စီရော်နယ်ဒိုကို အသင်းက ဖယ်ရှားခဲ့တဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ အမြဲတမ်းလိပ်ပြာလုံတယ်လို့ မန်ယူနည်းပြ အဲရစ်တန်ဟတ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အဲရစ်တန်ဟတ်ဟာ မန်ယူနည်းပြဘ၀အစမှာ ရလဒ်ကောင်းရဖို့ ရုန်းကန်ခဲ့ရသလို တိုက်စစ်မှူး စီရော်နယ်ဒိုနဲ့လည်း ဆက်ဆံရေးအဆင်မပြေခဲ့ပါဘူး။
၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ စီရော်နယ်ဒိုက အထူးအင်တာဗျူးတစ်ခုမှာ တန်ဟတ်ရဲ့ နည်းဗျူဟာ တွေအကြောင်းကို တရား ဝင်ဝေဖန်ပြောဆိုခဲ့ပြီး အဲဒီနောက်ပိုင်းမှာပဲ အသင်းက စီရော်နယ်ဒိုနဲ့ စာချုပ်ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။ စီရော်နယ်ဒိုကို ပွဲထွက်လူစာရင်းက မကြာခဏချန်လှပ်ထားခဲ့တာနဲ့ ပတ်သက်ပြီး အဲရစ်တန်ဟတ်က “ သူ့ကို ပွဲတိုင်း ကစားခွင့်မပေးတာ အကြောင်းပြချက်တွေ အများကြီးရှိပါတယ်။ အဲဒီကဖြစ်လာမယ့် အကျိုးဆက်ကိုလည်း သိပါတယ်။ လိပ်ပြာလည်းလုံပါတယ်။ ဒါက ကျတော်လုပ်ရမယ့်အလုပ်ဖြစ်သလို ကျတော်ပဲ တာဝန်ခံရမှာပါ။ ကျတော့်ရဲ့ဆုံးဖြတ်ချက်က ရေတိုမဟုတ်ဘူး။ ရေရှည်အတွက်ဖြစ်ပါတယ်”လို့ ထုတ်ဖော်ပြောသွားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် တန်ဟတ်က စီရော်နယ်ဒိုနဲ့ပတ်သက်ပြီး ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်မှားယွင်းသွားခဲ့ရင်လည်း ရင်ဆိုင်ဖို့အသင့်ပဲလို့ ဆိုပါတယ်။ စီရော်နယ်ဒိုဟာ မန်ယူအသင်းနဲ့လမ်းခွဲခဲ့ပြီးနောက် ၂၀၂၂ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ပွဲထွက်စာရင်းက ချန်လှပ်ခံခဲ့ရလို့ ပေါ်တူဂီနည်းပြဆန်းတို့စ်နဲ့ပါ ဆက်ဆံရေးပျက်ပြားခဲ့ရပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာတော့ ဆော်ဒီကလပ် အဲလ်နာဆာအသင်းကို တစ်နှစ်လုပ်ခလစာ ပေါင်သန်း ၂၀၀ နဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။