မေလ (၆)ရက်။
မတရားဖမ်းဆီးခံထားရတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနဲ့ ဆက်သွယ်ခွင့်ရဖို့ ဩစတြေးလျသံရုံးက ဒီကနေ့မှာ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
ထုတ်ပြန်ချက်ထဲ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ပကျယ်ချုပ် ပြောင်းရွှေ့တာကို သိရပြီး မိသားစုအပါအဝင် ရှေ့နေတွေနဲ့ တွေ့ခွင့်ရဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှုရစေဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။
နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချွင်းချက်မရှိ လွှတ်ပေးဖို့နဲ့ မတရား ဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို လွှတ်ပေးဖို့ ဩစတြေးလျသံရုံးက ဆက်လက်တောင်းဆိုထားပါတယ်။
ဒါ့အပြင် အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ လူသားစာနာမှုအကူအညီတွေ လုံခြုံစွာ အဟန့်အတားမရှိ လက်လှမ်းမီစေဖို့နဲ့ သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ ဆွေးနွေးတာတွေ ပြုလုပ်ဖို့လဲ ထည့်သွင်းတောင်းဆိုထားပါတယ်ယ
စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်နေအိမ်ကို ပြောင်းရွှေ့တယ်လို့ ပြောဆိုထားပေမယ့် နေရာအတိအကျကိုတော့ ထုတ်ပြန်ထားတာမရှိပါဘူး။
အခုလို ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်တောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေနဲ့ပတ်သက်ပြီး သားဖြစ်သူအပါအဝင် နိုင်ငံတကာနဲ့ ပြည်သူတွေက စိုးရိမ်နေကြတယ်လို့ သိရပါတယ်။








