TNLA ဟာ ပြဿနာကို မဖြေရှင်းလိုတာကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲပြဿနာတွေကို တာဝန်ယူရမယ်လို ကိုးကန့်တပ်ပြော
မတ်လ (၁၄)ရက်။
မဟာမိတ်တိုင်းရင်းသားညီနောင်အကြား ပြဿနာတွေကို တွေ့ဆုံဆွေးနွေးညှိနှိင်းပြီး အဖြေရှာသွားမယ်လို TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ကွတ်ခိုင်မြိုမှာ MNDAA နဲ့ တိုက်ပွဲဖြစ်ပွားပြီးနောက် TNLA ဘက်က ထုတ်ပြန်တာမှာတော့ ပြန်လည်ပစ်ခတ်ခဲ့တာမရှိဘဲ ခုခံကာကွယ်တာသာ ဆောင်ရွက်ခဲ့တယ်လို ဆိုပါတယ်။
TNLA အနေနဲ့ ကွတ်ခိုင်မြိုမှာ MNDAA က မြိုအနှံ CCTV တွေ တပ်ဆင်တာကို လိုက်လံဖြုတ်သိမ်းခဲ့တဲ့ ဖြစ်စဉ်သာ ရှိခဲ့ပြီး အဲ့ဒီပစ္စည်းတွေကို MNDAA ထံ ပြန်လည်အပ်နှံခဲ့တယ်လို ဖော်ပြထားပါတယ်။
အဲ့ဒီနောက်ပိုင်းမှာလဲ TNLA က ဘယ်လိုလှုပ်ရှားမှုမျိုးမှ မလုပ်တော့သလို အောက်ခြေအဆင့်တွေကို ကိုးကန့်တပ်ကို ထိခိုက်စေမယ့် လှုပ်ရှားတာတွေ မပြုလုပ်ဖို ညွှန်ကြားခဲ့ကာ တပ်ဖွဲဝင်တွေလဲ လိုက်နာခဲ့တယ်လို ရေးသားထားပါတယ်။
ဒါပေမယ့် ကိုးကန့်တပ်ကသာ ကွတ်ခိုင်-သိန္နီအစပ်ရှိ TNLA တပ်ဖွဲဝင်တွေနဲ့ မိုင်းယော်ဒေသရှိ တပ်ဖွဲဝင် (၆၇)ဦးကို ရိုက်နှင်ဖမ်းဆီးတာနဲ့ လက်နက် (၅၃)လက်တိုကို သိမ်းဆည်းတာတွေ ပြုလုပ်ခဲ့တယ်လို ထုတ်ပြန်ထားပါတယ်။
TNLA ဟာ အခုဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို မိတ်ဖက်ပြဿနာလိုသာ သတ်မှတ်ဖြေရှင်းထားတဲ့အတွက် မဟာမိတ်အဖွဲက ထိုးစစ်ဆင်တိုက်ခိုက်လာပေမယ့် ပြန်လည်ပစ်ခတ်တာ မလုပ်ခဲ့ဘူးလို ထည့်သွင်းပြောဆိုထားပါတယ်။
ကွတ်ခိုင်တိုက်ပွဲနဲ့ပတ်သက်ပြီး ကိုးကန့်တက်ဘက်ကတော့ TNLA ဟာ သိန္နီခရိုင်ထဲ တပ်ဖွဲတွေ စေလွှတ်ပြီး ထိန်းချုပ်နယ်မြေတွေ သိမ်းပိုက်ဖို ရည်ရွယ်ခဲ့တာလို ထုတ်ပြန်ထားပါတယ်။
နောက်ပြီး ခရိုင်အုပ်ချုပ်ရေးဌာနတွေကို စီးနင်းတိုက်ခိုက်တာ၊ တပ်သားသစ် အဓမ္မစုဆောင်းတာ၊ လူမျိုးရေးပဋိပက္ခဖြစ်အောင် လုပ်ဆောင်တာတွေကြောင့် ခဲခဲရင်းရင်း ကြိုးပမ်းဖော်ဆောင်ခဲ့တဲ့ နိုင်ငံရေးအခြေအနေတွေ ပျက်စီးခဲ့ရတယ်လို ဆိုပါတယ်။
ဒါ့အပြင် နှစ်ဦးနှစ်ဖက်ရဲ့ ညီနောင်မဟာမိတ်ဆက်ဆံရေးလဲ လွန်စွာထိခိုက်ခဲ့ရသလို အရေးအခင်းဖြစ်ပြီး တလကျော်ကာလထဲ TNLA ဟာ ပြဿနာကို ဖြေရှင်းလိုတဲ့ ဆန္ဒမရှိခဲ့ဘူးလို ကိုးကန့်တပ်က ပြောဆိုထားပါတယ်။
ဒါ့ကြောင့် ဖြစ်စဉ်ပေါ်ပေါက်လာတဲ့ နောက်ဆက်တွဲပြဿနာတွေကို TNLA က အပြည့်အဝ တာဝန်ယူရမှာဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်ခံရတာတွေ ဖြစ်လာရင် အစွမ်းကုန် ခုခံကာကွယ်သွားမယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။








