မိုခါမုန်တိုင်းကြောင့် စစ်ကိုင်းတိုင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး ပျက်စီး မှုတွေများပြားခဲ့ရပါတယ်။ ပုလဲမြို့နယ် မှာ ရေလွှတ်မြောင်းတစ်ခုကျိုးကျပြီး ရေကြီးရေလျှံဖြစ်ပွားကာ စစ်ကိုင်း၊ ခင်ဦး၊ ပုလဲနှင့် ယင်းမာပင်မြို့နယ်ရှိ သီးနှံစိုက်ခင်းများနှင့် လမ်းတံတားများ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
မေလ ၁၄ ရက် ညက ပုလဲမြို့နယ်၊ မြောက်ယမား ရေလှောင်တမံမှ ထုတ်လွှတ်ပေးသော ပမုံသွင်ရွာနှင့် ချင်ပြစ်ရွာကြားရှိ ရေလွှတ်မြောင်း ကျိုးကျခဲ့ကြောင်း၊ အဆိုပါ ရေမြောင်းကျိုးကျမှုကြောင့် ပုလဲနယ်နှင့် ယင်းမာပင်နယ် အစပ်ရှိ မြောက်ယမားချောင်းရေလျှံလာကာ ချောင်းဘေးရှိ စိုက်ခင်းများပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။
အလားတူ နှစ်ရက်ဆက် မိုးရွာသွန်းမှုကြောင့် ပုလဲမြို့နယ်ရှိ ကျေးရွာအများအပြား ရေကြီးရေလျှံခဲ့ပြီး နေအိမ်များ ပြိုလဲခြင်း၊ကောက်ပဲ သီးနှံများ၊ စားနပ်ရိက္ခာများ ရေထဲမျောပါခြင်း၊ ရွာချင်းဆက်လမ်းတံတားများ ပျက်စီးခြင်းနှင့် စိုက်ခင်းများ ရေမြုပ်၍ ဧက ထောင်နှင့်ချီ ပျက်စီးဆုံးရှုံးခြင်းတွေ ဖြစ်ပေါ်ခဲ့တာပါ။
ကနီမြို့နယ်တွင်လည်း မေလ ၁၄ ရက် က မုန်တိုင်း ကြောင့် ချောင်းရေလျှံခြင်း၊ လေတိုက်ခြင်းများကြောင့် နေအိမ် ၂၀၀ခန့် ပျက်စီးခဲ့ပြီး တိရိစ္ဆာန်များ ရေထဲမျောပါခြင်း၊ ဘုရားတံတိုင်းများ ပြိုကျခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် စစ်ကိုင်းနှင့် ခင်ဦးမြို့နယ်တို့ရှိ ကိုယ်ထူကိုယ်ထတည်ဆောက်ထားသော မြစ်ကူးစစ်ရှောင်တံတားနှစ်စင်း ပျက်စီးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
Era’sEyes/(ခင်ဦးနှင့် ရေဦးနယ်သို့ ဆက်သွယ်ထားသော ပျက်စီးသွားသည့် ကိုယ်ထူကိုယ်ထတံတားအား တွေ့ရစဥ်နှင့် ပုလဲနယ်အတွင်း မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ – Pale Entertainment၊ KDK)
စစ်ကောင်စီတပ် စစ်ကြောင်းထိုးလျှင်ရှောင်တိမ်း ရလွယ်ကူစေရန် မူးမြစ်ပေါ်တွင် ဒေသခံများ ကိုယ်ထူ ကိုယ်ထတည်ဆောက်ထားသော စစ်ကိုင်းမြို့နယ်ရှိ မူးမြစ်ကူးတံတားနှင့် ခင်ဦးနယ်နှင့်ရေဦးနယ်ဆက်သွယ်ထားသော တံတားတို့မှာ မုန်တိုင်းကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားပြီး ရေထဲမျောပါ ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
အလားတူ ချောင်းဦးမြို့နယ်တွင်လည်း မုန်တိုင်မိုးကြောင့် သိုး၊ဆိတ်၊ နွားများ အအေးမိသေဆုံးပြီး မိုးများ၍ ဖရဲ၊ သခွား၊ နှမ်း၊ မတ်ပဲ၊ ပဲတီစိမ်း စသည့် သီးနှံစိုက်ခင်းများ ရေမြုပ်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ ယင်းမာပင်၊ ကနီ၊ ဆားလင်းကြီး၊ အရာတော်၊ ခင်ဦး အစရှိသည့်နယ်များတွင်လည်း မုန်တိုင်းကြောင့် လမ်းတံတားနှင့် နေအိမ်ပျက်စီးမှုများရှိပြီး သီးနှံစိုက်ခင်းများစွာ ရေမြုပ်ပျက်စီးခဲ့သည်။