ဇွန်လ (၈)ရက်။
လောင်းလုံးမြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာနေတယ်လို့ အမှတ်(၈၀၀၃)တပ်ရင်း-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
လောင်းလုံးမြို့နယ်မှာ နှစ်ဖက်တပ်တွေ စစ်ရေးတင်းမာနေသလို အရပ်သားပြည်သူတွေကို စစ်ကောင်စီတပ်က လူသားဒိုင်းပုံစံ အသုံးပြုနေတယ်လို့ ဆိုပါတယ်။
အခုနောက်ပိုင်းမှာ စစ်ကောင်စီတပ်ဟာ ကျောင်း ကြို/ပို့ကားတွေကိုပါ အကာအကွယ်ယူပြီး သွားလာလှုပ်ရှားနေကာ ကျောင်းတက်နေတဲ့ ကလေးသူငယ်တွေရဲ့ ဘေးကင်းလုံခြုံဖို့ကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်လာတယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ မြို့နယ်ထဲမှာ စစ်ဆင်ရေးတွေကို အရှိန်မြှင့် ဖော်ဆောင်နိုင်ဖို့ ကြိုးပမ်းနေကာ မြို့ပေါ် ကျောင်းအပ်ထားတဲ့ မိဘတွေအနေနဲ့ လုံခြုံရေးကို ရှေ့ရှုကာ မြို့ပေါ် ပြောင်းရွှေ့နေထိုင်ဖို့ မေတ္တာရပ်ခံထားပါတယ်။
အခုလို မေတ္တာရပ်ခံတာကို လောင်းလုံးမြို့နယ် (၈၀၀၃)တပ်ရင်း၊ ပအဖ၊ ပကဖ၊ ပလဖ၊ သံမဏိလိပ်ပြာတပ်ဖွဲ့၊ အထူးပြောက်ကျားတပ်ဖွဲ့(SGF)နဲ့ လောင်းလုံးပညာရေးဘုတ်အဖွဲ့တို့က ပူးတွဲထုတ်ပြန်ထားပါတယ်။
ဒီလိုတားမြစ်တာဟာ ကျောင်းသားကျောင်းသူတွေရဲ့ လွတ်လပ်စွာ ပညာသင်ယူခွင့်ကို တားမြစ်ဟန့်တားတာမဟုတ်ဘူးလို အသိပေးထားပါတယ်။
ဒါ့အပြင် အဲ့ဒီနယ်မြေဟာ စစ်ရေးနယ်မြေဖြစ်တာကြောင့် ကျောင်းကားတွေနဲ့အတူ စစ်ကောင်စီတပ်တွေ လိုက်ပါလာနိုင်တဲ့အတွက် နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ အချိန်မရွေး ဖြစ်လာနိုင်ကာ မလိုအပ်ဘဲ ကျောင်းသားတွေကို ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ဒေသထဲရှိ တော်လှန်းရေးအင်အားစုတွေ ပူးတွဲပြီး မိဘပြည်သူတွေနဲ့ ကျောင်းသားကျောင်းသူတွေကို အလေးအနက် မေတ္တာရပ်ခံထာလို့လဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။








