စစ်ကိုင်းတိုင်း ရေဦးနဲ့ ခင်ဦး မြို့နယ်တွေကို ဧပြီ ၁၉ ရက်ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်တဲ့ ရွာ လေးရွာက အိမ်ခြေ ၅၀၀ နီးပါးမီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီ စစ်ကြောင်းဟာ ခင်ဦးဒေသ အနောက်တောင်ဘက် တခြမ်းလုံးကို ဧပြီ ၁၉ ရက်ကနေ ၂၇ ရက်အထိ ဝင်ရောက်စစ်ကြောင်းထိုးခဲ့တာ ဖြစ်ပြီး တပင်ကောင်းရွာက နေအိမ် ၂၅ လုံး၊ မြို့သစ်ရွာက အိမ်ခြေ ၄၀၀ ကျော် မီးရှို့ခံခဲ့ရတယ်လို့ သိရပါတယ်။ စစ် ကြောင်းဟာ ဧပြီ (၂၈) ရက်မှာ ရေဦးဘက်ကို ပြန်လည်ဝင်ရောက်လာတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ စစ်ကြောင်းဟာ ဇိန်ဇွန်းရွာနားက ပိဋကပ်ကျ ရွာကိုရောက်နေတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
လက်ရှိအနေထားအထိတော့ တိုက်ပွဲ ဖြစ်ပွားတာ မရှိသေးဘူးလို့ သိရပါတယ်။ လက်ရှိစစ်ကြောင်းထိုးခံနေရတဲ့ ရေဦးဘက်ခြမ်းက ညောင်လှ၊ ပေါက်သာ၊ ရွာသာလေးစတဲ့ ကျေးရွာ ၁၀ ရွာထက် မနည်း ရှိပြီး ဒေသခံထောင်နဲ့ချီ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
Era’sEyes | Photo – ခင်ဦးမြို့နယ်သတင်းမှန် ပြန်ကြားရေး