ပြည်တွင်းစားအုန်းဆီဈေးနှုန်းတွေ တည်ငြိမ်ဖို့အတွက် စစ်ကောင်စီက အဖွဲ့ဝင်(၂၉)ဦးပါတဲ့ လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီက စားသုံးဆီဈေးတည်ငြိမ်စေရေးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းပြီး အမြတ်ငွေ (၁၀)ရာခိုင်နှုန်းထက်မပိုတဲ့ ဈေးနဲ့သာ ရောင်းချကြဖို့ ဆီလုပ်ငန်းရှင်အသင်းက ထပ်မံကြေညာထားတယ်လို့ ဆိုပါတယ်။
ဆိုင်ကြီးတွေအနေနဲ့ လက်ကား ရည်ညွှန်ဈေးထက် (၂)ရာခိုင်နှုန်းသာ အမြတ်တင်ရောင်းချဖို့နဲ့ တဆင့်ခံ ပြန်ရောင်းသူတွေအနေနဲ့လည်း အထွေထွေကုန်ကျစရိတ်ကို ထည့်ပေါင်းပြီး (၁၀)ရာခိုင်နှုန်းထက် အမြတ်တင်မရောင်းဖို့ ကြေညာထားပါတယ်။
စားအုန်းဆီ လက်ကားရည်ညွှန်ဈေးကို စက်တင်ဘာလ (၁၀)ရက်နေ့အထိ တစ်ပိဿာ ငွေကျပ် (၄၁၆၀)နဲ့ သတ်မှတ်ထားကာ အဲ့ဒီဈေးနှုန်းနဲ့ ဝယ်ယူရရှိခြင်းမရှိရင် တိုင်ကြားနိုင်တယ်လို့ ဖော်ပြထားပါတယ်။
အခုချိန်မှာ စစ်ကောင်စီဘက်က ဆီနဲ့ ဆန်ကို ကားတွေနဲ့ လှည့်လည်ရောင်းချနေပေမယ့် ထိရောက်မှုမရှိဘဲ ပြင်ပဈေးကွက်မှာတော့ မြင့်တက်နေဆဲဖြစ်တယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။