◼စစ်တပ်က ဒေသခံ စစ်ရှောင်နေသည့် ပြည်သူ (၂၀) ခန့်ကို ဖမ်းဆီးခေါ်ဆောင်ထား
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့၍ ဘုရားထွက်ရွာနှင့် ကြည်ကျေးရွာတို့မှ နေအိမ် (၇၀၀) ခန့် မီးလောင်ကျွမ်းခဲ့ကာ ရွာလုံးကျွတ်နီးပါး ပျက်စီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ဒီဇင်ဘာ (၂၆) ရက် ညနေ (၅) နာရီခန့်က ဒီပဲယင်းမြို့ပေါ် ဆရာစံခန်းမမှ ထွက်လာသော တပ်ရင်း (၇၀၁) ၏ အင်အား (၆၀) ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းသည် ကြည်ရွာနှင့် ဘုရားထွက်ကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။












Photo – အဖြူရောင် DPY ပကဖ | မီးရှို့ဖျက်ဆီးခံခဲ့ရသော ဘုရားထွက်ရွာနှင့် ကြည်ရွာနေအိမ်များအား တွေ့ရစဥ်။
ဘုရားထွက်ရွာတွင် နေအိမ် (၄၀၀) ခန့် မီးလောင်ကျွမ်းခဲ့ကာ (၁၅) အိမ်ခန့် သာ ကျန်ပြီး ရွာလုံးကျွတ်နီးပါး ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ကြည်ရွာတွင် အိမ်ခြေ (၃၀၀) ခန့်ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်က ဂူတော်ကြီးကျောင်း၌ စစ်ရှောင်နေသည့် ဒေသခံပြည်သူ (၂၀) ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ပြန်လည် လွတ်မြောက်လာခြင်းမရှိသေးကြောင်း၊ အမျိုးသားသုံးဦးနှင့်အမျိုးသမီး (၁၇) ဦးခန့် ပါရှိကြောင်း ဒေသခံများက ပြောသည်။
ဒီပဲယင်းမြို့နယ်တွင် ဒီဇင်ဘာအတွင်းကျေးရွာ (၂၂) ရွာက အိမ်ခြေ ၂,၉၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။အာဏာသိမ်းကာလတလျှောက် ဒီပဲယင်းမြို့နယ်အတွင်း နေအိမ်ပေါင်း ၄,၂၀၀ ကျော်ခန့် မီးရှို့ဖျက်ဆီးခံရပြီး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ထုတ်ပြန်ထားသည်။