မန်ယူအသင်းကို လာမယ့် သောကြာနေ့မှာ အပြိုင်လေလံစနစ်နဲ့ ရောင်းချတော့မှာ ဖြစ်ပေမယ့် ဝယ်ယူမယ်လို့ သတင်းတွေထွက်နေတဲ့ အမေရိကန်ဘီလျံနာ အီလွန်မက်စ်ကတော့ နှုတ်ဆိတ်နေဆဲဖြစ်ပါတယ်။ လက်ရှိမှာမန်ယူအသင်းကို ဝယ်ယူဖို့ ကာတာရင်းနှီးမြှုပ်နှံသူတွေနဲ့ ဗြိတိန်အချမ်းသာဆုံးပုဂ္ဂိုလ် ဆာဂျင်ရက်ကလစ်ဖ်တို့ အပြိုင်ဖြစ်နေပြီး အီလွန်မက်စ်လည်း ဝယ်ယူဖို့ ကြိုးစားလာနိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့တာပါ။
တွစ်တာ နဲ့ တယ်စ်လာတို့ကို ပိုင်ဆိုင်ထားတဲ့ အသက် ၅၁ နှစ်အရွယ်အီလွန်မက်စ်ဟာ ပေါင် ၁၅၇ ဘီလျံ အသားတင်ကြွယ်၀ ချမ်းသာသူဖြစ်ပြီး လက်ရှိအချိန်ထိတော့ မန်ယူအသင်းကို ဝယ်ယူဖို့ဆန္ဒရှိတယ်လို့ တရားဝင်ထုတ်ဖော်ပြောဆိုခြင်းမရှိသေး ပါဘူး။
အီလွန်မက်စ်ဟာ တွစ်တာကို ဝယ်ယူစဉ်ကလည်း ၂၄ နာရီအတွင်း အပြီး ဝယ်ယူခဲ့တာဖြစ်လို့ မန်ယူအသင်းကိုလည်း အ ပြိုင်လေလံဆွဲချိန်နီးကပ်မှ ဝယ်ယူမလားဆိုတာ အားလုံးက စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။ အီလွန်မက်စ်ဟာ ယခင်က သူ့ရဲ့တွစ်တာစာမျက်နာမှာ “မန်ယူအသင်းကို ဝယ်ယူလိုက်ပြီ”လို့ ထုတ်ဖော်ရေးသားခဲ့ပြီး နောက်ပိုင်းမှ ဒါဟာ ဟာသလုပ်ခဲ့တာလို့ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ အဲဒီအချိန်က မန်ယူအသင်းက ရောင်းချဖို့ အစီအစဉ်မရှိသေးဘဲ လက်ရှိအချိန်မှသာ ဂလေဇာမိသားစုက ရောင်းချဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။
ဂလေဇာ မိသားစု အနေနဲ့ မန်ယူအသင်းကို ပေါင် ၆ ဘီလျံနဲ့ရောင်းချဖို့ စီစဉ်နေပေမယ့် သတင်းတွေရဲ့ ဖော်ပြချက်အရ မန်ယူအသင်းရဲ့ လက်ရှိတန်ကြေးဟာ ပေါင် ၄.၅ သန်းသာရှိတယ်လို့ ဆိုပါတယ်။ မန်ယူအသင်းကို ရောင်းချမယ့်စျေးနှုန်းနဲ့ ပတ် သက်ပြီး ဂလေဇာမိသားစုအတွင်းမှာလည်း သဘောထား မတိုက်ဆိုင်မှုတွေရှိနေတယ်လို့လည်း သိရပါတယ်။