ယနေ့ မတ်လ (၂၅) ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ အရှေ့မြောက်ခြမ်း ဆားလင်းကြီးမြို့နယ်၊ ကံကုန်းနှင့် ဒုန်းတောရွာများကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာပြီး ရွှေဘုံသာဘုရားတောင်ကုန်းတွင် တပ်စွဲထားသဖြင့် ရွာခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရဟု စစ်ကိုင်းမှ သတင်းပို့လာပါသည်။
ကံကုန်းရွာအနီးတွင် မိုးကြိုးဆာလ်ဖျူရစ်အက်ဆစ်စက်ရုံ တည်ရှိပြီး ယင်းအက်ဆစ်စက်ရုံကို မြန်မာစီးပွားရေးဦးပိုင်ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီတို့က တည်ဆောက်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် စတင်လည်ပတ်ခဲ့ကြောင်း သိရှိရပါသည်။
၎င်းစက်ရုံမှ ထွက်ရှိသည့် အက်ဆစ်ကို လက်ပံတောင်းတောင်၊ စပယ်တောင်နှင့် ကြေးစင်တောင်တို့၌ ကြေးနီထုတ်လုပ်ရာတွင် အသုံးပြုကြောင်း သိရှိရပါသည်။ တစ်ရက်ကို အက်ဆစ် တန်ချိန် ၅၀ ထုတ်လုပ်နိုင်သည်။