CNN- ၂၀၂၆ခုနှစ်၊ မတ်လ (၂၂)ရက်
အမေရိကန်က လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဗုံးကြဲပါက ဟော်မုဇ်ရေလက်ကြားကို ‘အပြီးတိုင် ပိတ်ပစ်မည်’ ဟု အီရန်စစ်တပ် ပြောကြားတုံ့ပြန်လိုက်သည်။
အစ္စရေးတောင်ပိုင်းရှိ မြို့များသို့ အီရန်၏ တိုက်ခိုက်မှုများကြောင့် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။
အီရန် လက်နက်ကိုင်တပ်ဖွဲ့များ ဌာနချုပ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အနေဖြင့် အီရန်၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဗုံးကြဲမည်ဟူသော ခြိမ်းခြောက်မှုကို အကောင်အထည်ဖော်ပါက ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို အကန့်အသတ် မရှိ ပိတ်ပစ်ရန် အသင့်ရှိကြောင်း ကြေညာလိုက်သည်။
တနင်္ဂနွေနေ့က ထွက်ပေါ်လာသော ၎င်းတို့၏ ထုတ်ပြန်ချက်သည် နိုင်ငံ၏ လျှပ်စစ်စွမ်းအင် ကဏ္ဍအပေါ် မည်သည့်တိုက်ခိုက်မှုမျိုးကိုမဆို လက်တုံ့ပြန်သွားမည်ဟု တီဟီရန် (Tehran) မှ နောက်ဆုံး ထုတ်ပြန်လိုက်သော သတိပေးချက်ဖြစ်သည်။
ဟော်မုဇ်ရေလက်ကြားကို ၄၈ နာရီအတွင်း သင်္ဘောများ သွားလာနိုင်ရန် အပြည့်အဝ ပြန်မဖွင့်ပေးပါက ထိုကဲ့သို့သော အခြေခံအဆောက်အအုံများကို ဗုံးကြဲရန် အမိန့်ပေးမည် ဖြစ်ကြောင်း ထရန့်က စနေနေ့တွင် ပြောကြားခဲ့သည်။
အီရန်စစ်တပ်က တနင်္ဂနွေနေ့တွင် ပြန်လည်တုံ့ပြန်ရာ၌ အကယ်၍ အမေရိကန်က အီရန် ဓာတ်အား ပေးစက်ရုံများအပေါ် ခြိမ်းခြောက်မှုကို လုပ်ဆောင်လာပါက ဟော်မုဇ်ရေလက် ကြား ကို လုံးဝပိတ်ပစ်မည်ဖြစ်ပြီး ပျက်စီးသွားသော ဓာတ်အားပေးစက်ရုံများကို ပြန်လည် တည်ဆောက်ပြီးသည်အထိ ပြန်ဖွင့်ပေးမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် အစ္စရေး၏ စွမ်းအင်နှင့် ဆက်သွယ်ရေး အခြေခံအဆောက်အအုံများအားလုံးအပြင် “ အမေရိကန် ရှယ်ယာရှင်များရှိသည့် ဒေသတွင်းရှိ အလားတူကုမ္ပဏီများ” ကိုလည်း ပစ်မှတ် ထားသွားမည်ဖြစ်ကြောင်း ဆိုသည်။
“ အမေရိကန်စစ်စခန်းများ လက်ခံထားသည့် ဒေသတွင်းနိုင်ငံများ၏ လျှပ်စစ်ဓာတ်အားပေး စက်ရုံများသည်လည်း ကျွန်ုပ်တို့အတွက် တရားဝင်ပစ်မှတ်များ ဖြစ်လာလိမ့်မည်” ဟု စစ်ဌာနချုပ်က ဆက်လက်ပြောကြားခဲ့သည်။
အစောပိုင်းတွင် အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာကွာ ကွာလီဘတ်ဖ် (Mohammad Baqer Qalibaf) က X လူမှုကွန်ရက်တွင် ပို့စ်တစ်ခုတင်ခဲ့ရာ၌ အီရန်ဓာတ်အားပေးစက်ရုံများ ပစ်မှတ်ထားခံရပါက အရှေ့အလယ်ပိုင်းရှိ အရေးပါသော အခြေခံအဆောက်အအုံများနှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများသည် “ ပြန်လည်ပြုပြင်၍မရနိုင်လောက်အောင် ပျက်စီးသွားနိုင်သည်” ဟု ရေးသားခဲ့သည်။








