၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂)ရက်၊ ခေတ်မျက်လုံး။
အောက်တိုဘာလက ပဲခူးတိုင်း (အရှေ့ပိုင်း)၊ ရေတာရှည်မြို့မှာ စစ်ကောင်စီတပ်နဲ့ ပုဝါနီစစ်ကြောင်း/ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲ (၁၁) ကြိမ်ဖြစ်ပွားခဲ့တယ်လို့ MOD ရဲ့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
ပုဝါနီစစ်ကြောင်းဟာ ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ ရေတာရှည်မြို့အတွင်းရှိ ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းမှူး(၂)ဦးအပါအဝင် (၈၀)ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့ပြင် စစ်ကောင်စီတပ်ဘက်က (၃၄)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကာ ပုဝါနီစစ်ကြောင်းနဲ့ ပူးပေါင်းတပ်ဖွဲ့ဘက်က (၂)ဦးကျဆုံးပြီး (၄)ဦးဒဏ်ရာရရှိခဲ့သလို တိုက်ပွဲတွေအတွင်း RPG နဲ့ ၆၀မမ ဗုံးသီးတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ (၁)ဦးသေဆုံးကာ နေအိမ်(၂)လုံး ပျက်စီးခဲ့ပြီး ပြည်သူ (၅၅၀)ကျော် စစ်ဘေးရှောင်ခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။
ပဲခူးတိုင်း(အရှေ့ပိုင်း)၊ ရေတာရှည်မြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပုဝါနီစစ်ကြောင်းနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။