၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်၊ ခေတ်မျက်လုံး။
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ထဲက မုန်းမြို့ပေါ်က ရဲစခန်း၊ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ၅၉၉ ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA နဲ့ ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ စစ်ကောင်စီကို လေကြောင်း ပစ်ကူတောင်းဆိုနေပါတယ်။ မုန်းမြို့ပေါ်မှာ ပြည်သူတွေမရှိတော့ဘဲ တော်လှန်ရေးအင်အားစုတွေ သာလွန်အင်အားနဲ့ တိုက်ခိုက်နေကြောင်း ဖော်ပြနေကြပါတယ်။
မနေ့က ဒီဇင်ဘာ ၂ ရက်နေ့က ညကစပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ မုန်းမြို့ဟာ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ တပ်မဟာ ၃ နယ်မြေထဲမှာ ပါဝင်ပြီး KNU ဘက်ကတော့ တိုက်ပွဲသတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ မုန်းရဲစခန်းကျဆုံးသွားကြောင်းနဲ့ စစ်ကောင်စီတပ်သားတွေ (၄) ဦး ကို တော်လှန်ရေးအင်အားစုတွေ နှိပ်စက်နေတဲ့ ဗီဒီယိုတွေ တင်ထားကြပါတယ်။