၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်၊ ခေတ်မျက်လုံး။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ထဲက စစ်ကောင်စီတပ်စခန်းအားလုံးနီးပါးကို ချေမှုန်းထားနိုင်ခဲ့ပြီဖြစ်တယ်လို့ ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
နမ့်ခမ်းမြို့ထဲက ပြည်သူလူထုကို ကာလရှည်ကြာ အနှောင်အယှက်ပေးနေတဲ့ အခြေစိုက်စခန်းကြီးတစ်ခုဖြစ်တဲ့ “ စခန်းသစ်ဗျူဟာကုန်း” ကို “ ၁၀၂၇ စစ်ဆင်ရေး” အစပိုင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ရက်ပေါင်း (၄၂)ရက်တိုင် ကြာမြင့်ခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒီ “ စခန်းသစ်ကုန်း” ရဲ့ အရှေ့ပွိုင့် လုံခြုံရေးကုန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ပြီးချိန်မှာ စစ်ကောင်စီဟာ ဓါတုအဆိပ်ငွေ့ဗုံးတွေကို စတင်အသုံးပြုတိုက်ခိုက်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဗျူဟာကုန်းကြီးကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ချိန် စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု (၁၅၉)ကြိမ်၊ Y8/Y12 ရဟတ်ယာဉ်နဲ့ (၅၅)ကြိမ်၊ ဓါတုအဆိပ်ငွေ့ဗုံးနဲ့ (၃)ကြိမ်၊ လက်နက်ကြီးနဲ့ အကြိမ် (၃၀၀)ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ ညီနောင်(၃)ဖွဲ့က ပြောဆိုထားပါတယ်။
ဒါ့ပြင် ဒီဇင်ဘာလ (၇)ရက် နံနက် (၁၂)နာရီခွဲခန့်က နမ့်ခမ်းမြို့နယ်ရှိ ပန်လော်ကျေးရွာနဲ့ ဟိုနားကျေးရွာကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ပေါင် (၅၀၀)ဗုံး လာရောက်ကြဲချခဲ့တာကြောင့် ဟိုနားကျေးရွာက (၅)နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် ဒေသခံ (၅)ဦး သေဆုံးခဲ့ကာ (၄)ဦးဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
စစ်ကောင်စီတပ်ဟာ ပန်လော်ရွာကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်လည်း နေအိမ် (၇)လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။