုကို တရားရုံးချုပ်သို့ အယူခံဝင်ရန် ရည်ရွယ်ထားကြောင်း ဇွန် ၂ ရက်တွင် ရေးသားခဲ့သည်။

သမ္မတ ဒေါ်နယ်ထရမ့်သည် ၁၉၉၆ ခုနှစ်က ၎င်းအား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့မှုနှင့် အသရေဖျက်မှုတို့ဖြင့် စာရေးဆရာမ E. Jean Carroll ၏ တရားစွဲဆိုခြင်းကို ခံထားရသည်။ တရားရုံးချုပ်သည် အဆိုပါအမှုများအနက် တစ်ခုကို ၁၅ ကြိမ်တိုင်တိုင် ရက်ရွှေ့ဆိုင်းခဲ့သည်။ (ဓာတ်ပုံ – Pool/Spencer Platt/Getty Images)

(ဓာတ်ပုံ – E. Jean Carroll သည် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၆ ရက်က နယူးယောက်မြို့ရှိ တရားရုံးမှ ထွက်ခွာလာစဉ်။ ထရမ့်က Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့သည်ဟူသော ဂျူရီလူကြီးများ၏ ဆုံးဖြတ်ချက်ကို ပယ်ဖျက်ရန် ထရမ့်၏ ရှေ့နေများက ကြိုးပမ်းနေစဉ် နှစ်ဖက်စလုံး ယနေ့ တရားရုံး၌ ရင်ဆိုင်ခဲ့ကြသည်။ Alex Kent/Getty Images)

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၆ ရက်က ဒေါ်နယ်ထရမ့်အပေါ် စွဲဆိုထားသည့် တရားမကြောင်းအရ အသရေဖျက်မှု အမှုစစ်ဆေးခြင်း ပြီးဆုံးပြီးနောက် E. Jean Carroll သည် နယူးယောက်မြို့ရှိ မန်ဟက်တန် ဖက်ဒရယ်တရားရုံးမှ ထွက်ခွာလာစဉ်။ (ဓာတ်ပုံ – Michael M. Santiago/Getty Images/File)







