ဇွန်လ (၁၈)ရက်။
တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပံ့ပိုးကူညီသွားမယ်ဆိုပြီး မနေ့က နှစ်နိုင်ငံပူးတွဲကြေညာချက်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
ပူးတွဲကြေညာချက်ထဲ စစ်ကော်မရှင်က မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် တရုတ်က ပါဝင်တဲ့အပေါ် ကျေးဇူးတင်တယ်လို့ ဆိုထားပါတယ်။
နောက်ပြီး နှစ်နိုင်ငံ နယ်စပ်ဒေသတွေမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဘုံဖွံ့ဖြိုးတိုးတက်မှုတို့ကို ထိန်းသိမ်းဖို့အတွက် ပေါင်းစပ်ညှိနှိုင်းတာတွေကို တိုးမြှင့်လုပ်ဆောက်ဖို့ သဘောတူခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီလို မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေးမှာ တရုတ်က ထဲထဲဝင်ဝင် ပါဝင်နေပေမယ့် ပူးတွဲကြေညာချက်မှာ အခြားနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာအပေါ် ပြတ်သားစွာ ဆန့်ကျင်တယ်ဆိုပြီး ပြောဆိုထားကြပါသေးတယ်။
ထုတ်ပြန်ချက်ထဲ နိုင်ငံထဲရှိ တရုတ်နိုင်ငံသားတွေရဲ့ ဘေးကင်းလုံခြုံဖို့အတွက် ကာကွယ်စောင့်ရှောက်တာတွေကို တိုးမြှင့်သွားဖို့ ထည့်သွင်းရေးသားထားပါတယ်။
အဲ့ဒီနောက် ရပ်ဝန်းနဲ့ ပိုးလမ်းမ တည်ဆောက်ဖို့ လုံခြုံရေးပူးပေါင်းဆောင်ရွက်တာတွေကို မြှင့်တင်ဖို့နဲ့ တရုတ်စီမံကိန်းတွေရဲ့ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ဖို့ ထပ်မံအတည်ပြုခဲ့ကြပါတယ်။
ဒါ့အပြင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အကောင်အထည်ဖော်တာကို မြှင့်တင်ဖို့၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ မန္တလေး-မူဆယ် ရထားလမ်းလို အဓိကစင်္ကြံစီမံကိန်းတွေ ပူးပေါင်းဆောင်ရွက်တာကို အရှိန်မြှင့်ဖို့ သဘောတူခဲ့တယ်လို့လဲ သိရပါတယ်။








