ဇွန်လ (၉)ရက်။
မနက်ဖြန် ဇွန်လ (၁၀)ရက်နေ့ ဘားအံမြို့ရှိ သံလွင်မြစ်ကြောင်းထဲ စစ်တပ်က လက်နက်ကြီးလေ့ကျင့်ပစ်ခတ်ဖို့ စီစဉ်ထားတယ်လို့ အကြောင်းကြားချက်တွေအရ သိရပါတယ်။
အဲ့ဒီအစီအစဉ်ကို သံလွင်မြစ်ကြောင်းထဲ စစ်ဆင်ရေး၊ လုံခြုံရေးနဲ့ မြစ်ကြောင်းပိတ်ဆို့တဲ့တာဝန်တွေ ထမ်းဆောင်နေတဲ့ မြစ်တွင်းတိုက်ရေယာဉ်(၃၀၃)က ပြုလုပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
လက်နက်ကြီး လေ့ကျင့်ပစ်ခတ်တာကို ဘားအံမြို့ သံလွင်မြစ်ကြောင်းထဲ ကော့လှိုက်ကျွန်းအနီးမှာ ရေပြင်ပစ်မှတ်ပြုလုပ်ထားတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် ပစ်မှတ်ဧရိယာနဲ့ (၃)မိုင်ပတ်လည်တွေမှာ လူနဲ့ ငါးဖမ်းယာဉ်တွေ၊ လှေ/သဗ္ဗာန်တွေ မဝင်ဖို့၊ ဘေးအန္တရာယ်ကင်းဖို့နဲ့ မလိုအပ်တာတွေ မဖြစ်စေဖို့ ကြိုတင်စီမံဖို့ စစ်တပ်က အကြောင်းကြားထားပါတယ်။
အခုလို အကြေားကြားတာကို မြစ်တွင်းတိုက်ရေယာဉ်(၃၀၃)ရဲ့ စစ်ရေယာဉ်မှူးက လက်မှတ်ရေးထိုးပြီး ဘားအံမြို့နယ်ထွေ/အုပ်ဆီ လျှို့ဝှက်အနေနဲ့ ညွှန်ကြားထားတာပါ။
ဒီလို စစ်တပ်က လက်နက်ကြီး လေ့ကျင့်ပစ်ခတ်မယ့်သတင်းနဲ့ပတ်သက်ပြီး အနီးရှိ ဒေသခံတွေဟာ ကျေးရွာတွေထဲ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲတာတွေ ရှိမှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။








