နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 25 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြောက်ကိုရီးယား ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

စစ်သားများ၏ အသေခံတိုက်ခိုက်မှုကို ကင်မ်ဂျုံအန်း ချီးကျူး၊ ရုရှားစစ်ပွဲတွင် မြောက်ကိုရီးယား၏ အခန်းကဏ္ဍ ပိုမိုနက်ရှိုင်းလာမည့် အလားအလာရှိနေ

CNN — ၂၀၂၆ ခုနှစ်၊ မေလ ၁ ရက်

ယူကရိန်းစစ်မြေပြင်တွင် တိုက်ပွဲဝင်နေစဉ် ရန်သူ့လက်သို့ အဖမ်းမခံဘဲ သေခြင်းတရားကို ရွေးချယ်ခဲ့ကြသည့် စစ်သားများကို ချီးကျူးဂုဏ်ပြုသည့်အနေဖြင့် တိုက်ပွဲဝင်နေသော မြောက်ကိုရီးယားနှင့် ရုရှားစစ်သားများ၏ ကြေးရုပ်တုကြီးကို ကင်မ်ဂျုံအန်းက ဖွင့်လှစ် ပေးခဲ့သည်။ ယင်းသည် ကာလရှည်ကြာ သံသယဖြစ်ဖွယ်ဖြစ်နေသည့် ပြုံယမ်း၏ စစ်မြေပြင်ဆိုင်ရာ မူဝါဒကို ထူးခြားပြတ်သားစွာ ပထမဆုံးအကြိမ် ဝန်ခံလိုက်ခြင်းလည်း ဖြစ်သည်။

မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာ KCNA က ထုတ်ပြန်သည့် မိန့်ခွန်းမူကြမ်းအရ ကင်မ်ဂျုံအန်းက “ မိမိကိုယ်ကိုယ် ဖောက်ခွဲဖျက်ဆီးခြင်း” (self-blasting) နှင့် အသေခံ တိုက်ခိုက်မှုများကို “ တွန့်ဆုတ်ခြင်းမရှိဘဲ ရွေးချယ်ခဲ့သူများ” သည် သစ္စာစောင့်သိမှု၏ အမြင့်မားဆုံးပုံစံကို ပြသခဲ့ခြင်းဖြစ်ကြောင်း ကြေညာခဲ့သည်။ ယင်းသည် ရန်သူ့လက်သို့ အရှင်ဖမ်းဆီးခံရမည့် ဘေးထက် မိမိကိုယ်ကိုယ် လက်ပစ်ဗုံးများဖြင့် ဖောက်ခွဲခြင်း သို့မဟုတ် ဖောက်ခွဲရေးပစ္စည်းများဖြင့် အဆုံးစီရင်ခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။

ကင်မ်ဂျုံအန်းသည် မြို့တော်အနီးတစ်ဝိုက်ရှိ အောက်မေ့ဖွယ်ဗိမာန်သစ်ကြီး ဖွင့်လှစ်ပွဲတွင် ဤသို့ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ လတ်တလော တူးဖော်ထားသည့် ဂူသင်္ချိုင်းတန်းများကြားတွင် လမ်းလျှောက်ကာ ဂူကွက်တစ်ခုအတွင်းသို့ မြေကြီးများ ကျဲပက်၍ အလေးပြုခဲ့သည်။

အဆောက်အအုံအတွင်း၌ စစ်သားများ၏ ရုပ်အလောင်းများ၊ ကိုယ်ပိုင်အသုံးအဆောင် ပစ္စည်းများနှင့် သိမ်းဆည်းရမိသော စစ်လက်နက်ပစ္စည်းများကို ကြေးရုပ်တုများ၊ အမည်များ ရေးထိုးထားသည့် စကျင်ကျောက်နံရံများက ဝန်းရံထားသည်။ သုသာန်တစ်ဝက်၊ ပြတိုက် တစ်ဝက် ပုံစံဖြင့် တည်ဆောက်ထားသည့် ဤနေရာသည် ရုရှား၏ ကျူးကျော်စစ်တွင် မြောက်ကိုရီးယားစစ်သားများ သေဆုံးမှုကို သူရဲကောင်းဆန်သော လုပ်ရပ်နှင့် မျိုးချစ် စိတ်ဓာတ်ဖြင့် စတေးမှုများအဖြစ် ပုံဖော်ရန် ကြိုးပမ်းသည့် ကမ်ပိန်း၏ အဓိကအစိတ်အပိုင်း ဖြစ်သည်။

မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာများသည် ထိုစစ်သားများ မည်သို့သေဆုံးခဲ့သည်ကို လပေါင်းများစွာတိုင်အောင် ထင်ထင်ရှားရှား ပုံဖော်ဖော်ပြခဲ့သည်။ ယခင်သတင်းများတွင် စစ်သားများသည် ဝိုင်းရံပိတ်ဆို့ခံရစဉ် လက်ပစ်ဗုံးများကို ဖောက်ခွဲခဲ့ကြကြောင်း၊ မဖောက်ခွဲမီ ရဲဘော်ရဲဘက်များကို အဝေးသို့ ရှောင်နေရန် အော်ဟစ်ပြောဆိုခဲ့ကြောင်း သို့မဟုတ် အဖမ်း မခံရစေရန် ဒဏ်ရာရရှိချိန်တွင် မိမိကိုယ်ကိုယ် သတ်သေခဲ့ကြကြောင်း ဖော်ပြခဲ့သည်။ သတင်းတစ်ခုတွင်မူ စစ်သားများသည် ဖောက်ခွဲရေးပစ္စည်းများကို မဖောက်ခွဲမီ တစ်ဦးနှင့် တစ်ဦး ပွေ့ဖက်ခဲ့ကြသည်ဟု ဆိုသည်။

မြောက်ကိုရီးယားစစ်သားများသည် အဖမ်းခံရမည့်အစား မိမိကိုယ်ကိုယ် အဆုံးစီရင်ရန် ညွှန်ကြားခံထားရကြောင်း ထောက်လှမ်းရေးအေဂျင်စီများ၊ ယူကရိန်းအရာရှိများနှင့် မြောက်ကိုရီးယားမှထွက်ပြေးသူများက နှစ်ပေါင်းများစွာ အစီရင်ခံခဲ့ကြသော်လည်း ပြုံယမ်းဘက်ကမူ တစ်ခါမျှ အတည်မပြုခဲ့ပေ။ ယခုအခါတွင်မူ ထိုမူဝါဒကို စစ်ပွဲအတွင်း သေဆုံးသူများကို ဂုဏ်ပြုရန် တည်ဆောက်ထားသည့် နေရာတွင် အမြင့်ဆုံးခေါင်းဆောင် ကိုယ်တိုင် လူသိရှင်ကြား ထောက်ခံအတည်ပြုလိုက်ခြင်း ဖြစ်သည်။

ဤဗိမာန်သည် ရုရှားစစ်ပွဲတွင် မြောက်ကိုရီးယား၏ ပါဝင်ပတ်သက်မှု အတိုင်းအတာကို ဖော်ပြနေသည်။ NK News ၏ လေ့လာချက်အရ ဗိမာန်အတွင်းရှိ စကျင်ကျောက်နံရံ နှစ်ခုပေါ်တွင် တိုက်ပွဲအတွင်း သေဆုံးခဲ့သည်ဟု ယူဆရသည့် စစ်သား ၂,၂၈၈ ဦး၏ အမည်များကို ကမ္ပည်းထိုးထားပြီး၊ ဂူပေါင်း ၂၇၁ ဂူနှင့် မီးသင်္ဂြိုဟ်ထားသည့် အရိုးပြာများ ထည့်သွင်းရန် အကန့်ပေါင်း ၁,၇၀၀ ကျော် ရှိနေသည်။ ထို့အပြင် နောင်တွင် ဂူသွင်းရန် အတွက်လည်း နံရံများနှင့် နေရာလွတ်များကို ချန်လှပ်ထားသဖြင့် ဤစစ်ပွဲသည် ပြီးဆုံး သွားသည့် အခန်းကဏ္ဍတစ်ခု မဟုတ်သေးကြောင်း ညွှန်ပြနေသည်။

တောင်ကိုရီးယားနှင့် အနောက်နိုင်ငံအရာရှိများ၏ ခန့်မှန်းချက်အရ ရုရှား၏ ကာ့စ် (Kursk) ဒေသသို့ မြောက်ကိုရီးယားစစ်သား ၁၀,၀၀၀ ကျော် စေလွှတ်ခဲ့ပြီး၊ ထောင်နှင့်ချီ၍ သေဆုံး သို့မဟုတ် ဒဏ်ရာရရှိခဲ့ကြသည်။ မြောက်ကိုရီးယားသည် ထိုသို့သော ဆုံးရှုံးမှုများကို ယခုကဲ့သို့ ဗြောင်ကျကျ တစ်ခါမျှ ဝန်မခံခဲ့ဖူးပေ။

ရုရှား၏ ကာ့စ်ဒေသ အောင်ပွဲခံခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ်တွင် ဖွင့်လှစ်ခဲ့သော ဤဗိမာန်၌ မော်စကိုမှ အဆင့်မြင့်အရာရှိများ တက်ရောက်ခဲ့ကြပြီး သမ္မတပူတင်၏ သဝဏ်လွှာကိုလည်း ဖတ်ကြားခဲ့သည်။ ထို့အပြင် ဂျာမန်လုပ် Leopard တင့်ကားများ၊ အမေရိကန်လုပ် Abrams တင့်ကားများနှင့် အခြား နေတိုး (NATO) အဖွဲ့ဝင်နိုင်ငံထုတ် စစ်လက်နက်ပစ္စည်းများကိုလည်း ခင်းကျင်းပြသထားသည်။ သို့သော် မြောက်ကိုရီးယား တပ်ဖွဲ့ဝင်များက ယင်းတို့ကို တိုက်ရိုက်သိမ်းဆည်းရမိခြင်း ဟုတ်မဟုတ်ကိုမူ လေ့လာသူ များက သံသယရှိနေကြသည်။

ယူကရိန်းတပ်ဖွဲ့များ၏ အရှင်ဖမ်းဆီးခြင်းကို ခံခဲ့ရသည့် မြောက်ကိုရီးယားစစ်သား အနည်းငယ်လည်း ရှိနေသည်။ ၎င်းတို့အနက် အချို့က စစ်မြေပြင်သို့ မစေလွှတ်မီအထိ တိုက်ပွဲဝင်ရမည်ကို မသိရှိခဲ့ကြကြောင်းနှင့် အနည်းဆုံး စစ်သားတစ်ဦးကမူ ၎င်းအနေဖြင့် အဖမ်းခံရခြင်းအတွက် မဟုတ်ဘဲ မိမိကိုယ်ကိုယ် အဆုံးမစီရင်နိုင်ခဲ့ခြင်းအတွက် နောင်တရ ကြောင်း ပြောကြားခဲ့သည်။

၎င်းတို့၏ တည်ရှိမှုသည် ပြုံယမ်းအတွက် ပြဿနာတစ်ခု ဖြစ်နေသည်။ နိုင်ငံတကာ ဥပဒေ အရ စစ်သုံ့ပန်းများကို စစ်ပွဲပြီးဆုံးချိန်တွင် မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ရလေ့ရှိသည်။ သို့သော်လည်း ၎င်းတို့အား မြောက်ကိုရီးယားသို့ ပြန်ပို့ခြင်းသည် ပြင်းထန်သော အပြစ်ပေးမှု များနှင့် ရင်ဆိုင်ရနိုင်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများက သတိပေးထားသည်။

တောင်ကိုရီးယားအရာရှိများကမူ ဘက်ပြေးလိုသည့် မည်သည့်စစ်သားကိုမဆို လက်ခံသွား မည်ဟု ပြောကြားထားရာ ယင်းသည် စစ်ပွဲပြီးဆုံးသွားသည့်တိုင်အောင် ရှည်လျားမည့် ဥပဒေရေးရာနှင့် သံတမန်ရေးရာ အကျပ်အတည်းတစ်ခု ဖြစ်လာနိုင်ပေသည်။

ကင်မ်ဂျုံအန်းသည် ပြုံယမ်းမြို့ပြင်ရှိ အောက်မေ့ဖွယ်ဗိမာန်သစ်ကြီး ဖွင့်လှစ်ပွဲတွင် မိန့်ခွန်းပြောကြားနေစဉ်။ (ဓာတ်ပုံ – KCNA)

ဤအောက်မေ့ဖွယ်ဗိမာန်သည် ရုရှားစစ်ပွဲတွင် မြောက်ကိုရီးယား၏ ပါဝင်ပတ်သက်မှု အတိုင်းအတာကို အထင်ရှားဆုံး ပြသနေသည့် သက်သေတစ်ခု ဖြစ်သည်။ (ဓာတ်ပုံ – KCNA)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 27 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းတွင် သတ်ဖြတ်ခံရသည့် ဆယ်ကျော် သက်များ၏ ရုပ်အလောင်းများကို အစ္စရေးက ထိန်းသိမ်းထားကြောင်း ပါလက်စတိုင်းတို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 23 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) ရှိ တရားမဝင်အခြေစိုက်စခန်းတစ်ခုအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ပါလက်စတိုင်းဆယ်ကျော်သက် နှစ်ဦး၏ ရုပ်အလောင်းများ ကို အစ္စရေးတပ်ဖွဲ့များက ထိန်းသိမ်းထားသည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံက အီရန်၏ ‘အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အမျိုးသားဂုဏ်သိက္ခာ’ ကို အလေးပေးပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 29 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် နယူးဒေလီမြို့တွင် ကျင်းပသည့် BRICS အစည်းအဝေး၏ ဘေးပန်းဆွေးနွေးပွဲတစ်ခုတွင် အီရန်အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့် ကောင်စီ၏ ဒုတိယအတွင်းရေးမှူး ဂါဒီယာ
Australia နိုင်ငံတကာသတင်း

ရဲတပ်ဖွဲ့က မြေအောက်ဗုံးခိုကျင်းစနစ်ကို ဝင်ရောက်စီးနင်းပြီးနောက် သြစတြေးလျနိုင်ငံတွင် သမိုင်းတစ်လျှောက် အကြီးမားဆုံး ကိုကင်းဖမ်းဆီးရမိမှု ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 27 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် ဆစ်ဒနီမြို့ အနောက်ပိုင်းရှိ မြေအောက်ဗုံးခိုကျင်းစနစ်တစ်ခုအတွင်းမှ သြစတြေးလျ ရဲတပ်ဖွဲ့သည် ကိုကင်း ၂.၇ တန်ကို သိမ်းဆည်းရမိခဲ့ပြီး၊ ယင်းသည် ၎င်းနိုင်ငံ၏ သမိုင်း တစ်လျှောက်
ကိုလံဘီယာ နိုင်ငံတကာသတင်း လက်တင်အမေရိက

ထရမ့် ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံရေးနယ်ပယ်ပြင်ပမှ ပုဂ္ဂိုလ် ကိုလံဘီယာရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ကနဦးမဲရေတွက်မှုများအရ သိရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 24 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် လက်ယာနွယ်ဝင် ကိုယ်စားလှယ်လောင်း အဘယ်လာဒို ဒီ လာ အက်စ်ပရီယဲလာ(Abelardo de la Espriella),သည် ကိုလံဘီယာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် မဲအနည်းငယ်အသာဖြင့် အနိုင်ရရှိ