ဇွန်လ (၁၇)ရက်။
မနေ့က ညနေပိုင်းအချိန်က ဆိပ်ဖြူမြို့အဝင်မှာ စစ်တပ်ယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ဆိပ်ဖြူမြို့ပေါ်ကနေ ထွက်လာတဲ့ စကစတပ်ဖွဲ့ဝင်တွေပါတဲ့ (၆)ဘီးကားတစီးနဲ့ အိမ်စီးကားတစီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တာ။ စစ်တပ်ဘက်က မျက်မြင် (၁၀)ဦးလောက် သေတာတွေ့တယ်” လို့ ဆိုပါတယ်။
ဆိပ်ဖြူမြို့ပေါ်ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၅)ဦးပါ (၆)ဘီးကားတစီးနဲ့ ဗိုလ်ကြီးတဦး လိုက်ပါလာတဲ့ အိမ်စီးကားတစီးကို ဆိပ်ဖြူမြို့အဝင်(နပဲပင်ဖုတ်တက်)အရောက်မှာ တိုက်ခိုက်ခံရတာပါ။
အဲ့ဒီလိုတိုက်ခိုက်ခံရတာကြောင့် စစ်တပ်ဘက်က ဗိုလ်ကြီး(၁)ဦးအပါအဝင် (၁၀)ဦး မျက်မြင်သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီဖြစ်စဉ်ထဲ စစ်တပ်ဆီကနေ MA1 (၅)လက်၊ MA2 (၁)လက်၊ MA3 (၁)လက်၊ MA5 ပစ္စတို (၁)လက်၊ ကျည်အိမ် (၁၈)ခု၊ ၅.၅၆ကျည် (၂၄၀)တောင့်၊ လက်ပစ်ဗုံး (၂)လုံး၊ ဖုန်း (၁)လုံး၊ ငွေသား (၅၄၅,၀၀၀)ကျပ်နဲ့ မှတ်ပုံတင် (၆)ကတ်တို့ကို သိမ်းဆည်းရမိခဲ့ပြီး စစ်ကား (၂)စီးစလုံး ပျက်စီးသွားခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် တိုက်ပွဲဖြစ်ပွားပြီးနောက် ဆိပ်ဖြူမြို့နယ် (၁၀)မိုင်စစ်ဆေးရေးဂိတ်ကနေ စစ်တပ်ရဲ့ စစ်ကူကား(၅)စီး ရောက်လာခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ ထိခိုက်ဒဏ်ရာရရှိတာမရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွါနိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။
အဲ့ဒီတိုက်ခိုက်တာကို ဆိပ်ဖြူမြောက်ပိုင်း(NSP)ပကဖ၊ပခုက္ကူခရိုင် အမှတ် (၄)တပ်ရင်း တပ်ခွဲ (၃)၊ အမှတ် (၆)တပ်ရင်း၊ MGY၊ အမှတ် (၇)တပ်ရင်းနဲ့ အမှတ် (၁၇) တပ်ရင်းတို့ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။








