ဇွန်လ (၂၇)ရက်။
အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
တော်လှန်ရေးအင်အားစုတွေအကြား ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းသင့်ပြီး စစ်ရေးနည်းနဲ့ ဖြေရှင်းတာက ကိုယ့်အင်အား ကိုယ်ဖြိုခွဲရာ ရောက်နေတယ်လို သတိပေးထားပါတယ်။
အခုအခါ လူထုဟာ စစ်တပ်ရဲ့ ယုတ်မာရက်စက်တာတွေကို ခါးစီးခံနေကြရပြီး တော်လှန်ရေးအဖွဲကြား ပြဿနာတွေကိုပါ လက်နက်ကိုင်အင်အားသုံး ဖြေရှင်းရင် လူထုဘဝအခြေအနေက ဒီထက်ပျက်စီးစရာ မရှိတော့ဘူးလို ဆိုပါတယ်။
ဒါ့ကြောင့် ကျောင်းသားသမဂ္ဂအင်အားစုတွေက နိုင်ငံရေးအရ ညီညွတ်တဲ့ တပ်ပေါင်းစု ပေါ်ပေါက်လာဖိုနဲ့ တော်လှန်ရေးအောင်မြင်ဖို အချက်(၃)ချက်ကို ထုတ်ပြန်တင်ပြထားပါတယ်။
အဲ့ဒီအချက်တွေထဲ တော်လှန်ရေးအင်အားစုတွေအကြား နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေကို စစ်အင်အားသုံး မဖြေရှင်းဘဲ နိုင်ငံရေးစားပွဲဝိုင်းပေါ်မှာသာ အဖြေရှာဖို ပါဝင်ပါတယ်။
နောက်ပြီး မိတ်ဖက်အဖွဲအကြား ပြဿနာတွေအပေါ် အင်အားသုံး လက်နက်ကိုင်ဖြေရှင်းနည်းကို မကျင့်သုံးဖို အာမခံနိုင်တဲ့ မူဝါဒတွေ ချမှတ်ဖို ထည့်သွင်းပြောဆိုထားပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်တိုက်ပွဲဝင်နိုင်ဖို ပြည်သူတရပ်လုံးပါဝင်တဲ့ နိုင်ငံရေးအရ တန်းတူညီမျှမှု၊ အပြန်အလှန်လေးစားမှု၊ ရိုင်းပင်းကူညီမှုရှိတဲ့ တပ်ပေါင်းစုကို စုစည်းတည်ဆောက်ဖို တိုက်တွန်းထားတယ်လို သိရပါတယ်။









