၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်၊ ပေကျင်း။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့မှာ ကျင်းပတဲ့ (၈) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကာလအတွင်း သီးခြား ဆွေးနွေးပွဲအဖြစ် မနေ့က ဒီဇင်ဘာလ (၇) ရက်၊ မနက် (၁၀) နာရီ (၃၀) မိနစ်မှာ ပေကျင်းမြို့မှာရှိတဲ့ China World ဟိုတယ်မှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပန်ပရီ ဘာဟီဒါ နူကာရာတို့ တွေ့ဆုံခဲ့ကြတယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
အဲ့ဒီလိုတွေ့ဆုံရာမှာ မြန်မာ-ထိုင်း နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးနဲ့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုမြှင့်တင်ဆောင်ရွက်သွားရေးအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် နယ်စပ်ဒေသ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုတိုးမြှင့်ရေး၊ နယ်စပ်ဒေသရှိ ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်နိုင်မှု အလားအလာများ၊ မြန်မာနိုင်ငံ အရှေ့မြောက်နယ်စပ်ဒေသတွေမှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသားတွေကို နေရပ်ပြန်လည်ပို့ဆောင်ရေး၊ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အနေနဲ့ တရားဥပဒေအရ ရပိုင်ခံစားခွင့်များ ရရှိစေရေးနဲ့ အကာအကွယ်ပေးသွားရေး၊ နှစ်နိုင်ငံအကြား အာဆီယံ အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာမျက်နှာစာတို့မှာ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ပတ်သက်တာတွေကို ဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ။
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန