ပုလဲမြို့ကို (၃) ရက်ကြာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
စက်တင်ဘာလ (၉) ရက်နေ့ကစပြီး ပုလဲမြို့ပေါ်ကို ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ စက်တင်ဘာလ (၁၁) ရက်နေ့ နေ့လယ် (၁၂) နာရီခွဲခန့်က ကျွန်းဖိုရွာနဲ့ နွယ်ရှောက်ရွာအကြားမှာ ပကဖတပ်ဖွဲ့တွေ၊ ဒေသတပ်ရင်းတပ်ဖွဲ့တွေနဲ့ LPDF တို့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီတပ် စစ်ကြောင်းဘက်က ထိခိုက်ကျဆုံးတာတွေ များခဲ့တာကြောင့် နေ့လယ် (၁၂)နာရီ (၃၅) မိနစ်ခန့်မှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က Mi 35 လေယာဉ်နဲ့ တစ်နာရီခွဲ နီးပါးကြာတဲ့အထိ တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် ကျေးရွာ (၁၂) ရွာခန့်က ဒေသခံတွေ အိုးအိမ်စွန့်ခွာပြီး စစ်ဘေးရှောင်နေကြရကာ သက်ဆိုင်ရာရွာတွေက ပအဖ၊ ပကဖတွေက ဦးဆောင်ပြီး နားခိုစရာနဲ့ အစားအသောက်တွေ စီစဉ်ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ပုလဲမြို့နယ်အတွင်းက ပြည်သူတွေအနေနဲ့ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးဝင်ရောက်တာနဲ့ လေကြောင်းသုံး တိုက်ခိုက်တာတွေကြောင့် အစစအရာရာ သတိထားသွားလာကြဖို့ သတိပေးတိုက်တွန်းထားတယ်လို့ သိရပါတယ်။