မန်ယူအသင်းဟာ ဇန်နဝါရီလ ၃၁ ရက်နေ့က ပိတ်သိမ်းခဲ့တဲ့ အပြောင်းအရွှေ့စျေးကွက်နောက်ဆုံးနေ့မှာ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ မာဆယ်ဆာဘစ်ဇာကို အငှားခေါ်ချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ မန်ယူနည်းပြ တန်ဟတ်ဟာ ကာလရှည်ဒဏ်ရာရသွားတဲ့ ကွင်းလယ်လူ အဲရစ်ဆင်နဲ့ ကာလတို ဒဏ်ရာရနေတဲ့ တွမ်မီနေးတို့ရဲ့နေရာမှာ အစားထိုးဖို့အတွက် ဆာဘစ်ဇာကို ယခုရာသီအကုန်ထိ အငှားခေါ်ယူခဲ့တာပါ။
အသက် ၂၈ နှစ်အရွယ် ဆာဘစ်ဇာဟာ ၂၀၂၁ ခုနှစ်က ဘိုင်ယန်မြူးနစ်အသင်းကို ရောက်ရှိလာပြီး အခုချိန်ထိ ပွဲပေါင်း ၅၄ ပွဲကစားထားသူဖြစ်ပါတယ်။ မန်ယူအသင်းက အငှားနဲ့ကမ်းလှမ်းမှုအပေါ် လက်ခံခဲ့ပြီးနောက် ဆာဘစ်ဇာက “ တစ်ခါတလေ ဘ၀မှာ မြန်ဆန်တဲ့ဆုံးဖြတ်ချက်တွေကို ချမှတ်ရ လေ့ရှိပါတယ်။ မန်ယူအသင်းက ကမ်းလှမ်းလာတယ်ဆိုတဲ့သတင်းကို ကြားရကတည်းက ကျတော့် အတွက် အခွင့်အရေးတစ်ခုလို့ ယုံကြည်ခဲ့ပါတယ်။ မန်ယူအသင်းအတွက် အစွမ်းကုန်ကူညီပြီး ဆုဖလားတွေ ရယူပေးချင်ပါတယ်” လို့ ထုတ်ဖော်ပြောသွားခဲ့ပါတယ်။
ဆာဘစ်ဇာဟာ ယခင်က လိုက်ပ်ဇစ်အသင်းနဲ့အတူ ပွဲပေါင်း ၄၄၃ ပွဲကစားခဲ့သလို ဩစတြီးယား လက်ရွေးစင်အသင်းအတွက်လည်း ၆၈ ပွဲကစား ၁၂ ဂိုးသွင်းယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။ မန်ယူက ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်ဟာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ဧပြီလကုန်ထိ အနားယူရမှာ ဖြစ်သလို တွမ်မီနေးကလည်း ဒဏ်ရာရနေလို့ တန်ဟတ်ရဲ့ မန်ယူအသင်းမှာ ကွင်းလယ် ကစားသမား စစ်စစ် ၂ ဦးသာကျန်ရှိနေတာပါ။
မန်ယူအသင်းဟာ လက်ကျန်ရာသီဝက်မှာ ပြိုင်ပွဲ ၄ ခုစလုံး ရင်ဆိုင်ကစားနေရတာဖြစ်ပြီး ယနေ့ည (ဗုဒ္ဓဟူးည)မှာတော့ လိဂ်ဖလားဆီမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ရင်ဆိုင်ဖို့ရှိနေပါတယ်။