CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၄ ရက်
ဟောင်ကောင်/ပေကျင်း။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ပေကျင်း၏ အရင်းနှီးဆုံး မဟာမိတ်နှစ်ဦးဖြစ်သည့် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို နှင့် အီရန်အမြင့်ဆုံး ခေါင်းဆောင် အလီခါမေနီ တို့ကို ဆက်တိုက်ဆိုသလို ဖယ်ရှားရှင်းလင်းခဲ့သည်။
မာဒူရိုသည် ကာရာကပ်စ်မြို့မှ အမေရိကန် အထူးတပ်ဖွဲ့များ၏ တစ်ညတာ အံ့ဖွယ်စီးနင်း ဖမ်းဆီးမှုအပြီးတွင် ယခုအခါ နယူးယောက်ရှိ ချုပ်နှောင်ရေးစခန်းတစ်ခု၌ ခြေကျဉ်းခတ် ခံထားရပြီဖြစ်သည်။ ခါမေနီမှာမူ အစ္စရေးနှင့် အမေရိကန်တို့ ပူးပေါင်းလုပ်ဆောင်သည့် ရဲရင့်သော နေ့ခင်းကြောင်တောင် ဗုံးကြဲတိုက်ခိုက်မှုအတွင်း တီဟီရန်မြို့လယ်ခေါင်၌ပင် သေဆုံးသွားခဲ့သည်။
ဤဖြစ်ရပ်များအပြီးတွင် တရုတ်နိုင်ငံက ဒေါသတကြီး တုံ့ပြန်ခဲ့ပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု၏ ခေါင်းဆောင်ကို ဖမ်းဆီးခြင်း သို့မဟုတ် သတ်ဖြတ်ခြင်းနှင့် အမေရိကန်၏ အစိုးရအပြောင်းအလဲလုပ်ရန် ကြိုးပမ်းမှုများကို ပြင်းထန်စွာ ရှုံ့ချခဲ့သည်။ သို့သော်လည်း ပေကျင်းသည် ၎င်း၏ ပထဝီနိုင်ငံရေးပြိုင်ဘက် (အမေရိကန်) က နိုင်ငံတကာဆက်ဆံရေး စည်းမျဉ်းများကို ရိုက်ချိုးဖျက်ဆီးနေသည်ကို ဘေးမှရပ်ကြည့်နေရုံထက် ဘာမှပို မလုပ်နိုင်ခဲ့ပေ။
တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်အတွက်မူ လက်တွေ့ကျသော အကျိုးစီးပွား (Hard-nosed pragmatism) ကသာ အဓိကဖြစ်နေသည်။
အီရန်အရေးသည် ရှီကျင့်ဖျင်၏ ထိပ်တန်းဦးစားပေးစာရင်းတွင် မပါဝင်ဘဲ၊ ယခုလနှောင်းပိုင်း ပေကျင်းတွင် ထရန့်နှင့် ပြုလုပ်မည့် ထိပ်သီးအစည်းအဝေးအတွက် အမေရိကန်-တရုတ် ဆက်ဆံရေး တည်ငြိမ်မှုကသာ ပို၍အရေးကြီးနေသည်။ ထို့အပြင် ဝါရှင်တန်၏ အာရုံစိုက်မှု နှင့် စစ်ရေးအရင်းအမြစ်များ အင်ဒို-ပစိဖိတ်ဒေသမှ အဝေးသို့ လွင့်စင်သွားသည်ကို တရုတ်က ဝမ်းမြောက်နေနိုင်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။
“ တရုတ်ဆိုတာ အခြေအနေကောင်းမှ ပေါင်းတဲ့သူငယ်ချင်းမျိုးပါ၊ စကားလုံးတွေကသာ ရှည်လျားပြီး စွန့်စားရမယ့်ကိစ္စဆိုရင်တော့ နောက်ဆုတ်တတ်ကြတယ်” ဟု ဝါရှင်တန် အခြေစိုက်ဒီမိုကရေစီကာကွယ်ရေးအဖွဲ့အစည်း(Foundation for Defense of Democracies) မှ ဒါရိုက်တာ ခရက်ခ် စင်ဂယ်တန်(Craig Singleton) က ပြောသည်။ “ ပေကျင်းက ကုလသမဂ္ဂမှာတော့ အသံကျယ်ကျယ်နဲ့ ပြောပါလိမ့်မယ်၊ ဒါပေမဲ့ တီဟီရန်အတွက် သိသာထင်ရှားတဲ့ ကူညီပံ့ပိုးမှုမျိုးကိုတော့ ရှောင်ရှားပါလိမ့်မယ်။”
ပေကျင်းသည် အီရန်ရေနံကို အများဆုံးဝယ်ယူသူ ဖြစ်သော်လည်း အီရန်၏ မဟာဗျူဟာ မြောက် အရေးပါမှုမှာ လူအများထင်ထားသည်ထက် များစွာနည်းပါးပါသည်။ နှစ်နိုင်ငံကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုမှာ ကန့်သတ်ချက်ရှိနေဆဲဖြစ်ပြီး၊ ပေကျင်းသည် အရှေ့အလယ်ပိုင်းတွင် အားလုံးနှင့်မျှတအောင် ဆက်ဆံလိုသောကြောင့် ပင်လယ်ကွေ့ နိုင်ငံများနှင့် ကုန်သွယ်မှုက အီရန်ထက်ပင် ပိုမိုများပြားနေပါသည်။
“ အီရန်အရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တင်းမာမှုတိုးလုပ်ဖို့ တရုတ်က ဘာအကျိုးအမြတ် မှ မမြင်ဘူး” ဟု နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့(International Crisis Group) မှ ဝီလီယံယမ်း(William Yang) က သုံးသပ်သည်။ “ သူတို့အတွက်က အမေရိကန်နဲ့ ကုန်သွယ်ရေးဆိုင်ရာ ပြေလည်မှုနဲ့ အလုံးစုံတည်ငြိမ်ရေးက ပိုအရေးကြီးတယ်၊ ဒါကြောင့် ပြီးခဲ့တဲ့နှစ်အတွင်း ထရန့်အစိုးရနဲ့ တည်ဆောက်ထားတဲ့ ကောင်းမွန်တဲ့ အလားအလာတွေကို အပျက်စီးမခံချင်ကြဘူး။”
ပေကျင်း၏ တွက်ချက်မှုများ
တရုတ်သည် အီရန်အတွက် သံတမန်ရေးနှင့် စီးပွားရေးအရ အရေးပါဆုံးသော ထောက်တိုင် ဖြစ်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ အီရန်အပေါ် အမေရိကန်၏ တစ်ဖက်သတ် ပိတ်ဆို့မှုများကို ရှုံ့ချခြင်း၊ အီရန်၏ နျူကလီးယားအစီအစဉ်မှာ ငြိမ်းချမ်းရေးအတွက်သာဖြစ်သည်ဟု ကာကွယ်ပေးခြင်းတို့ လုပ်ဆောင်ခဲ့သည်။
သို့သော်လည်း တရုတ်သည် ၎င်း၏ မိတ်ဖက်နိုင်ငံများ၏ ပဋိပက္ခများတွင် တိုက်ရိုက်ပါဝင် ပတ်သက်ခြင်းကို အမြဲတစေ ရှောင်လွှဲခဲ့သည်။ အရှေ့အလယ်ပိုင်း လုံခြုံရေးကိစ္စများတွင် မိမိတို့၏ အကျိုးစီးပွားကို ကာကွယ်ရုံထက်ပိုပြီး ပါဝင်ပတ်သက်လိုစိတ် မရှိကြပေ။
“ တရုတ်ဟာ တောင်ကမ္ဘာ့(Global South) နိုင်ငံတွေအတွက် လုံခြုံရေး အာမခံချက်ပေးသူ အဖြစ် ကိုယ့်ကိုယ်ကိုယ် ပုံဖော်ဖို့ ရှောင်လွှဲနေခဲ့တာ ကြာပါပြီ။ အာဖဂန်နစ္စတန်နဲ့ အီရတ်မှာ အမေရိကန် ပါဝင်ပတ်သက်ခဲ့တဲ့ သာဓကတွေက ပေကျင်းအတွက် သင်ခန်းစာ ဖြစ်နေ ပါတယ်” ဟု ယမ်း(Yang) က ဆိုသည်။
စင်ကာပူ အမျိုးသားတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပညာရှင် ဂျာအိုင်ယန်ချောင်း(Ja Ian Chong) ကလည်း “ အီရန်ဟာ တရုတ်ရဲ့ ကာလရှည် မိတ်ဖက်ဖြစ်ပေမဲ့ အဝေးကြီးမှာ ရှိနေတာပါ၊ တရုတ်ရဲ့ တည်ရှိမှုအတွက်တော့ မရှိမဖြစ် အရေးကြီးတဲ့ အဆင့်မျိုး မဟုတ်ပါဘူး” ဟု သုံးသပ်ခဲ့သည်။
ကာလတို ရိုက်ခတ်မှုများ
အီရန်ရေနံတင်ပို့မှု၏ ၉၀ ရာခိုင်နှုန်းကျော်မှာ တရုတ်သို့ ရောက်ရှိနေခြင်းကြောင့် ကာလတို အတွင်း စွမ်းအင်ကဏ္ဍတွင် အခက်အခဲအချို့ ရှိနိုင်ပါသည်။ သို့သော်လည်း တရုတ်သည် နှစ်ပေါင်းများစွာကတည်းက ရေနံရရှိရာလမ်းကြောင်းများကို ဖြန့်ကြက်ထားပြီး ဖြစ်သဖြင့် ယခုသက်ရောက်မှုကို ထိန်းညှိနိုင်လိမ့်မည်ဟု ကျွမ်းကျင်သူများက ယူဆကြသည်။
ပေကျင်းအတွက် ပိုမိုခေါင်းခဲစရာမှာ ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) ပိတ်ဆို့ သွားနိုင်ခြင်း ဖြစ်သည်။ ၎င်းရေလက်ကြားသည် ဆော်ဒီအာရေးဗီးယားနှင့် ကူဝိတ်တို့မှ ရေနံများ တင်ပို့ရာ အဓိက လမ်းကြောင်းဖြစ်ပြီး၊ တရုတ်၏ ရေနံလိုအပ်ချက် စုစုပေါင်း၏ သုံးပုံတစ်ပုံမှာ ဤနေရာကို ဖြတ်သန်းလာရခြင်း ဖြစ်သည်။
သို့သော်လည်း တရုတ်သည် နှစ်ရှည်လများ ရေနံသိုလှောင်ထားမှု (Stockpiling) ကြောင့် ရက်ပေါင်း ၁၁၅ ရက်စာခန့် အရန်သင့်ရှိနေပြီး ချက်ချင်းလက်ငင်း ရိုက်ခတ်မှုများမှ ကာကွယ်နိုင်မည်ဖြစ်သည်။
အမေရိကန်အတွက် အစားထိုးစရာ
တရုတ်သည် အီရန်အရေးတွင် အမေရိကန်၏ စစ်ရေးအရ ပါဝင်စွက်ဖက်မှုကို အခွင့်ကောင်း ယူပြီး “ ဝါရှင်တန်သည် ဗိုလ်ကျစိုးမိုးသူဖြစ်ပြီး ပေကျင်းသည်သာ သူတစ်ပါးအရေး ဝင်မစွက် ဖက်သော မူဝါဒကို ကျင့်သုံးသူဖြစ်သည်” ဟု တောင်ကမ္ဘာ့ဘက်ခြမ်းနိုင်ငံများ (Global South) အား ဝါဒဖြန့်ရန် ကြိုးပမ်းနိုင်ပါသည်။
“ ဒါက တရုတ်ကို ပိုပြီး လိုက်လျောညီထွေရှိစေတယ်၊ မဟာဗျူဟာအရ ဝန်ထုတ်ဝန်ပိုး ဖြစ်တာကို လျှော့ချပေးပြီး မဟာမိတ်တွေရဲ့ လုံခြုံရေးအတွက် ကုန်ကျမယ့် စရိတ်စက တွေကို ရှောင်ရှားနိုင်စေတယ်” ဟု ပေကျင်းအခြေစိုက် Center for China and Globalization မှ ဇီချန် ဝမ်(Zichen Wang) က ဆိုသည်။ “ ဒါပေမဲ့ ဒီလို ဘာမှမလုပ်ဘဲ ငြိမ်နေတာဟာ ထရန့်ရဲ့ စွန့်စားလွန်းတဲ့ လုပ်ရပ်တွေကို ပိုပြီး အတင့်ရဲလာစေနိုင်တယ်” ဟုလည်း ၎င်းက သတိပေး ခဲ့ပါသည်။

နီကိုလတ်စ် မာဒူရို၊ ရှီကျင့်ဖျင် နှင့် အလီ ခါမေနီ။ AP/Getty Images/Reuters (ပုံ)

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ချင်းတောင်မြို့ရှိ ချင်းတောင်ဆိပ်ကမ်း ရေနံစိမ်းဆိပ်ကမ်းတွင် ရေနံတင်သင်္ဘောတစ်စင်း ဆိုက်ကပ်ပြီး တင်သွင်းလာသော ရေနံစိမ်းများကို ချနေစဉ်။ CFOTO/Future Publishing/Getty Images(ပုံ)

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့တွင် ပေကျင်းမြို့ တီယန်နန်မင်ရင်ပြင်၌ စစ်ရေးပြအခမ်းအနားမတိုင်မီ တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့နှင့်အတူ ဧည့်သည်တော်များနှင့်အတူ။ Alexander Kazakov/AFP/Getty Images(ပုံ)

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့တွင် ကျင်းပသော အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးအစည်းအဝေး၏ ဘေးထွက်အစည်းအဝေးတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့ တွေ့ဆုံခဲ့ကြသည်။ (ဓာတ်ပုံ Hockstein/Reuters)

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့တွင် တရုတ်နိုင်ငံ၊ နင်ဘိုအနီးရှိ China Petroleum & Chemical Corp. (Sinopec) စက်ရုံရှိ ရေနံသိုလှောင်ကန်များ။ Qilai Shen/Bloomberg/Getty Images(ပုံ)







