CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက်
ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊ ရထားများနှင့် လောင်စာဆီ တင်ကားများကို တိုက်ခိုက်နေကြသည်—၎င်းက ကိဗ် (Kyiv) အား မော်စကို၏ နွေရာသီ ထိုးစစ်ဆင်ရေး အစီအစဉ်များကို ဟန့်တားဖျက်ဆီးပစ်ရန် အခွင့်အရေးတစ်ခု ပေးစွမ်း နေသည်။
ရုရှားလောင်စာဆီတင်သင်္ဘောများ၊ ထရပ်ကားများနှင့် အခြားယာဉ်များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ပေါင်း ၁၅၀ ခန့်၏ ဗီဒီယိုနှင့် မှတ်တမ်းဓာတ်ပုံများကို ပြင်သစ် အခြေစိုက် ပွင့်လင်းရင်းမြစ် (Open-source) သုတေသီ ကလီးမန့် မိုလင် (Clément Molin)၊ စေတနာ့ဝန်ထမ်းများ ဦးစီးလုပ်ဆောင်နေသည့် Geoconfirmed အဖွဲ့နှင့် CNN ၏ OSINT (ပွင့်လင်းသတင်းမြစ် ထောက်လှမ်းရေး) အဖွဲ့တို့က တည်နေရာ အတည်ပြုဆန်းစစ် ခဲ့ကြသည်။
မှတ်တမ်းမတင်နိုင်ခဲ့သည့် တိုက်ခိုက်မှုပေါင်းများစွာလည်း ရှိနေဦးမည်မှာ သေချာ သလောက်ရှိသည်။ ဆိပ်ကမ်းအဆောက်အအုံများနှင့် သင်္ဘောများကဲ့သို့သော အခြားပစ်မှတ်များကို အရှိန်အဟုန်မြှင့် တိုက်ခိုက်မှုများအပြင်၊ ယခုတိုက်ခိုက်မှု အများစုသည် မေလအစပိုင်းကတည်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ပျံသန်းနိုင်စွမ်း ကီလိုမီတာ ၅၀ မှ ၃၀၀ ထိရှိပြီး ယူကရိန်းနိုင်ငံတွင်း၌သာ ထုတ်လုပ်သည့် အဆိုပါဒရုန်းများကို ရုရှားစစ်တပ်၏ ထောက်ပံ့ပို့ဆောင်ရေး (Logistics) စနစ်အား ပိတ်ဆို့ ဖြတ်တောက်ရန် ဒီဇိုင်းဆွဲထားခြင်းဖြစ်ပြီး၊ စစ်ပွဲသည် ပဉ္စမမြောက်နှစ်ထဲသို့ ရောက်ရှိ လာချိန်တွင် ယူကရိန်း၏ဗျူဟာသို့ တိုက်ခိုက်မှု အတိုင်းအတာအသစ်တစ်ခုကို ထပ်မံ ဖြည့်စွက် ပေးလိုက်ခြင်း ဖြစ်သည်။
အသစ်ဒီဇိုင်းဆွဲထားသည့် ဒရုန်းများထဲတွင် FP-2 နှင့် တစ်နာရီလျှင် ကီလိုမီတာ ၁၈၀ (၁၁၀ မိုင်) နှုန်းဖြင့် ပျံသန်းနိုင်ပြီး ၇၀ ကီလိုဂရမ်အလေးချိန်ရှိသော ထိပ်ဖူးကို သယ်ဆောင်နိုင်သည့် Behemoth ဒရုန်းတို့ ပါဝင်သည်။
“ယူကရိန်းဟာ ခရိုင်းမီးယား (Crimea) ကို သူ့ရဲ့ အဓိကထောက်ပံ့ရေး လမ်းမကြီးတွေကနေ ဖြတ်တောက်ဖို့နဲ့ ရှေ့တန်းတစ်လျှောက်လုံးမှာ ရုရှားရဲ့ ထောက်ပံ့ပို့ဆောင်ရေးအခြေအနေကို ရှုပ်ထွေးသွားအောင် လုပ်ဖို့အတွက် အကြီးစား ဒရုန်းစစ်ဆင်ရေးတစ်ရပ် စတင်နိုင်မယ့် နည်းလမ်းတွေကို ရရှိသွားပါပြီ” ဟု မိုလင်က CNN သို့ ပြောကြားခဲ့သည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့က ခရိုင်းမီးယားရှိ ရုရှားကျောထောက်နောက်ခံပြု ဒေသန္တရအစိုးရက လောင်စာဆီများကို အစိုးရအေဂျင်စီများအတွက်သာ ရရှိနိုင်မည်ဖြစ်ပြီး သာမန်ပြည်သူများ နှင့် စီးပွားရေးလုပ်ငန်းများအတွက် ရရှိနိုင်မည်မဟုတ်ကြောင်း ကြေညာခဲ့သည်။
ယူကရိန်း၏ ဒရုန်းစစ်ဆင်ရေးများကို ကိုင်တွယ်ဆောင်ရွက်နေသည့် စစ်ဘက်ဌာနခွဲဖြစ်သော မောင်းသူမဲ့စနစ်များဆိုင်ရာ တပ်ဖွဲ့က CNN သို့ ပြောကြားရာတွင် လွန်ခဲ့သည့်တစ်နှစ်အတွင်း အလတ်စား တိုက်ခိုက်ရေးတာဝန်များ ဆောင်ရွက်မှု အရေအတွက်သည် ၂၈ ဆအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။
၎င်း၏ ရည်ရွယ်ချက်မှာ ရုရှား၏ ထိုးစစ်ဆင်နိုင်စွမ်းကို နှိပ်ကွပ်ရန်၊ ရန်သူ့တပ်ဖွဲ့များအတွက် ကျော်လွှားရခက်ခဲသော ထောက်ပံ့ပို့ဆောင်ရေးနှင့် ရိက္ခာပြဿနာများကို ဖန်တီးရန်နှင့် ယူကရိန်း၏ အဝေးပစ်ဒရုန်းများအတွက် “စင်္ကြံလမ်းများ” ဖွင့်လှစ်ပေးနိုင်ရန် သိမ်းပိုက် ခံထားရသော ဒေသများရှိ ရုရှား၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ရှင်းလင်း ဖျက်ဆီးပစ်ရန် ဖြစ်သည်ဟု ဆိုသည်။
ဒရုန်းတိုက်ခိုက်မှုများကြောင့် ရုရှားနှင့် သိမ်းပိုက်ခံယူကရိန်းဒေသအကြားရှိ လမ်းကြောင်း အချို့မှာ အသုံးပြုရန် အလွန်အန္တရာယ်များသော လမ်းများ ဖြစ်သွားခဲ့သည်။ ၎င်း၏ နောက်ဆက်တွဲအကျိုးသက်ရောက်မှုအနေဖြင့် ယူကရိန်းတောင်ပိုင်းရှိ ရုရှားရှေ့တန်း စစ်သည်များအတွက် လောင်စာဆီနှင့် ခဲယမ်းမီးကျောက် ပြတ်လပ်မှုများ ဖြစ်ပေါ်စေပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ စစ်ပွဲကာလ ရည်မှန်းချက်များကို ပိုမိုအဟန့်အတား ဖြစ်စေခဲ့သည်။
စစ်ပွဲအစောပိုင်းရက်များကတည်းက ရုရှားတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် ခရိုင်းမီးယားနှင့် မယ်လီတိုပိုလ် (Melitopol) မြို့အကြားရှိ အဝေးပြေးလမ်းမကြီးပေါ်တွင် မီးလောင်ပျက်စီး နေသော ထရပ်ကားများနှင့် ဆီသယ်ယာဉ်များ ပြန့်ကျဲနေသည်ကို တည်နေရာ အတည်ပြု ထားသည့် ဗီဒီယိုမှတ်တမ်းအရ သိရသည်။ ခရိုင်းမီးယားတွင်လည်း လောင်စာဆီပြတ်လပ်မှု များ စတင်ကြုံတွေ့နေရသည်။
Futura Doctrina ဘလော့ဂ်ကို ရေးသားသူလည်းဖြစ်၊ သြစတြေးလျစစ်တပ်၏ အရာရှိ ကြီးဟောင်းလည်းဖြစ်သူ လေ့လာဆန်းစစ်သူ မစ်ခ် ရိုင်ယန် (Mick Ryan) အဆိုအရ ယူကရိန်းဒရုန်းများသည် ခရိုင်းမီးယားသို့ ကမ်းရိုးတန်းတစ်လျှောက် သွယ်တန်းထားသည့် အဝေးပြေးလမ်းမကြီး သုံးခု၏ ဝေဟင်ထိန်းချုပ်မှုကို ရယူထားနိုင်ခဲ့ကြောင်း သိရသည်။
“ဓာတ်ဆီတင်ကားတွေနဲ့ ကုန်တင်ကားတွေဟာ ပုံမှန်လိုလို မီးရှို့ဖျက်ဆီးခံနေရပါတယ်” ဟု ရုရှားစစ်ဘက်ဆိုင်ရာ ဘလော့ဂ်ဂါတစ်ဦးက ဝန်ခံခဲ့သည်။ “ကျွန်းဆွယ်ကို ကုန်းမကြီးနဲ့ ချိတ်ဆက်ထားတဲ့ လမ်းကြောင်းတွေဟာ တစ်ခုပြီးတစ်ခု ပြတ်တောက်နေပါတယ်။”
တိုးချဲ့လာသော ‘သေမင်းတမန်ဇုန်များ’ (Kill zones)
ယူကရိန်းကာကွယ်ရေးဝန်ကြီး မီခိုင်လို ဖီဒိုရော့ဗ် (Mykhailo Fedorov) က ၎င်းကို ရှေ့တန်းစစ်မျက်နှာ၏ နောက်ကွယ်အဝေးကြီး၌ “ရုရှား၏ စွမ်းဆောင်ရည်များကို စနစ်တကျ ဖျက်ဆီးပစ်ရန်” နှင့် “၎င်းတို့အား တက်ကြွသော တိုက်ခိုက်ရေးစစ်ဆင်ရေးများ ဆောင်ရွက် နိုင်စွမ်း မရှိစေရန်” အတွက် “ထောက်ပံ့ပို့ဆောင်ရေး ပိတ်ဆို့မှု” လုပ်ဆောင်ခြင်းကို (Logistical lockdown) ဟု ခေါ်ဆိုခဲ့သည်။
“ရန်သူဟာ တိုက်ပွဲဖြစ်ပွားရာ လမ်းကြောင်းကနေ တော်တော်လေး ဝေးကွာတဲ့ နေရာမှာတောင် ဘေးကင်းတယ်လို့ ခံစားရတော့မှာ မဟုတ်ပါဘူး” ဟု ဖီဒိုရော့ဗ်က ပြီးခဲ့သည့်လတွင် ပြောကြားခဲ့သည်။ မိုလင်၏ သုတေသနပြုချက်များအရ အဆိုပါဗျူဟာ သည် ထိရောက်မှုရှိကြောင်း ညွှန်ပြနေသည်။
ရှေ့တန်းစစ်မျက်နှာမှ ၃၀၀ ကီလိုမီတာ (၁၈၆ မိုင်) အထိ ရောက်ရှိခဲ့သော ယူကရိန်း၏ တိုက်ခိုက်မှု ရာပေါင်းများစွာကို မြေပုံဖော်ထုတ်ပြီးနောက်၊ ယူကရိန်းသည် “သေမင်းတမန်ဇုန်” ၏ အတိမ်အနက်ကို တစ်ကျော့ပြန် အဓိပ္ပာယ်ဖွင့်ဆိုနိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။
“အဓိကလမ်းကြောင်းတွေပေါ်မှာ ပျံသန်းပြီး ရုရှားရဲ့ ထောက်ပံ့ပို့ဆောင်ရေး၊ အထူးသဖြင့် စစ်ဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းတွေနဲ့ လောင်စာဆီတင်ကားတွေကို ပစ်မှတ်ထားတဲ့ လှည့်လည်သွားလာနိုင်သော ခဲယမ်းဒရုန်း (Roving munitions) တွေဟာလည်း အလွန် ထိရောက်မှုရှိပါတယ်” ဟု မိုလင်က ပြောကြားခဲ့သည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလကတည်းက ရထားတွဲပေါင်း ၂၀ ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး ၎င်းတို့အနက် အများစုမှာ လောင်စာဆီ တင်ရထားများဖြစ်ကာ ရှေ့တန်းစစ်မျက်နှာတစ်ခုလုံးတွင် ပြန့်နှံ့နေကြောင်း ၎င်းက ဆက်လက်ပြောသည်။
စစ်ပွဲလေ့လာရေးအဖွဲ့ (ISW) အရ “မေလအတွင်းက တည်နေရာအတည်ပြုထားသော ရုပ်သံမှတ်တမ်းများတွင်လည်း ယူကရိန်းတပ်ဖွဲ့များသည် ခရိုင်းမီးယားနှင့် ယူကရိန်း တောင်ပိုင်းရှိ အခြားနေရာများက လမ်းမကြီးများအနီး၌ ရုရှားထရပ်ကားများနှင့် အခြားယာဉ် အနည်းဆုံး ၃၅ စင်းကို တိုက်ခိုက်ခဲ့သည်ကို တွေ့ရသည်” ဟု သိရသည်။
ဥပမာတစ်ခုအနေဖြင့် ခရိုင်းမီးယားနှင့် သိမ်းပိုက်ခံယူကရိန်းဒေသကို ချိတ်ဆက်ထားသည့် အရေးအကြီးဆုံး လမ်းကြောင်းဖြစ်သော ချွန်ဟာ (Chonhar) ရွာအနီးရှိ တံတားတစ်စင်း ဖြစ်သည်။ ယူကရိန်းဒရုန်းတပ်ဖွဲ့တစ်ခုသည် ထိုတံတားကို ထပ်ခါတလဲလဲ တိုက်ခိုက်ခဲ့ပြီး လမ်းမျက်နှာပြင်တွင် အပေါက်ကြီးများ ဖြစ်သွားသည့် ပုံရိပ်များကို ထုတ်ပြန်ခဲ့သည်။
သိမ်းပိုက်ခံထားရသော ခါဆွန် (Kherson) ဒေသရှိ ရုရှားကျောထောက်နောက်ခံပြု အုပ်ချုပ်ရေးအဖွဲ့က ချွန်ဟာတံတားနှင့် အခြားတံတားများ ထိခိုက်ပျက်စီးမှုကို ဝန်ခံထားရပြီး—ယာဉ်အသွားအလာများကို ထပ်ခါတလဲလဲ ရပ်ဆိုင်းခဲ့ရကာ ၎င်းတို့အစား ထိရောက်မှုအားနည်းသော ပွန်တွန်ဗေဒါတံတား (Pontoon bridges) များကို အစားထိုး တည်ဆောက်ခဲ့ရသည်။
ရုရှား၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များသည် ဤခြိမ်းခြောက်မှုကို ကိုင်တွယ် ဖြေရှင်းရန် မစွမ်းဆောင်နိုင်ပုံပေါ်သည်။
ယူကရိန်းဒရုန်းတပ်ဖွဲ့များ၏ တပ်မှူး ရောဘတ် ဘရော့ဗ်ဒီ (Robert Brovdi) အရ ယခုလ အတွင်း နှစ်ပတ်အတွင်းမှာတင် ချွန်ဟာတံတားကို အသုံးပြုသည့် ကုန်စည်ပို့ဆောင်မှုသည် ၇၁ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း သိရသည်။
ယူကရိန်းစစ်တပ်၏ ပြောကြားချက်အရ အဆိုပါ ပစ်မှတ်ထားမှုများကြောင့် ရုရှားများသည် အခြားရွေးချယ်စရာ လမ်းကြောင်းတစ်ခုကို အသုံးပြုခဲ့ကြရပြီး စစ်ဘက်ဆိုင်ရာရိက္ခာများ တင်ဆောင်လာသည့် အဝေးပြေးထရပ်ကား အမြောက်အမြားကို အနောက်ဘက်စွန်းသို့ ပို့ဆောင်ခဲ့ရသည်။ အာမြန်စ် (Armiansk) မြို့ကို ဖြတ်သန်းသွားသော ထိုလမ်းကြောင်း သည် လည်း တိုက်ခိုက်ခြင်း ခံခဲ့ရသည်။
“အဲဒီအချိန်တုန်းက အဲဒီနေရာမှာ ယာဉ်အစီးရေ ၅၀ လောက် စုပြုံနေခဲ့တာပါ” ဟု ယူကရိန်း၏ ပထမဆုံး သီးခြားတိုက်ခိုက်ရေးတပ်မဟာမှ တပ်မှူး ဒီမစ်ထရို ဖီလာတော့ဗ် (Dmytro Filatov) က ပြောကြားခဲ့သည်။
အဆိုပါ ဆက်တိုက်တိုက်ခိုက်မှုများကြောင့် ရုရှားပိုင်နက်နှင့် ခရိုင်းမီးယားကို ကာ့ခ်ျရေလက်ကြား (Kerch Strait) အထက်မှ ဖြတ်သန်းချိတ်ဆက်ထားသည့် အခြားတံတားတစ်စင်းသည် ယခုအခါ ပိုမိုအရေးကြီးသော သွေးကြောတစ်ခု ဖြစ်လာခဲ့သည်။
ယူကရိန်း၏ တိုက်ခိုက်မှုများသည် “ခရိုင်းမီးယားသို့ ထောက်ပံ့ပို့ဆောင်ရေးကို ထိန်းသိမ်းရန် အတွက် ကာ့ခ်ျတံတား (Kerch bridge) ၏ အရေးပါမှုကို ပိုမိုမြင့်တက်စေခဲ့သည်။ ယူကရိန်း အနေနဲ့ အဲဒီတံတားကို ယူကရိန်းလုပ်ဒရုန်းတွေ သို့မဟုတ် ဒုံးကျည်တွေနဲ့ ပစ်မှတ်ထားဖို့ ကြိုးစားလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု လေ့လာဆန်းစစ်သူ ရော့ဘ် လီ (Rob Lee) က ရေးသားခဲ့သည်။
၂၀၁၈ ခုနှစ်တွင် ပူတင်ကိုယ်တိုင် ဖွင့်လှစ်ခဲ့သော ကာ့ခ်ျလမ်းနှင့် ရထားလမ်း ကူးတို့ တံတားသည် ယခင်ကလည်း ယူကရိန်း၏ တိုက်ခိုက်မှုများအတွက် ပစ်မှတ်ဖြစ်ခဲ့ဖူးသည်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး (Volodymyr Zelensky) ၏ ပြောကြားချက်အရ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဒရုန်းများသည် ကာ့ခ်ျတံတား၏ ဘေးတစ်ဖက်တစ်ချက်စီရှိ အဆောက်အအုံများကို ထိမှန်ခဲ့ပြီး ၎င်းတို့အထဲတွင် ကရာစနိုဒါ (Krasnodar) ဒေသရှိ ရေနံသယ်ယူပို့ဆောင်ရာတွင် အသုံးပြုသည့် ရေကြောင်းထောက်ပံ့ပို့ဆောင်ရေး အဆောက်အအုံတစ်ခုနှင့် ရေနံသိုလှောင်ရုံတစ်ခုတို့ ပါဝင်ကြောင်း သိရသည်။ ဒေသန္တရ အစိုးရက လူ ၄ ဦး သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။
သွားလာခွင့်မပြုသော လမ်းကြောင်းများ
ရုရှားမှ သိမ်းပိုက်ခံယူကရိန်းဒေသသို့ ဦးတည်နေသည့် အချို့သောအဝေးပြေးလမ်းမကြီးများ သည် အဆိုပါ အလတ်စားဒရုန်းများ၏ ခြိမ်းခြောက်မှုကြောင့် ယခုအခါ စစ်ဘက်ဆိုင်ရာ သွားလာမှုများအတွက် အသုံးပြုခွင့် မရှိတော့ပေ။
သိမ်းပိုက်ခံ လူဟန့်စ် (Luhansk) ဒေသရှိ ရုရှားကျောထောက်နောက်ခံပြု အာဏာပိုင်များက ရုရှားနိုင်ငံအတွင်းရှိ ဘဲလ်ဂိုရော့ဒ် (Belgorod) နှင့် ရိုစတော့ဗ်-အွန်-ဒွန် (Rostov-on-Don) တို့မှ လာသော အဝေးပြေးလမ်းမကြီး နှစ်ခုပေါ်တွင် ယာဉ်သွားလာမှုများကို ရပ်ဆိုင်းကြောင်း ကြေညာခဲ့ပြီး ယင်းလမ်းများသည် စစ်တပ်နှင့် သိမ်းပိုက်ခံနယ်မြေများသို့ ရိက္ခာပြန်လည် ဖြည့်တင်းရန်အတွက် အရေးပါသော လမ်းကြောင်းများဖြစ်သည်။
“မကြာသေးခင်က ဒေသတွင်း သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံတွေအပေါ် တိုက်ခိုက်မှုတွေဟာ ပိုပြီး စိတ်လာခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။
ယူကရိန်းသည် သိမ်းပိုက်ခံနယ်မြေအတွင်းရှိ အာဇော့ဗ်ပင်လယ် (Sea of Azov) ပေါ်က မဟာဗျူဟာမြောက် စက်မှုဗဟိုချက်ဖြစ်သော မာရီယူပိုလ် (Mariupol) ဆိပ်ကမ်းကိုလည်း စတင်ပစ်မှတ်ထား တိုက်ခိုက်လာခဲ့သည်။
ဆိပ်ကမ်းသည် “လျှပ်စစ်မီး လုံးဝပြတ်တောက်သွားခဲ့ပြီး ရုရှားတပ်ဖွဲ့တွေရဲ့ ထောက်ပံ့ ပို့ဆောင်ရေးကို သိသိသာသာ အဟန့်အတားဖြစ်စေခဲ့ပါတယ်” ဟု ယခုလအစောပိုင်းက ဆိပ်ကမ်းဧရိယာကို ဒရုန်းအမြောက်အမြား တိုက်ခိုက်နေသည့် ရုပ်သံဗီဒီယိုကို ထုတ်ပြန်ခဲ့ သည့် ယူကရိန်း အမျိုးသားအစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။
ရုရှားစစ်ဘက်ဆိုင်ရာ ဘလော့ဂ်ဂါများသည် ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ နှေးကွေးသော တုံ့ပြန်မှုအပေါ် ၎င်းတို့မြင်တွေ့ရသည့်အတိုင်း မကျေမနပ်ဖြစ်နေကြသည်။
ယူကရိန်း၏ စစ်ဆင်ရေးသည် “တောင်ပိုင်းရှိ ရေနံချက်စက်ရုံတွေကို ဖျက်ဆီးပစ်နေပြီး လောင်စာဆီနဲ့ ထောက်ပံ့ပို့ဆောင်ရေး ပြဿနာတွေကို ဖန်တီးနေပါတယ်၊ အခုဆိုရင် ရန်သူဟာ ‘ဒရုန်းအုပ်စုကြီးတွေ’ နဲ့ အရပ်ဘက်လေကြောင်းပျံသန်းမှုတွေကိုပါ ရပ်တန့် ပစ်နေပါပြီ” ဟု လူကြိုက်အများဆုံး ဘလော့ဂ်ဂါများထဲမှ တစ်ဦးဖြစ်သည့် Two Majors က ရေးသားခဲ့သည်။
ရုရှားတပ်ဖွဲ့များအကြား Starlink ဂြိုဟ်တုချိတ်ဆက်မှုများကို အသုံးပြု၍မရအောင် လုပ်ဆောင်နိုင်ခြင်းကလည်း ယူကရိန်း၏ စစ်ဆင်ရေးကို အထောက်အကူဖြစ်စေခဲ့သည်။
သို့သော်လည်း လေ့လာဆန်းစစ်သူများနှင့် ယူကရိန်းစစ်တပ်မှ အချို့သောသူများက ယခုအသာစီးရမှုသည် ရေရှည်တည်တံ့မည်မဟုတ်ကြောင်း ဝန်ခံထားကြသည်။
စစ်ပွဲလေ့လာရေးအဖွဲ့ (ISW) အရ “ရုရှားတပ်ဖွဲ့တွေ အားနည်းချက်ရှိနေဆဲဖြစ်တဲ့ အချိန်မှာ ယူကရိန်းအနေနဲ့ ၎င်းရဲ့ လက်ရှိဦးဆောင်မှု အခွင့်အရေးကို အသုံးချဖို့အတွက် ထူးခြားပြီး အချိန်ကန့်သတ်ချက်ရှိတဲ့ အခွင့်အလမ်းကို ရရှိထားတာ ဖြစ်နိုင်ပါတယ်” ဟု သိရသည်။
သို့သော်ငြားလည်း၊ ရိုင်ယန်၏အမြင်အရ စစ်မြေပြင်တွင်ဖြစ်စေ၊ ထောက်ပံ့ရေး လမ်းကြောင်းများအပေါ်တွင်ဖြစ်စေ၊ ရုရှားနိုင်ငံအတွင်းပိုင်း အဝေးကြီးတွင်ဖြစ်စေ ယူကရိန်း၏ ဒရုန်းသုံးဆင့်ဗျူဟာသည် “ရုရှားတပ်ဖွဲ့တွေအပေါ် ဖိအားတွေကို တိုးမြင့်စေပြီး ၎င်းတို့ရဲ့ ထိုးစစ်ဆင်နိုင်စွမ်းကို ကျဆင်းစေကာ အနာဂတ် ယူကရိန်း ထိုးစစ်ဆင်ရေးတွေ အတွက် စစ်မြေပြင်ကို ပုံဖော်ပေးနေခြင်း ဖြစ်သည်” ဟု ဆိုသည်။
ယူကရိန်းတောင်ပိုင်းရှိ ရုရှားတပ်ဖွဲ့များသည် ယခုနှစ်အတွင်း စစ်မြေပြင်တွင် နယ်မြေအချို့ ဆုံးရှုံးခဲ့ပြီးဖြစ်ကာ၊ အကြောင်းရင်းတစ်ခုမှာ မြောက်ပိုင်းလမ်းကြောင်းများနှင့် နှိုင်းယှဉ်ပါက ၎င်းတို့၏ ထောက်ပံ့ရေးလမ်းကြောင်းများက ပိုမိုထိခိုက်လွယ်သောကြောင့် ဖြစ်သည်။
လွတ်လပ်သော ယူကရိန်းသုတေသနအဖွဲ့ Deep State အရ “သိမ်းပိုက်ခံထားရတဲ့ နယ်မြေ တောင်ပိုင်းဒေသ၊ အထူးသဖြင့် ခရိုင်းမီးယားကနေ ဖြတ်သန်းသွားလာသမျှ အရာအားလုံးကို ထိန်းချုပ်နိုင်စွမ်း” သည် လက်တစ်ကမ်းအကွာသို့ ရောက်ရှိနေပြီဖြစ်ပြီး ၎င်းက တောင်ပိုင်းရှိ ရုရှားတပ်ဖွဲ့များကို “ငတ်ပြတ်မည့် ရိက္ခာပုံစံ” (Starvation ration) သို့ ဆိုက်ရောက် စေမည် ဖြစ်ကြောင်း သိရသည်။

ယူကရိန်းနိုင်ငံအတွင်းရှိ မဖော်ပြထားသော နေရာတစ်ခုတွင် မောင်းသူမဲ့စနစ်များဆိုင်ရာ တပ်ဖွဲ့ (Unmanned Systems Forces) မှ တပ်ဖွဲ့ဝင်အချို့က အလတ်စား တိုက်ခိုက်ရေး ဒရုန်းများကို လွှတ်တင်ရန် ပြင်ဆင်နေကြစဉ်။ (ဗလန်တိုင်း အိုဂီရန်ကို/ရိုက်တာ ဓာတ်ပုံ)

ယူကရိန်း ကာကွယ်ရေးဝန်ကြီး မီခိုင်လို ဖီဒိုရော့ဗ် (ဘယ်ဘက်မှ ဒုတိယမြောက်) သည် မေလ ၁၁ ရက်နေ့က ကိဗ်မြို့၌ ပြုလုပ်ခဲ့သော ယူကရိန်းနှင့် ဂျာမနီ ကိုယ်စားလှယ်အဖွဲ့များအကြား တွေ့ဆုံပွဲသို့ တက်ရောက်စဉ်။ (ဒန်နီလို အန်တိုနီယက်/အာနာဒိုလူ/ဂက်တီပုံရိပ်များ ဓာတ်ပုံ)

ဇွန်လ ၁၀ ရက်နေ့က ခရိုင်းမီးယားရှိ ရုရှားရေတပ်အခြေစိုက်စခန်းကြီး တည်ရှိရာ ဆီဗာစတိုပို (Sevastopol) မြို့ရှိ ပြတိုက်တစ်ခုတွင် ယူကရိန်းဒရုန်းတိုက်ခိုက်မှုကြောင့် အဆောက်အအုံ ထိခိုက်ပျက်စီးခဲ့ပြီးနောက် မီးသတ်သမားများ မီးငြှိမ်းသတ်နေစဉ်။ (ဆီဗာစတိုပိုမြို့ အုပ်ချုပ်ရေးမှူး မီခေးလ် ရက်ဇ်ဗိုဇာယက်ဗ်/ဟန်းဒ်အောက်/ရိုက်တာ ဓာတ်ပုံ)

ယူကရိန်းစစ်သည်တစ်ဦးသည် ၂၀၂၆ ခုနှစ်၊ မေလ ၁၈ ရက်နေ့က ယူကရိန်းနိုင်ငံ၊ ဒိုးနက်စ် (Donetsk) ဒေသရှိ ရှေ့တန်းစစ်မျက်နှာအနီးတွင် AI (ဉာဏ်ရည်တု) စနစ်များ တပ်ဆင်ထားသည့် Gara အမည်ရှိ ယူကရိန်းဒရုန်းတစ်စင်းအား ရုရှားတပ်ဖွဲ့များ၏ တည်နေရာများအပေါ်သို့ မလွှတ်တင်မီ ပြင်ဆင်နေစဉ်။ (အန်နာတိုလီ စတီပါနော့ဗ်/ရိုက်တာ ဓာတ်ပုံ)







