စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အတွင်းကရွာများရှိ ဒေသခံများ၏ နေအိမ်ပေါင်း (၃၇၀) ကျော်ကို အကြမ်းဖက် စစ်တပ်က ဇန်နဝါရီ (၃) ရက် မှ (၉) ရက်အထိ (၇) ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး အသက် (၈၅) နှစ်အရွယ် အဘိုးအိုနှစ်ဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဒီပဲယင်းညီနောင်များအဖွဲ့ ထုတ်ပြန်ထားသည်။
အကြမ်းဖက်စစ်တပ်ဟာ ဒီပဲယင်းနယ်ထဲက ယင်းရွာ ၊ စိုင်ပြင် ၊ ကြည်ရွာ ၊ ဘုရားထွက်ရွာ ၊ မကျည်းစောက် ၊ ဆပ်ပြာကျင်းရွာ ၊ ဘုတ်ရွာ ၊ ဝန်းရံရွာ ၊ အင်းတိုင်လေးရွာ နဲ့ ချောင်းနားရွာတို့ ကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ရွာရှိ သက်ကြီးရွယ်အိုများကိုလည်း မီးရှို့သတ်ဖြတ်ခဲ့သည်။
ထို့အပြင် ချောင်းနားရွာနှင့် အင်းတိုင်လေးရွာတို့က ဒေသခံ ပြည်သူ (၆) ဦးမှာလည်း ပျောက်ဆုံးနေကြောင်းဒီပဲယင်း မြို့နယ် ညီနောင်များအဖွဲ့က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်သည် ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်ပြီးလက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ရွာများကိုလည်း မီးရှို့ဖျက်ဆီးမှုများကို အမြဲဆိုသလို လုပ်ဆောင်နေသည့်အတွက် ဒေသခံများအနေဖြင့်လည်း ဘေးလွတ်ရာတိမ်းရှောင်နေရပြီး အခက်ခဲများစွာဖြစ်ပေါ်နေကြောင်းသိရသည်။
MoeZ/Era’sEye