ဧပြီလ (၂၉)ရက်။
ဒီကနေ့ မြိုင်မြို့နယ်အရှေ့မြောက်ရှိ စစ်ကော်မရှင်ဂိတ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီစစ်ကော်မရှင်ဂိတ်စခန်းကို ပခုက္ကူခရိုင် အမှတ်(၂၊၆၊၇)တပ်ရင်းတွေ၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်တော်(MGY) အညာမြေတပ်ပေါင်းစုနဲ့ မြိုင်(ပ.က.ဖ)တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲဟာ (၁)နာရီနီးပါး ကြာမြင့်ခဲ့ပြီး အဲ့ဒီဂိတ်နေရာမှာ တပ်စွဲထားတဲ့ စကမတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေအားလုံး စွန့်ခွာထွက်ပြေးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီနောက် စစ်ကော်မရှင်ဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သလို လက်ပစ်ဗုံး(၂)လုံး၊ G3 ကျည်(၁၁၅)တောင့်၊ G3 ကျည်ဘောက်(၁)ခု၊ MA-3 သံဘောက်(၁)ခုနဲ့ စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။
နောက်ပြီး ဧပြီလ (၂၆)ရက်နဲ့ (၂၈)ရက်တို့ကလဲ မြိုင်နယ် ကန်နီပျူစောထီးရွာအနီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ပျူစောထီးရွာကနေ ကင်းထောက်ဒရုန်းတစီးကို သိမ်းဆည်းရမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် ကန်နီပျူစောထီးကျေးရွာနဲ့ မြို့ပေါ် တပ်စွဲထားတဲ့ စကော်မရှင်တပ်တွေအနေနဲ့ ဒေသထဲ စစ်သွေးကြွရမ်းကားတာ၊ ကျေးရွာတွေကို အကြမ်းဖက်စီးနင်းတာတွေ ရပ်တန့်ဖို့ ပြင်းပြင်းထန်ထန် သတိပေးထားပါတယ်။
တော်လှန်ရေးတပ်တွေအနေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ရင် ဘယ်လို ပြင်းထန်တဲ့ အခြေအနေရှိတယ်ဆိုတာကို ဂိတ်တာဝန်ကျ စကော်မရှင်တွေကို မေးမြန်းပြီး သင်ခန်းစာယူထားကြဖို့ အသိပေးထုတ်ပြန်ထားတယ်လို့လဲ သိရပါတယ်။








