ပဲခူးတိုင်း၊ ဇီးဖြူကုန်းတိုက်နယ်ရှိ ဇီးဖြူကုန်းရဲစခန်းနဲ့ လောင်းကစားဝိုင်းတို့ တိုက်ခိုက်ခံရမှုဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ ပျူစောထီးအဖွဲ့ဝင် စုစုပေါင်း ၄ဦးသေဆုံးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဇူလိုင်လ ၁ရက်နေ့ ည ၈နာရီအချိန်ခန့်က ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ဇီးဖြူကုန်းတိုက်နယ်ရှိ ဇီးဖြူကုန်းရဲစခန်းနဲ့ လောင်းကစားဝိုင်းတို့ကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ(၄) လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရွှေတန်းမြေ PDF)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။
ထိုတိုက်ခိုက်မှုဖြစ်စဉ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်ကြတဲ့ ရဲတပ်ကြပ်ကြီး(နယ်ထိန်း)အောင်ခိုင်၊ ရဲတပ်ကြပ် ကျော်ကျော်မြင့်အပြင် ပျူစောထီးအဖွဲ့ဝင်များဖြစ်တဲ့ ကြည်လွင်နဲ့ အေးမင်းတို့ဖြင့် စုစုပေါင်း ၄ဦးသေဆုံးခဲ့ကာ ပျူစောထီးအဖွဲ့ဝင်များဖြစ်တဲ့ မောင်မောင်ညွှန့်နဲ့ ချစ်ကိုဦးအပါအဝင် ၅ဦးထက်မနည်း ပြင်းထန်ဒဏ်ရာများရရှိခဲ့တယ်လို့ ဆိုပါတယ်။
ရဲစခန်းနဲ့ လောင်းကစားဝိုင်းတို့ တိုက်ခိုက်ခံရပြီးနောက် ဇူလိုင်လ ၂ရက်နေ့ နံနက်ပိုင်းအချိန်မှာ စစ်ကောင်စီတပ်က ကား ၆စီးနဲံ လာရောက်ပြီး ဇီးဖြူကုန်းဈေး၊ အောင်မင်္ဂလာလမ်းနဲ့ ဆေးရုံလမ်းတို့ကိုပိတ်ကာ စစ်ဆေးမှုများပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Era’sEye