အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု အခုချက်ချင်း ပိတ်ပင်လော့” ဟု ဖော်ပြထားသည်။ လူများသည် “ အမေရိကန်နှင့် အစ္စရေး = မကောင်းဆိုးဝါးဝင်ရိုးတန်း” နှင့် “ အစ္စရေး၏ ဖိနှိပ်မှုမှ ပါလက်စတိုင်းများကို မည်သူက ကာကွယ်ပေးမည်နည်း” အစရှိသည့် ကိုယ်တိုင်ရေး ဆောင်ပုဒ်အမျိုးမျိုးပါဝင်သော လက်ကိုင်ဆိုင်းဘုတ်များကိုလည်း ကိုင်ဆောင်ခဲ့ကြသည်။

ယူကေ – လန်ဒန်မြို့၏ လမ်းမများပေါ်တွင် ” (အမေရိကန်သမ္မတ ဒေါ်နယ်) ထရန့်၏ စစ်ပွဲများကို ရပ်တန့်လော့” နှင့် “ အီရန်ကို ဗုံးကြဲခြင်း ရပ်တန့်လော့” ဟု ရေးသားထားသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားသူများသည် မနေ့က လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး အချို့မှာ ဝန်ကြီးချုပ်၏ တရားဝင်နေအိမ်ဖြစ်သော No.10 Downing Street အပြင်ဘက်တွင် စုဝေးခဲ့ကြသည်။

အမေရိကန် လေတပ် (USAF) ဝန်ထမ်းများပါ အသုံးပြုသည့် Gloucestershire ရှိ Fairford တော်ဝင်လေတပ်စခန်းတွင် ဆန္ဒပြသူများသည် “ အီရန်ကို လက်ဖျားနဲ့တောင် မထိနဲ့” ၊ “ လူသတ်နေတာတွေ ရပ်ပါ” နှင့် “ ဒီနေ့ ကလေးဘယ်နှစ်ယောက် သေအောင် မင်းတို့ ကူညီပေးခဲ့လဲ” အစရှိသည့် ပိုစတာများကို ကိုင်ဆောင်ခဲ့ကြသည်။
ဂျာမနီ – မနေ့က ဘာလင်မြို့တွင်လည်း လူအုပ်ကြီးက ဆန္ဒပြခဲ့ကြသည်။ စစ်ပွဲအစပိုင်းတွင် အီရန်မူလတန်းကျောင်းတစ်ခု တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့ရသူများအတွက် ရည်စူး ထားသော နေရာတစ်ခုရှိ ပိုစတာတစ်ခုတွင် “ အမေရိကန်နှင့် အစ္စရေးတို့ သတ်ဖြတ်ခဲ့သော ကျောင်းသူလေး ၁၆၈ ဦး” ဟု ရေးသားထားသည်။
“ သူတို့တွေဟာ အီရတ်စစ်ပွဲတုန်းကလိုပဲ စည်းမျဉ်းတွေကို လိုက်နာခြင်း မရှိကြဘူး။ အမေရိကန်ဟာ အပြည်ပြည်ဆိုင်ရာ ဥပဒေကို ချိုးဖောက်နေတာ ကြာပါပြီ၊ မကြာသေးခင် နှစ်တွေအတွင်းမှာ ဒါဟာ ပိုပြီးတော့တောင် ဆိုးရွားလာပါတယ်။ အခု နောက်ဆုံး ဖြစ်ရပ်တွေ က ဒါဟာ အပြည်ပြည်ဆိုင်ရာ ဥပဒေကို ဗြောင်ကျကျ ချိုးဖောက်နေတာဆိုတာ ရှင်းရှင်း လင်းလင်း ပြသနေပါတယ်” ဟု ဆန္ဒပြသူတစ်ဦးက ပြောကြားခဲ့သည်။
စပိန် – မဒရစ်မြို့ရှိ ဆန္ဒပြသူများသည် မနေ့က ဆန္ဒပြပွဲများတွင် “ စစ်ပွဲကို အလိုမရှိ” နှင့် “ ငြိမ်းချမ်းရေး” ဟု ရေးသားထားသော စာတန်းများကို ကိုင်ဆောင်ခဲ့ကြသည်။ လူအများအပြားသည် ပါလက်စတိုင်း အလံများကိုလည်း ဝှေ့ယမ်းခဲ့ကြသည်။

အိန္ဒိယ – အိန္ဒိယပိုင် ကတ်ရှ်မီးယားတွင် ရှီအိုက်မွတ်စလင်များသည် မနေ့က လမ်းမများ ပေါ်သို့ ထွက်လာခဲ့ကြပြီး ကွယ်လွန်သွားပြီဖြစ်သော အီရန်၏ အမြင့်ဆုံးခေါင်းဆောင် Ayatollah Ali Khamenei ၏ ပုံတူကားချပ်များကို ကိုင်ဆောင်ကာ ဝမ်းနည်းခြင်း အထိမ်း အမှတ်အဖြစ် အနက်ရောင်ဝတ်စုံများကို ဝတ်ဆင်ခဲ့ကြသည်။







