နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇူလိုင်လ 27 ရက်

ဆောင်းပါးများ

ဆောင်းပါးများ

ဖက်ဒရယ်ဥပဒေအကယ်ဒမီက ပြုစုသော မြန်မာနိုင်ငံနှင့် သင့်တော်မည့် ဖက်ဒရယ်စနစ် အဆိုပြုချက်-အပိုင်း (၁)

အဖွင့်လွှာ

စစ်အာဏာသိမ်းပြီး နောက် နှစ်နှစ်ကျော်သွားခဲ့ပါပြီ။ တိုင်းပြည်အခြေအနေမှာ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေပုံ ရှိသည်။ စစ်ကောင်စီက တဘက်တွင် တိုင်းရင်းသား ခုခံစစ်ဆင်အဖွဲ့အစည်းများအတွင်း ခွဲထုတ်စည်းရုံးခြင်း၊ ကြားထားခြင်း၊ အပြတ်တိုက်ခြင်းစသည့် နည်းနာများဖြင့် ဆက်လက်ဖြိုခွဲနေသလို PDFs များကိုလည်း စစ်ရေး၊ နိုင်ငံရေးများအရ အင်အားချည့်နဲ့လာစေရန် နည်းလမ်းအမျိုးမျိုး သုံးလျက်ရှိသည်။ အခြားတဘက်တွင် ၎င်း၏အာဏာ သက်ဆိုးရှည်ရေး အတွက် (အပေါ်ယံမျှပင်ဖြစ်စေ) တရားဝင်အုပ်ချုပ်မှုဖြစ်ကြောင်း သက်သေပြနိုင်ရန် ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အသဲအသန် စိုင်းပြင်းလျက်ရှိသည်။

ဤအချိန်တွင် NLD ခေါင်းဆောင်သည့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ဒီမိုကရေစီ အင်အားစုများနှင့် တိုင်းရင်းသား ပြည်နယ်များ အကြား စနစ်တကျ ပေါင်းစည်းရေးမှာ ရေရေရာရာ မရှိသေး။ ခိုင်မာသည့် ယုံကြည်မှုကို မတည်ဆောက်နိုင်သဖြင့် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေများအဆင့်သို့ မတက်နိုင်။ စစ်အာဏာရှင် အုပ်ချုပ်မှုဟောင်း တစုံလုံးအား ဖြိုချပြီးနောက် ဖက်ဒရယ် ဒီမိုကရေစီအပေါ် အခြေခံသည့် အုပ်ချုပ်မှုသစ်တရပ်အား ပြည်ထောင်စုနိုင်ငံတဝှမ်းလုံး၊ ပြည်နယ်များ အသီးသီးတွင် အစားထိုး ပေါ်ပေါက်လာစေရေးအတွက် စီစဉ်ဆောင်ရွက်မှုများ အားကောင်းစွာ ရှိမနေ။

ရှစ်လေးလုံးအရေးတော်ပုံကာလအတွင်းကနှင့် မတူဘဲ ဖက်ဒရယ်စနစ်အပေါ် လူထုအများစု၏လက်ခံမှုမှာ ယေဘုယျ အားဖြင့် သိသာစွာ တိုးတက်လာခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ သို့ရာတွင် မြန်မာနိုင်ငံနှင့် သင့်တော်မည့်ဖက်ဒရယ်စနစ်အပေါ် တူညီသည့်အမြင်၊ နက်ရှိုင်းသည့်သိမြင်မှု၊ ယုံကြည်ချက်အဖြစ်သို့ ပြောင်းလဲကာ ပိုင်းဖြတ်ချက်ရှိရှိဖြင့် ကိုင်စွဲသည့်အဆင့်သို့ မရောက်သေးသဖြင့် ညီညွတ်မှုတည်ဆောက်ရာတွင် ကြီးမားသော အခက်အခဲဖြင့် ရင်ဆိုင်ရလျက်ရှိသည်။

ယင်းတို့ကို ကျော်လွှားရန်ကြိုးပမ်းရာတွင် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲရလာဒ်အား ငြင်းပယ်ခံရမှုကို အဓိကထားရုံမျှဖြင့် နွေဦးတော်လှန်ရေးအား ချဉ်းကပ်မှုမျိုး မဖြစ်သင့်တော့။ ၇၄ နှစ်ကြာမျှ ဖြစ်ပွားခဲ့သော ပြည်တွင်းစစ် နောက်ခံဖြင့် တိုးချဲ့သိမြင်၊ ကျင့်သုံးဖို့ လိုအပ်လာသည်။ ယင်းမှာ စစ်အာဏာရှင်စနစ်ကို တိုက်ရင်းဖြင့် (တိုင်းရင်းသား နိုင်ငံရေးနှင့် စစ်ရေး အင်အားစုများ အဆက်မပြတ်တောင်းဆိုခဲ့သည့်) တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အား ဥပဒေစိုးမိုးရေးအခြေခံတွင် မည်ကဲ့သို့ ချမှတ်ကျင့်သုံးမည်ဟူသည်ကို အဖြေရှာရန် ဖြစ်သည်။ စစ်အာဏာရှင်စနစ်ကို တိုက်ရုံသက်သက်ဖြင့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အုတ်မြစ် မချနိုင်ပါ။ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အား ဥပဒေစိုးမိုးရေး အခြေခံတွင် စနစ်တကျ အုတ်မြစ်ချနိုင်ပါက စစ်အာဏာရှင်စနစ်ကို အဆုံးတိုင် တိုက်ခိုက်ချေမှုန်းနိုင်ပါမည်။

တန်းတူရေးဟူသည်မှာ လူတဦးနှင့် အခြားတဦးအကြားတွင်လည်းကောင်း၊ လူမျိုး၊ လူအုပ်စု၊ လူ့အလွှာ၊ နိုင်ငံရေးအရ စုဖွဲ့မှုများ၊ ပြည်ထောင်စုစုဖွဲ့ရာတွင် ပါဝင်သည့်ယူနစ်များ တခုနှင့်အခြားတခုအကြားတွင်လည်းကောင်း ရှာဖွေရမည့် အရာဖြစ်သည်။ ပထမတခု မရှိလျင် ဒုတိယတခု မရှိနိုင်ပါ။ တခုကို အဓိက ထားလွန်းလျင်လည်း ကျန်တခု ပျက်ပါမည်။ မြန်မာနိုင်ငံတွင် ပထမတခုကိုသာ အဓိကထားခဲ့ပြီး ဒုတိယတခုကို ဥပက္ခာပြုခဲ့သဖြင့် ယနေ့အချိန်အထိ ပြည်တွင်းစစ်မီး တောက်လောင်ဆဲ ဖြစ်သည်။

အီသီယိုးပီးယားနိုင်ငံတွင် ဒုတိယတခုကို အဓိကထားလွန်းပြီး ပထမတခုကို ဥပက္ခာပြုခဲ့သည့် သဘောဆောင်သောကြောင့် အာဖရိကတိုက်၏ တိုးတက်မှု အမြင့်ဆုံး နိုင်ငံစာရင်းဝင်အဖြစ်သို့ရောက်ပြီးမှ ၂၀၂၀ ခုနှစ်တွင် တိုက်ပွဲများပြန်ဖြစ်လာခဲ့သည်။ ယခုအချိန်တွင် အီသီယိုးပီးယားနိုင်ငံသည် မူလကရှိခဲ့သည့် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းဝင်အဖြစ်သို့ ပြန်လည် ဦးတည်နေ ပြန်ပြီဖြစ်သည်။

ဦးအောင်ထူး (ကျောင်းအုပ်၊ ဖက်ဒရယ်ဥပဒေအကယ်ဒမီ)

ဖက်ဒရယ်စနစ်ကို တည်ဆောက်မည့် လူ့အဖွဲ့အစည်းအနေဖြင့် နှစ်ခုလုံးအား တပြိုင်နက်တည်း ဖော်ဆောင်ရပါမည်။ ယင်းသို့ ဖော်ဆောင်နိုင်ရေးအတွက် ကြားကာလပြည်နယ်နှင့် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေများကို အဓိကထားလျက် ဥပဒေ စိုးမိုးရေးကို အခြေခံ၍ စနစ်တကျ တည်ဆောက်ကျင့်သုံးမှသာ အောင်မြင်နိုင်ခြေ ရှိပါသည်။

ဥပဒေစိုးမိုးရေး မရှိလျှင် ဒီမိုကရေစီမအောင်မြင်နိုင်။ ဖက်ဒရယ်စနစ် တည်ဆောက်ရေး ဝေလာဝေးပါမည်။ လူ့အခွင့်အရေးကို စိုးစဉ်းမျှ မြှော်မှန်း၍ ရမည်မဟုတ်။ တရားမျှတမှု၊ ငြိမ်းချမ်းမှု၊ တိုးတက်ဖွံ့ဖြိုးမှု ဟူသည်တို့အား မည်သည့်အခါတွင်မျှ ရှာဖွေ ခံစားနိုင်ခြေမရှိ။ သို့ရာတွင် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းချိန်က စတင်ရေတွက်လျင်ပင် အနည်းဆုံးအားဖြင့် ဆယ်စုနှစ် ခြောက်စုကျော် ဖိနှိပ်သည့်ဥပဒေများအား ကြုံတွေ့ခဲ့ကြရသဖြင့် လူထုအများစုကြီးသည် ဥပဒေ၏ အကာအကွယ်ကို နားမလည်ကြ။ ဥပဒေစိုးမိုးရေး (The Rule of Law) နှင့် ဥပဒေပြဌာန်းအုပ်ချုပ်ခြင်း (The Rule by Law) တို့၏ ဆက်စပ်မှုနှင့် ကွာခြားမှုတို့အား သိမြင်ခွင့် မရခဲ့ကြ။ သို့ဖြစ်၍ လူ့အဖွဲ့အစည်း၏ အထက်ဖော်ပြပါ တန်ဖိုးများအား တော်လှန်ရေး အင်အားစုများ အကြား ဥပဒေစိုးမိုးရေး အခြေခံမှနေ၍ ကျယ်ကျယ်ပြန့်ပြန့် လေ့လာသည့်အဆင့်သို့ တက်မလာသေး။

အစွန်းတဘက်မှနေ၍ အခြားအစွန်းတဘက်သို့ ပြောင်းလဲသွားပြီလားဟု စိုးရိမ်ရမည့် အခြေအနေကိုပင် တွေ့ရသည်။ ငြိမ်းချမ်းစွာဆန္ဒပြ၍ မရတော့သဖြင့် လက်နက်ကိုင်ခုခံစစ်သို့ ပြောင်းလဲကာ PDFs များ ပေါ်ပေါက်လာခဲ့သည်။ ဤတွင် ငြိမ်းချမ်းသည့် နည်းလမ်းမှန်သမျှကို အဓိကမထားတော့ဘဲ လက်နက်ရရှိရေးနှင့် လက်နက်ကိုင်တိုက်ပွဲသက်သက်ကို ဦးစားပေးလာပြီလားဟူ၍ စိုးရိမ်ဖွယ်ရာ တွေ့လာရသည်။ လက်နက်ရှိမှ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မည် ဖြစ်သဖြင့် ရပ်တည်ရေးအတွက် အာမခံချက်ရှိမည်ကို အငြင်းပွားစရာ မရှိပါ။ သို့ဖြစ်၍ လိုအပ်သည့်လက်နက်များကို ရှာဖွေတပ်ဆင် ရပါမည်။ သို့ရာတွင် လက်နက်ကိုင်တိုက်ပွဲသက်သက်ကို အဓိက ထားလွန်းလျင် တနိုင်ငံလုံး စစ်ပုံသွင်း ခံရသည့် အခြေအနေသို့ ဦးတည်သွားနိုင်သည်။ စစ်ရေးသက်သက်ကို အဓိကထားလွန်းသဖြင့် တိုက်ပွဲဝင် လှန်ရေးရဲဘော်များတွင် အတွေးအခေါ်၊ ဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ ဖက်ဒရယ်စနစ်၊ ငြိမ်းချမ်းမှု၊ လွတ်လပ်မှု၊ တရားမျှတမှု အစရှိသည့် တန်ဖိုးများ၊ နိုင်ငံရေးလေ့လာမှုများတွင် ကျဆင်းသွားနိုင်သည်။ ယင်းသို့ဖြစ်ပါမူ မြန်မာနိုင်ငံနှင့် သင့်တော်သည့် ဖက်ဒရယ်စနစ်အား သိမြင် ခံယူနိုင်ရန် ခက်ခဲပါလိမ့်မည်။ အကျိုးဆက်အနေဖြင့် လူအဖွဲ့အစည်းတရပ်လုံးအား အခြေအမြစ်မှစကာ ပြောင်းလဲတည်ဆောက်နိုင်ရေးကို ကြီးမားစွာ ထိခိုက်နိုင်သည်။

မြန်မာနိုင်ငံနှင့်သင့်တော်သည့် ဖက်ဒရယ်စနစ်တွင် ပြည်ထောင်စု နိုင်ငံဖွဲ့စည်းရာတွင် ပါဝင်ကြသည့် တိုင်းရင်းသား ပြည်နယ်များနှင့် ယင်းတို့အသီးသီးအတွင်းရှိ ဒေသခံဌာနေတိုင်းရင်းသားများ၊ ပြည်နယ်သားများသည် အဓိကဖြစ်သည်။ အခရာ ဖြစ်သည်။ သော့ချက် ဖြစ်သည်။ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တန်ဖိုးနှင့် ဆက်စပ်ကာ ယင်းတို့အားလုံး (သို့မဟုတ် အများစု) စုရုံးပါဝင်နိုင်မည့် လုပ်ငန်းစဉ်များ ချမှတ်ကျင့်သုံးနိုင်လျင် တကယ့်ခွန်အား ဖြစ်ပါမည်။ သို့ရာတွင် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တရားစွာ၊ မျှတစွာ၊ သမာသမတ်ကျစွာ အသက်သွင်းပေးနိုင်စေရန် ပြည်ထောင်စု အဆင့်တွင်လည်းကောင်း၊ ပြည်နယ်မျုားအသီးသီးတွင်လည်းကောင်း (ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး) ဆိုင်ရာ တိုင်းပြည်အဆောက်အအုံသစ်များ ပေါ်ပေါက်ရေး လုပ်ငန်းစဉ်များ အားကောင်းကောင်း ရှိနေပုံ မတွေ့ရ။ ရှိရော ရှိနေရဲ့လားပင် မသေချာ။

သို့ရာတွင် အနာသိလျင် ဆေးရှိသည်ဟူသည့် ဆိုရိုးစကား ရှိသည်။ အနာကို တကယ်သိလျင် ဆေးလည်း တကယ် ရှိပါသည်။ ပထမဆုံး ရှောင်ကျဉ်ရမည့်ကုထုံးမှာ အပေါ်ယံလိမ်းဆေးများ မပေးရန် ဖြစ်သည်။ မည်သည့် ခြေခြေမြစ်မြစ် အချက် အလက်ကို ထောက်မပြနိုင်ဘဲ (ခပ်ပေါ့ပေါ့ ခပ်လွယ်လွယ်ဖြင့်ပင်) မကြာခင် တော်လှန်ရေး အောင်မြင်တော့မည်ဟူသော လှိမ့်လုံးမျိုးကို မဖန်တည်းသင့်။ တော်လှန်ရေး အောင်မြင်နိုင်ခြေ မရှိတော့ဟူ၍ မျှော်လင့်ချက် ကင်းမဲ့ရန်လည်း မဟုတ်။ မည်သည်တို့မှာ အခက်အခဲများ ဖြစ်ပြီး၊ မည်သည်တို့မှာ အားသာချက်များ ဖြစ်သည်ကို ပကတိအတိုင်း ရှုမြင်သင့်သည့် အချိန် ရောက်ပါပြီ။

ဒုတိယဖော်ဆောင်ရမည့် ကုထုံးမှာ ဦးတည်ရာအရပ်ကို မြင်အောင်ကြည့်ပြီး လမ်းကြောင်းကို ပြန်တည့်ရန် ဖြစ်သည်။ ရည်မှန်းရာအရပ်ကို မြင်အောင် မကြည့်နိုင်လျင် (သို့မဟုတ်) ရည်မှန်းရာ အရပ်သည် ယေဘုယျ ဆန်လွန်းပြီး တိတိကျကျ မရှိလျင်၊ ငါးပွက်ရာ ငါးစာချရင်း တောလုပ်၊ တောင်လုပ်နှင့် အချိန်တွေ ကုန်ဆုံးသွားပါမည်။ ပဲ့မပါသည့်လှေကို အားစိုက် ခွန်စိုက် လှော်နေသကဲ့သို့ ဖြစ်ပြီး ခွန်အားကုန်ခမ်းကာ ပုံလဲသွားနိုင်သည်။ လမ်းကြောင်း လွဲသွားပြီး မည်သည့်အခါတွင်မျှ အောင်မြင်နိုင်တော့မည်မဟုတ်။

တတိယဖော်ဆောင်ရမည့် ကုထုံးမှာ ရည်မှန်းရာအရပ်ကို ဖြောင့်ဖြောင့်ဦးတည်၊ ခြေလှမ်းကို ကျစ်ကျစ်လှမ်း၊ လှမ်းသမျှ ခိုင်မြဲနေစေရန် ဖြစ်သည်။ မဆုပ်စတမ်း ဆက်လှမ်းသွားရန် ဖြစ်သည်။ ယင်းကုထုံးသုံးနည်းဖြင့် အောင်မြင်မှုပန်းတိုင်ကို အရောက်လှမ်းနိုင်ကြပါမည်။

အဆိုပါ ကုထုံးသုံးနည်းအား ပံ့ပိုးနိုင်စေရေးအတွက် အစတခုကို ဖန်တည်းတင်ဆက်လိုက်သည်။ ယင်းမှာ မြန်မာနိုင်ငံနှင့် သင့်တော်မည့် ဖက်ဒရယ်စနစ် အဆိုပြုချက် ဖြစ်သည်။ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းချိန်မှ စတင်ကာ ဖက်ဒရယ်ဟူသည်မှာ ခွဲထွက်ရေး ဟူ၍သာ ရိုက်သွင်းခြင်း ခံခဲ့ရပြီး စစ်ခေါင်းဆောင်များက ဖက်ဒရယ်တောင်းဆိုလှုပ်ရှားသူများ၊ ပါတီ အဖွဲ့အစည်းများအား ပြစ်မှုမြောက်စေသည့် ပြုမူမှုများ ပြုခဲ့သဖြင့် ဖက်ဒရယ်စနစ်သည် ကြောက်စရာ၊ သို့မဟုတ် မထိတို့ရဲစရာ ဖြစ်ခဲ့သည်။ သို့ရာတွင် တိုင်းရင်းသား အင်အားစု အမြောက်အများက ဖက်ဒရယ်စနစ်ကို အဆက်မပြတ် ဦးတည်လှုပ်ရှားခဲ့ကြသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် စစ်တပ်က ထပ်မံအာဏာသိမ်းပြီးနောက် ဖက်ဒရယ်စနစ်သည် နိုင်ငံရေး ရာဇပလ္လင်ပေါ်သို့ တက်လာခဲ့သည်။ ဖက်ဒရယ်ဒီမိုကရေစီကို တောင်းဆိုမှုများ ပွက်ပွက်ညံ လာခဲ့သည်။ သို့ရာတွင် ယနေ့အချိန်ထိ လူထုအများစုကြီးမှာ ဖက်ဒရယ်ဟူသည်ကို မည်သည့်အရာမှန်း သေချာစွာ မသိကြ။ လူထု၏ အပြစ်မဟုတ်။ သိခွင့်၊ လေ့လာခွင့်ရမည့် အခြေအနေများ ထိထိရောက်ရောက် ဖန်တည်းမပေးနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ဖက်ဒရယ်စနစ်နှင့်စပ်လျဉ်း၍ နိုင်ငံတကာမှ မြန်မာနိုင်ငံသို့ လာရောက်ပို့ချခဲ့သော ပညာရှင်ပေါင်းများစွာ ရှိခဲ့သည်။ ၎င်းတို့ ကိုယ်တိုင် လေ့လာသင်ယူခဲ့သောအခြေခံများမှ ဖက်ဒရယ်နိုင်ငံများ၏ အတွေ့အကြုံများအပေါ် အမှီပြုကာ ပို့ချခဲ့ သောကြောင့် ပညာရပ်အရ အခြေခံများ လေ့လာခွင့်ရမှုကို တန်ဖိုးထားရပါမည်။ သို့ရာတွင် ၎င်းတို့သည် မြန်မာနိုင်ငံ၏ သမိုင်းကြောင်းများအား ခြေခြေမြစ်မြစ် မသိ၊ မြန်မာလူမျိုး အပါအဝင် တိုင်းရင်းသားလူထုများ (အထူးသဖြင့် တိုင်းရင်းသား လူနည်းစုများ၏) ဘဝနှင့်ခံစားချက်များအား ကိုယ်တိုင်ဖြတ်သန်း တွေ့ကြုံခဲ့ခြင်းလည်းမရှိ၊ တိုင်းရင်းသား ခုခံစစ်ဆင်အဖွဲ့များ အနေဖြင့် မည်သည်ကို လိုချင်၍ တိုက်ပွဲဝင်နေကြကြောင်း သေချာစွာ နားမလည်၊ ၎င်းတို့ အချင်းချင်းအကြား ပြဿနာများ ဘာကြောင့် ဖြစ်နေကြသည်ကိုလည်း လေ့လာခွင့် မရခဲ့ကြသဖြင့် အဆိုပါ ဖက်ဒရယ်သင်တန်းများတွင် ဗဟုသုတ မြောက်များစွာ ရနိုင်သော်လည်း မြန်မာနိုင်ငံအတွက် သင့်တော်သော ဖက်ဒရယ်စနစ်အား တိတိကျကျ ပို့ချနိုင်ခဲ့ခြင်းမရှိ။

ဤကွက်လပ်ကို ဖြည့်ဆည်းနိုင်စေရန် စာရေးသူ၏ ရာစုနှစ်တဝက်မျှ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုနောက်ခံ၊ ရှစ်လေးလုံးဖြစ်ပြီးကာလမှစ၍ ယနေ့အချိန်အထိ တိုင်းရင်းသားအင်အားစုများနှင့် နှစ်ပေါင်း (၃၃) နှစ်ကြာမျှ ထိတွေ့ ဆက်ဆံခွင့်ရခဲ့သည့် အခြေအနေများနှင့် နိုင်ငံတကာတက္ကသိုလ်လေးခုတွင် လေ့လာခွင့်ရခဲ့သည့် ဥပဒေပညာများတို့ကို ဖက်ဒရယ်ဥပဒေအကယ်ဒမီ၏ သုတေသနလုပ်ငန်းများနှင့် ပေါင်းစပ်ကာ မြန်မာနိုင်ငံနှင့် သင့်တော်မည့် ဖက်ဒရယ်စနစ် အဆိုပြုချက်အား အပိုင်းလိုက် တင်ဆက်သွားမည် ဖြစ်ပါသည်။

ဦးအောင်ထူး (ကျောင်းအုပ်၊ ဖက်ဒရယ်ဥပဒေအကယ်ဒမီ)
ရက်စွဲ။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်။

(စစ်ကိုင်းတိုင်းအတွင်းရှိ လူထုများနှင့် PDFs များအကြား ပုံနှိပ် ဖြန့်ဝေလျက်ရှိသော တူမီး စာစောင်တွင် ဖော်ပြခဲ့ပြီးဖြစ်သည့် တင်ပြချက်များအား အများပြည်သူ ပို၍ကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင်ရန် အချိန်ကာလ ပြောင်းလဲတင်ဆက်လိုက်ခြင်း ဖြစ်ပါသည်။ နှစ်ပတ်တကြိမ် ဆက်လက်တင်ဆက်သွားရန် ရည်ရွယ်ပါသည်။)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ဆောင်းပါးများ

မဇ္ဈိမမှသည် ချင်းတောင်တန်းနှင့် ပုံတောင်ပုံညာဆီသို့ ခရီးသွားဆောင်းပါး (အပိုင်း ၂)

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 198 Views
ခရီးစထွက်ပြီဒီဇင်ဘာလ (၁၅) ရက်နေ့မနက်မှာ စမ်းစမ်းတို့ချက်ကျွေးတဲ့ ထမင်းနဲ့ဟင်းကို စားကြတယ်။ ငြိမ်းချမ်းက သက်သတ်လွတ်ဆိုတော့ သူ့အတွက် ပဲပုတ်ဟင်းချက်ပေးတော့ သူက အများကြီးစားတယ်။
ဆောင်းပါးများ

မဇ္ဈိမမှသည် ချင်းတောင်တန်းနှင့် ပုံတောင်ပုံညာဆီသို့ ရုပ်သံဆောင်းပါး (အပိုင်း ၂)

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 136 Views
ဒီခရီးစဉ် အပိုင်း (၂) မှာတော့ မင်းတပ်မြို့နယ်၊ ဝမ္မတူရွာမှာရှိတဲ့ စစ်လော်ဘီတွေက တော်လှန်ရေး သမားတွေကို ဆေးကုပေးနေတယ်ဆိုပြီး ဗုံးကြဲဖို့ အကြိမ်များစွာ
ဆောင်းပါးများ

မဇ္ဈိမမှသည် ချင်းတောင်တန်းနှင့် ပုံတောင်ပုံညာဆီသို့ ခရီးသွားဆောင်းပါး (အပိုင်း ၁)

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 180 Views
၁၉၈၈ ခုနှစ်ကစပြီး မြန်မာ့အရေးကို မှတ်တမ်းတင်နေသူ ကျနော့်မိတ်ဆွေ ဂျပန်ဗီဒီယိုသတင်းသမား အာဆာဘီနဲ့ မဲဆောက်မြို့ကိုလာရောက်ပြီး တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံနေစဉ် ဂျပန်ဝါရင့်သတင်းသမား အူဆာဂီတို့အဖွဲ့နဲ့ ၂၀၂၂ ခုနှစ်မှာ မဲဆောက်မြို့မှာ တွေ့ရှိခင်မင်ခဲ့ကြပြီး ဘန်ကောက်ရောက်တဲ့အခါ ပြည်တွင်းက ထွက်ပြေးလာတဲ့ ကျောင်းဆရာ
ဆောင်းပါးများ အတွေးအမြင်ကဏ္ဍ အယ်ဒီတာ့အာဘော်

ယခင်တပ်မတော်နဲ့ ယနေ့တပ်မတော် ဘာတွေ ကွာခြားလဲ

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 117 Views
ခေတ်မျက်လုံးရဲ့ ပင်တိုင်ဆောင်းပါးရှင် ဦးထွန်းအောင်ကျော်မှ ရေးသားသည့်ဆောင်းပါး ဖြစ်ပါသည်။ တပ်မတော်သားတွေရဲ့ လူနေမှု အဆင့်အတန်းကို လေ့လာရင် ဦးနုလက်ထက်ကနေ ဗိုလ်နေဝင်း အာဏာသိမ်းခါစအထိ ပြည်သူက တော်လှန်ရေးနေ့ (အခုတပ်မတော်နေ့) ရောက်တိုင်း စစ်ရေးပြချီတက်လာတဲ့ တပ်မတော်သားတွေကို ပန်းကုံးစွပ် ကြိုဆိုကြတယ်။
ဆောင်းပါးများ မြန်မာသတင်း

ဖက်ဒရယ်နိုင်ငံတည်ဆောက်ခြင်း(နောက်ဆုံးပိုင်း)

  • 2023 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 100 Views
ခေတ်မျတ်လုံးရဲ့ ရုပ်သံဆောင်းပါး အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီကနေ့မှာဆိုရင် ဖက်ဒရယ်နိုင်ငံတည်ဆောက်ခြင်းဆိုတဲ့ ဆောင်းပါးရဲ့ နောက်ဆုံးအပိုင်းကို တင်ဆက်ပေးမှာပါ။ ဆောင်းပါးရဲ့ ပထမပိုင်းနဲ့ ဒုတိယပိုင်းတွေမှာ ဖက်ဒရယ်နောက်ခံသမိုင်းအကြောင်း၊ ဖက်ဒရယ်ကို အတားအဆီးဖြစ်နေတဲ့ အချက် ၃ ချက်ဖြစ်တဲ့ ဗမာမုန်းတီးရေး၊ လူမျိုးစုတစ်ခု
ဆောင်းပါးများ မြန်မာသတင်း

ဖက်ဒရယ် နိုင်ငံတည်ဆောက်ခြင်း အပိုင်း (၂)

  • 2023 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 99 Views
ခေတ်မျတ်လုံးရဲ့ ရုပ်သံဆောင်းပါး အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီအစီအစဉ်ကနေ ဦးထွန်းအောင်ကျော် ရေးသားထားတဲ့ “ ဖက်ဒရယ်နိုင်ငံတည်ဆောက်ခြင်း” ဆိုတဲ့ ဆောင်းပါးကို စာရေးသူကိုယ်တိုင်က တင်ဆက်ပေးသွားမှာပါ။ ဒီရုပ်သံဆောင်းပါးမှာဆိုရင် ပင်လုံကနေစလို့ ဖက်ဒရယ်နောက်ခံသမိုင်း‌ကြောင်းတွေ၊ ဖက်ဒရယ်ကို တားဆီးနေတဲ့အချက်တွေနဲ့ ဖက်ဒရယ်အတွက် ကြိုတင်ပြင်ဆင်ထားသင့်တာတွေကို
ဆောင်းပါးများ မြန်မာသတင်း

ဖက်ဒရယ် နိုင်ငံတည်ဆောက်ခြင်း အပိုင်း(၁) – ရုပ်သံဆောင်းပါး။

  • 2023 ခုနှစ်၊ အောက်တိုဘာလ 27 ရက်
  • 143 Views
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်၊ ခေတ်မျက်လုံး။ ခေတ်မျတ်လုံးရဲ့ ရုပ်သံဆောင်းပါး အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီကနေ့မှာဆိုရင် ဖက်ဒရယ် နိုင်ငံတည်ဆောက်ခြင်းဆိုတဲ့ ဆောင်းပါးကို တင်ဆက်ပေးမှာပါ။ ဒီရုပ်သံဆောင်းပါးမှာဆိုရင် ပင်လုံကနေစလို့ ဖက်ဒရယ်နောက်ခံသမိုင်း‌ကြောင်းတွေ၊ ဖက်ဒရယ်ကို တားဆီးနေတဲ့အချက်တွေနဲ့
ဆောင်းပါးများ အတွေးအမြင်ကဏ္ဍ

ရွှေ့ပြောင်းအလုပ်သမားချင်းအတူတူ အစ္စရေးက ထိုင်းရွှေ့ပြောင်းအလုပ်သမားနဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဘယ်လိုကွာခြားသလဲ။

  • 2023 ခုနှစ်၊ အောက်တိုဘာလ 18 ရက်
  • 106 Views
သောကြာနေ့တွင် ဘွန်းချိုင်း ဆေရန် (Boonchai Saeyang) သည် ထိုင်းနိုင်ငံသို့ ပြန်ရောက်သောအခါ ဂါဇာကမ်းမြောင်အနီးရှိ လယ်ကွင်းတစ်ခုတွင် အလုပ်လုပ်ရန် အစ္စရေးတွင် နောက်ချန်ကျန်နေရစ်ခဲ့သော သူ့လုပ်ဖော်ကိုင်ဖက် ထိုင်းလူမျိုးများအကြောင်း တွေးနေမှု ရှိလာခဲ့သည်။ သူတို့နေခဲ့သည့် အစ္စရေးရွာတွင် အရပ်သားတွေကို