ရာသီသစ်အတွက် ဂျာစီစပွန်ဆာရှာနေတဲ့ ချဲလ်ဆီးအသင်းဟာ အခုနောက်ဆုံးမှာတော့ အမေရိကန်နည်းပညာကုမ္ပဏီဖြစ်တဲ့ Infinite Athlete နဲ့ သဘောတူညီမှုရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီအကုန်က မိုဘိုင်းဖုန်းကုမ္ပဏီ Three နဲ့ ဂျာစီစပွန်ဆာစာချုပ်ကုန်ဆုံးသွားခဲ့ပြီး စပွန်ဆာသစ်မရခင်ကာလမှာ ခြေစမ်းပွဲတွေကို ဂျာစီစပွန်ဆာ မပါဘဲ ကစားခဲ့ရတာဖြစ်ပါတယ်။
အခုတော့ Infinite Athlete နဲ့ တစ်ရာသီကို ပေါင်သန်း ၄၀ ကျော်တန်ကြေးရှိတဲ့ စပွန်ဆာစာချုပ်အတွက် သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။လက်ရှိမှာ ချဲလ်ဆီးအသင်းအနေနဲပ စပွန်ဆာသစ် ရရှိသွားခဲ့ပြီဖြစ်ပေမယ့် အဲဒီစပွန်ဆာကို ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီရဲ့ ခွင့်ပြုချက်စောင့်ဆိုင်းနေရလို့ အပြီး စာမချုပ်နိုင်သေးပါဘူး။
ပရီးမီးယားလိဂ်ကလည်း ရာသီသစ်မစခင်မှာ ချဲလ်ဆီးအသင်းရဲ့ စပွန်ဆာသစ်အတွက် အမြန်ဆုံး ဆုံးဖြတ်ပေးမှာဖြစ်လို့ ချဲလ်ဆီးအသင်းကို ရာသီသစ်မှာ ဂျာစီစပွန်ဆာသစ်နဲ့မြင်တွေ့ရတော့မှာပါ။
အခု စပွန်ဆာသစ်ဟာ ချဲလ်ဆီးစီနီယာအမျိုးသားအသင်းသာမကဘဲ အမျိုးသမီးအသင်းအတွက်လည်း ပါဝင်တယ်လို့ သိရပါတယ်။
စပွန်ဆာသစ်သဘောတူညီချက်က ဘဏ္ဍာရေးစည်းမျဉ်းတွေအတွက် ချိန်ညှိမှုတွေပြုလုပ်ရမယ့် ချဲလ်ဆီးအသင်းအတွက် အသက်ရှူပေါက်တစ်ခုဖြစ်ခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက အသင်းပိုင်ရှင်သစ်တော့ဘိုလီလွှဲပြောင်းယူခဲ့ပြီးနောက်မှာ ကစားသမားအမြောက်အများခေါ်ယူခဲ့လို့ အခုနွေရာသီမှာ ကစားသမားတွေကို ပြန်လည်ရောင်းထုတ်ခဲ့ရတာဖြစ်ပါတယ်။
Era’sEye\SportNews