နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ရွှေဟင်္သာကျေး ရွာအုပ်စုရှိ တံတားဦးကျေးရွာ၊ ကံသာကျေးရွာအုပ်စုရှိ အောင်မြင်ကုန်းကျေးရွာတို့တွင် ဧပြီလ (၂၁) ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်ခန့်က လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူ (၆) ဦးသေဆုံး၊ (၁၀၉) ဦး ဒဏ်ရာရခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါသည်။
လေပြင်းတိုက်ခတ်မှုကြောင့် တံတားဦးကျေးရွာတွင် နေအိမ် (၇၇) လုံးခန့်၊အောင်မြင်ကုန်းကျေးရွာတွင် နေအိမ် (၁၅၅) လုံးခန့်ပျက်စီးဆုံးရှုံးခဲ့ကာ ဘုရားစေတီအချို့လည်း ပျက်စီးမှုများရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် တံတားဦးကျေးရွာတွင် အမျိုးသမီး (၂) ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၄၈) ဦး၊ အောင်မြင်ကုန်းကျေးရွာတွင် အမျိုးသား (၂) ဦးနှင့်အမျိုးသမီး (၂) ဦးတို့သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ (၆၁) ဦး ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာနှစ်ရွာက နေအိမ် စုစုပေါင်း (၂၃၀) ကျော် ပျက်စီးခဲ့ပြီး၊ တချို့အိမ်များမှာ တအိမ်လုံးနီးပါး ပျက်စီးခဲ့ကြောင်း သိရှိရပါသည်။
အခင်းဖြစ်ပွားသည့်နေရာတွင် (၆) ဦး သေဆုံးပြီး၊ (၁၀၉) ဦး ဒဏ်ရာရခဲ့ကာ (၁၆) ဦးက ဒဏ်ရာပြင်းထန်ကြောင်း ဒေသခံသတင်းရင်းမြစ်တခုမှ သိရှိရပါသည်။
လေဆင်နှာမောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများအား လယ်ဝေးမြို့နယ်ကုတင် (၁၀၀) ဆေးရုံနှင့် ဇမ္ဗူသီရိမြို့နယ် ကုတင် (၁၀၀၀) ဆေးရုံများသို့ လူမှုကူညီရေးအသင်းကားများဖြင့် ပို့ဆောင်ပေးခဲ့ကြကြောင်း သိရှိရပါသည်။