နိုင်ငံတကာအနေနဲ့ ရာဇဝတ်မှု ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ကောင်စီကို ပိတ်ဆို့မှုအပါအဝင် အပြစ်ပေးအရေးယူနိုင်ရေး ထိထိရောက်ရောက် ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း-TWO က တောင်းဆိုလိုက်ပါတယ်။
အကြမ်းဖက် စစ်ကောင်စီက လေယာဉ်အသုံးပြု တိုက်ခိုက်တာတွေကို အမြန်ဆုံးရပ်တန့်နိုင်ရေး နိုင်ငံတကာအသိုင်းအဝိုင်းမှ ထိရောက်စွာ ဟန့်တားပေးဖို့ TWO က မနေ့ညမှာ ထုတ်ပြန်တဲ့ အဖွဲ့ဖွဲ့စည်းမှု ၂၃ နှစ်ပြည့်ကြေညာချက်မှာ တောင်းဆိုထားတာပါ။
စစ်ကောင်စီဟာ တိုက်ပွဲဖြစ်နေတဲ့ နေရာတော်တော်များများကို စစ်လေယာဉ်နဲ့ တိုက်ခိုက်တာ လက်နက်ကြီးငယ်နဲ့ တိုက်ခိုက်တာ ဒရုန်းတွေကို အသုံးပြုစောင့်ကြည့်ပြီး တိုက်ခိုက်တာတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာ အိုးအိမ်စည်းစိမ် နေရပ်ကျေးရွာတွေကို စွန့်ခွာဆုံးရှုံးကြရတယ်လို့ TWO ကပြောပါတယ်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအထိ တအာင်းဒေသအတွင်း စစ်ကောင်စီက အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးရိုက်နှက်တာ၊ ထောင်ချတာ ၊ လူထုကို နေရပ်ဒေသမှ ထွက်ပြေးရအောင်လုပ်တာတွေ အပါအဝင် နိုင်ငံရေးအမှုများနဲ့ အမှုဖွင့်တာစတဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေဟာ တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ မှတ်တမ်းပြုစုထားချက်အရ ၁၆၇မှုရှိပြီး စစ်ရှောင်ဒုက္ခသည် ၂သောင်းနီးပါး ရှိနေပါတယ်။