CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက်
ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို မြင်တွေ့ခဲ့ရကြောင်း ဖော်ပြခဲ့သည်။
၎င်းမှာ လေထုထဲတွင် အီရန်ဒရုန်း အမြောက်အမြားသည် တစ်ခုတည်းကဲ့သို့ စုစည်း လှုပ်ရှား နေပြီး၊ ‘ဂျယ်လီငါး’ (Jellyfish) နှင့်တူသော ပုံသဏ္ဌာန်ဖြင့် ပျံသန်းနေခြင်း ဖြစ်သည်ဟု ဤကိစ္စနှင့် နီးစပ်သည့် သတင်းမြစ် ၄ ခုအရ သိရသည်။
ယခင်က သတင်းထုတ်ပြန်ခဲ့ခြင်း မရှိသေးသည့် ဤပြောကြားချက်ကို အဆိုပါ F-15 လေသူရဲက ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ပြန်လည်စစ်ဆေးမေးမြန်းမှု (Debriefing) ပြုလုပ်စဉ်အတွင်း ထောက်လှမ်းရေးအရာရှိများကို ပြောပြခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် အမေရိကန် ထောက်လှမ်းရေးအသိုင်းအဝိုင်းအတွင်း ယခုထက်ထိ ပြတ်ပြတ်သားသား အဖြေမထွက်သေးသည့် ပြင်းထန်သော အငြင်းပွားမှုများကို ချက်ချင်း ဖြစ်ပေါ်စေခဲ့သည်။
အကယ်၍ အဆိုပါ လေသူရဲသည် ၎င်းဖော်ပြခဲ့သည့်အတိုင်း တစ်ညီတညွတ်တည်း လှုပ်ရှားနေသော ဒရုန်းအုပ်စုကို တကယ်မြင်တွေ့ခဲ့ခြင်း ဖြစ်ပါက၊ ၎င်းသည် အီရန်၏ ဒရုန်းစွမ်းဆောင်ရည်တွင် စိုးရိမ်ဖွယ်ရာ တိုးတက်လာမှုတစ်ခု ဖြစ်ပေလိမ့်မည်။
“ဒရုန်းအများအပြားဟာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ထားပြီး ဒရုန်းအကြီးတွေရဲ့ အောက်မှာ ဒရုန်းအသေးလေးတွေက ခြေထောက်တွေလိုမျိုး တွဲလျက်ပါနေပြီး တစ်ခုတည်းအလား လှုပ်ရှားနေတာပါ” ဟု လေသူရဲ၏ ထွက်ဆိုချက်နှင့် နီးစပ်သည့် သတင်းမြစ်တစ်ခုက CNN သို့ ပြောကြားခဲ့သည်။ “တကယ့် ဂြိုဟ်သားတွေရဲ့ နည်းပညာအတိုင်းပဲ။”
အခြားသတင်းမြစ်တစ်ခုကမူ လေသူရဲသည် ကောင်းကင်ယံတွင် “ဒရုန်းမိုင်းကွင်း” တစ်ခုကို တွေ့ကြုံခဲ့ရသလိုမျိုး ဖော်ပြခဲ့ကြောင်း CNN သို့ ပြောသည်။
F-15 တိုက်လေယာဉ် ပျက်ကျရသည့် အတိအကျ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သော်လည်း၊ အဆိုပါ ဒရုန်းအုပ်စုဖွဲ့ပျံသန်းမှုသည် တစ်စုံတစ်ရာသော နည်းလမ်းဖြင့် အီရန်အား အမေရိကန်တိုက်လေယာဉ်ကို ပစ်ချနိုင်ရန် အထောက်အကူပြုခဲ့ခြင်း ဖြစ်နိုင် ကြောင်း ကနဦးအစီရင်ခံစာများက ညွှန်ပြနေသည်ဟု သတင်းမြစ်နှစ်ခုအရ သိရသည်။
F-15 တိုက်လေယာဉ်တွင် လေသူရဲတစ်ဦးနှင့် လက်နက်စနစ်အရာရှိတစ်ဦး အပါအဝင် အမှုထမ်း နှစ်ဦး လိုက်ပါခဲ့သည်။ အမေရိကန်တပ်ဖွဲ့များသည် ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို ချက်ချင်း စတင်ခဲ့ကြောင်း CNN က ယခင်က သတင်းဖော်ပြခဲ့သည်။
F-15 တိုက်လေယာဉ် ပစ်ချခံရမှုသည် ပဋိပက္ခအတွင်း အီရန်ကောင်းကင်ယံ၌ အမေရိကန်လေယာဉ်တစ်စင်း ပထမဆုံးအကြိမ် ပစ်ချခံရခြင်း ဖြစ်သည်။
လေသူရဲသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ကယ်ဆယ် နိုင်ခဲ့သော်လည်း၊ လက်နက်စနစ်အရာရှိမှာမူ တောင်တန်းများအတွင်း အီရန်၏ ဖမ်းဆီးမှုကို တစ်ရက်ကျော်ကြာ ရှောင်တိမ်းခဲ့ရပြီးမှ ကယ်ဆယ်နိုင်ခဲ့သည်။ လက်နက်စနစ် အရာရှိ ကလည်း အဆိုပါ ဒရုန်းအုပ်စုကို မြင်တွေ့ခဲ့ရခြင်း ရှိမရှိကိုမူ ရှင်းရှင်းလင်းလင်း မသိရ သေးပေ။
ကယ်ဆယ်ရေး ဆောင်ရွက်နေစဉ်အတွင်း ဒုတိယမြောက် လေယာဉ်ဖြစ်သည့် A-10 တစ်စင်းလည်း ပစ်ချခံခဲ့ရသော်လည်း ထိုလေသူရဲမှာ အီရန်လေပိုင်နက် အပြင်ဘက်သို့ ဘေးကင်းစွာ ခုန်ထွက်နိုင်ခဲ့သည်။
အမေရိကန် ထောက်လှမ်းရေးအရာရှိများသည် F-15 လေသူရဲ ဖော်ပြခဲ့သည့်အရာကို မည်သို့အဓိပ္ပာယ်ဖွင့်ဆိုရမည်နည်းနှင့် လေသူရဲအနေဖြင့် ထိုဖြစ်စဉ်ကို ရှင်းရှင်းလင်းလင်း ပြန်ပြောင်းပြောပြနိုင်ခြင်း ရှိမရှိအပေါ် သဘောထားကွဲလွဲခဲ့ကြသည်။
အကြောင်းရင်းတစ်ခုမှာ ၎င်းသည် လေယာဉ်ပျက်ကျမှုကြောင့် ဦးနှောက်တုန်ခါဒဏ်ရာ (Concussion) ရရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် အီရန်စစ်ပွဲအတွင်း ကောင်းကင်ယံမှ ဒုတိယအကြိမ်မြောက် ပစ်ချခံရခြင်းဖြစ်ပြီး၊ ပဋိပက္ခအစောပိုင်းက ကူဝိတ်တပ်ဖွဲ့များ၏ မှားယွင်းပစ်ခတ်မှု (Friendly fire) ကြောင့် ပစ်ချခံခဲ့ရသည့် လေသူရဲများထဲတွင်လည်း ၎င်းပါဝင်ခဲ့ကြောင်း သတင်းမြစ်နှစ်ခုအရ သိရသည်။
၎င်းသည် အမေရိကန်ထောက်လှမ်းရေးက မသိရှိသေးသည့် အဆင့်မြင့် စွမ်းဆောင်ရည် တစ်ခု ကို မြင်တွေ့ခဲ့ရခြင်းလော။ စမ်းသပ်ဆဲ အဆင့် (Beta test) တစ်ခုလော။ သို့မဟုတ် သဲကန္တာရထဲက တံလျှပ် (Mirage) တစ်ခုလော မသိနိုင်သေးပေ။
“မင်း တကယ်မြင်ခဲ့တယ်လို့ ပြောနေတဲ့အရာကို သေချာမြင်ခဲ့တာ ဟုတ်ရဲ့လားလို့ ထောက်လှမ်းရေးအရာရှိတွေက ပြန်လည်မေးမြန်းမှုအတွင်း မေးခဲ့တယ်” ဟု အခြား သတင်းရင်းမြစ်တစ်ခုက ဆိုသည်။
အမေရိကန် လေတပ်က မေးမြန်းမှုများကို အမေရိကန် ဗဟိုစစ်ဌာနချုပ် (US Central Command) ထံ လွှဲပြောင်းပေးခဲ့သော်လည်း ဗဟိုစစ်ဌာနချုပ်က CNN ၏ မေးခွန်းများကို တိုက်ရိုက်ဖြေကြားခြင်း မရှိခဲ့ပေ။ အမျိုးသားထောက်လှမ်းရေး ဒါရိုက်တာရုံး (Office of the Director of National Intelligence) ကလည်း မှတ်ချက်ပေးရန် တောင်းဆိုမှုကို ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပါ။
အီရန်၏ ဒရုန်းအစီအစဉ်နှင့် ပတ်သက်၍ မေးခွန်းများ ထွက်ပေါ်လာချိန်သည် အမေရိကန်နှင့် တီဟီရန်တို့အကြား အီရန်စစ်ပွဲကို အဆုံးသတ်မည့် သဘောတူညီချက်တစ်ခုအတွက် ညှိနှိုင်း နေချိန်နှင့် တိုက်ဆိုင်နေပြီး၊ ပြီးခဲ့သည့်အပတ်က အပစ်အခတ်ရပ်စဲရေး၏ အစိတ်အပိုင်း အဖြစ် ဆွေးနွေးပွဲများအတွက် ရက်ပေါင်း ၆၀ အချိန်အပိုင်းအခြားကို စတင်ခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲများသည် အီရန်၏ နျူကလီးယားအစီအစဉ်အပေါ် အဓိကထားလိမ့်မည်ဟု မျှော်လင့်ရသော်လည်း နှစ်ဖက်စလုံးက ကျယ်ပြန့်သော ကိစ္စရပ်များကို တင်ပြထားကြသည်။
လေသူရဲ ဖော်ပြခဲ့သည့် သတ်မှတ်ထားသော ဒရုန်းစွမ်းဆောင်ရည်သည် အမေရိကန် ထောက်မ်းရေးအေဂျင်စီများက အီရန်တွင် ရှိနေသည်ဟု ယခင်က တွက်ဆထားခြင်း မရှိသည့်အရာ ဖြစ်သော်လည်း၊ အီရန်သည် ၎င်း၏ ဒရုန်းနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တရုတ်နှင့် ရုရှားတို့ထံမှ အကူအညီများ ရရှိနေကြောင်း ညွှန်ပြနေသည့် အစီရင်ခံစာများ ရှိနေသည်ဟု ဤကိစ္စနှင့် နီးစပ်သည့် သတင်းမြစ်နှစ်ခုက ဆိုသည်။
လေသူရဲ ဖော်ပြခဲ့သည့် စွမ်းဆောင်ရည်၏ နည်းပညာဆိုင်ရာ အသုံးအနှုန်းမှာ “One-to-many meshed networking” (တစ်ခုမှ အများအပြား ချိတ်ဆက်ဆောင်ရွက်သော ကွန်ရက်စနစ်) ဖြစ်ကြောင်း သတင်းမြစ်များအရ သိရသည်။
ယေဘုယျအားဖြင့် meshed networking စနစ်သည် ထိန်းချုပ်မောင်းနှင်သူတစ်ဦးအား ဒရုန်းအမြောက်အမြားကို တစ်ပြိုင်နက်တည်း အမိန့်ပေးစေခိုင်းနိုင်စေသည်။
အခြားနိုင်ငံများဖြစ်သည့် ရုရှားနှင့် တရုတ်တို့တွင်လည်း ဤစွမ်းဆောင်ရည် ရှိသည်ဟု ယုံကြည်ကြသည်။ အီရန်၏ ဆန်းပြားပြီးသားဖြစ်သော ဒရုန်းစစ်ဆင်ရေး အစီအစဉ်တွင် မည်သည့်တိုးတက်မှုမဆိုသည် အမေရိကန်တပ်ဖွဲ့များနှင့် ဒေသတွင်းရှိ ၎င်း၏မဟာမိတ်များ အတွက် စိုးရိမ်စရာ ဖြစ်လာလိမ့်မည်။
Meshed networking စနစ်ကို သီအိုရီအရ လက်ရှိအခြေခံအဆောက်အအုံ မရှိသေးသည့် ဝေးလံခေါင်သီသော ဒေသများတွင် အင်တာနက်ချိတ်ဆက်မှု ပေးရန်အတွက်လည်း အသုံးပြု နိုင်ကြောင်း အမေရိကန် အရာရှိတစ်ဦးက မှတ်ချက်ပြုခဲ့သည်—သီအိုရီအရဆိုလျှင် ၎င်းသည် အကျိုးပြုသော လုပ်ဆောင်ချက်တစ်ခု ဖြစ်သည်။
အီရန်သည် အမေရိကန်နှင့် အစ္စရေးတပ်ဖွဲ့များ အပြင် အနီးနားရှိ ပင်လယ်ကွေ့နိုင်ငံများကိုပါ ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့် ပဋိပက္ခအတွင်း ၎င်း၏ တိုက်ခိုက်ရေး ဒရုန်းများ ကို အချိုးမညီသော လက်နက် (Asymmetric weapon) တစ်ခုအဖြစ် ပြင်းပြင်းထန်ထန် အသုံးပြုခဲ့သည်။
“အဲဒီလိုမျိုး ပေါင်းစပ်ညှိနှိုင်းနိုင်တဲ့အရာကနေ ကျွန်တော်တို့ကိုယ်တိုင် ကာကွယ်ဖို့အတွက် သွေးနဲ့ ရတနာတွေအများကြီး အပါအဝင် အလွန်အမင်း များပြားတဲ့ ငွေကြေးအမြောက် အမြားကို သုံးစွဲရပါလိမ့်မယ်” ဟု ဒရုန်းစစ်ဆင်ရေးနှင့် ကာကွယ်ရေး ခေတ်မီဆန်းသစ်မှု ဆိုင်ရာ ကျွမ်းကျင်သူဖြစ်ပြီး Cachai ကုမ္ပဏီကို တည်ထောင်သူ အမ်မာ ဘိတ်စ် (Emma Bates) က ဒရုန်းများအတွက် meshed networking စွမ်းဆောင်ရည်များကြောင့် ဖြစ်ပေါ် လာမည့် ခြိမ်းခြောက်မှုကို ရည်ညွှန်းပြီး CNN သို့ ပြောကြားခဲ့သည်။
“အကယ်၍ ၎င်းဟာ မှတ်မိနိုင်တဲ့ ပုံသဏ္ဌာန်တစ်ခုအဖြစ် သူ့ဖတ်သာသူ ပေါင်းစပ်ညှိနှိုင်း နိုင်ပြီး အဲဒီပုံသဏ္ဌာန်ကို ထိန်းသိမ်းထားနိုင်မယ်ဆိုရင်၊ ပြီးတော့ ၎င်းမှာ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ ပါလာမယ်ဆိုရင်၊ နောက်ပြီး ပထမအကြိမ် တိုက်ခိုက်မှုကနေ မဖျက်ဆီးနိုင်ခဲ့တဲ့ မည်သည့်အရာကိုမဆို ထပ်မံတိုက်ခိုက်ဖို့အတွက် အရန်အရင်းအမြစ်တွေကို ထိန်းသိမ်း ထားနိုင်မယ်ဆိုရင် – ဒါဟာ အလွန်ပဲ စွမ်းဆောင်ရည်မြင့်မားတဲ့ ချဉ်းကပ်မှုတစ်ခု ဖြစ်ပါတယ်” ဟု ဘိတ်စ်က ပြောကြားခဲ့သည်။

အီရန်နိုင်ငံပိုင် မီဒီယာက ထုတ်ပြန်ခဲ့ပြီး CNN က တည်နေရာ အတည်ပြုထားသည့် ဤဓာတ်ပုံတွင် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့က အီရန်နိုင်ငံ အစ္စဖာဟန်မြို့နှင့် ကီလိုမီတာ ၅၀ ခန့်အကွာ၌ ပျက်ကျလောင်ကျွမ်းနေသော လေယာဉ်အချို့၏ အပျက်အစီးများကို တွေ့ရသည်။ အဆိုပါပုံများတွင် မြင်တွေ့ရသည့် လေယာဉ်များကို အီရန်တပ်ဖွဲ့များက ပစ်ချခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ပြောကြားခဲ့သည်။ အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (ဓာတ်ပုံ)







