နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇူလိုင်လ 27 ရက်

ဆောင်းပါးများ

ဆောင်းပါးများ

မဇ္ဈိမမှသည် ချင်းတောင်တန်းနှင့် ပုံတောင်ပုံညာဆီသို့ ခရီးသွားဆောင်းပါး (အပိုင်း ၂)

ခရီးစထွက်ပြီ
ဒီဇင်ဘာလ (၁၅) ရက်နေ့မနက်မှာ စမ်းစမ်းတို့ချက်ကျွေးတဲ့ ထမင်းနဲ့ဟင်းကို စားကြတယ်။ ငြိမ်းချမ်းက သက်သတ်လွတ်ဆိုတော့ သူ့အတွက် ပဲပုတ်ဟင်းချက်ပေးတော့ သူက အများကြီးစားတယ်။ လမ်းပြအဖြစ် တာဝန်ယူပေးမယ့် ကိုအောင်မြင့်မြတ် စီစဉ်ပေးတဲ့ကားနဲ့ အူဆာဂီ၊ ငြိမ်းချမ်းနဲ့ ကျနော်တို့ အိုက်ဇောကနေ လေဆိပ်ကို ထွက်ဖို့ကိစ္စမှာ စီစဉ်ထားတဲ့ကားက တနာရီကျော်နောက်ကျပြီးမှ ကျနော်တို့နေတဲ့ နေရာကိုရောက်လာတယ်။ အူဆာဂီက ကြိုတင်ယူလာရမယ့် လက်အိပ်၊ ဦးထုတ်၊ မျက်နှာသုတ်ပုဝါတွေ ပါမလာလို့ ဆိုပြီး တက္ကဆီငှားပြီး ကိုမျိုးနဲ့သွားဝယ်နေတာ တော်တော်နဲ့ ရောက်မလာဘဲ တနာရီနီးပါးကြာမှ ရောက်လာတဲ့အတွက် ၁၁ နာရီနီးပါးလောက်မှ အိုက်ဇောက စထွက်ဖြစ်တယ်။ ကားဆရာက လေဆိပ်ခရီးက အပိုပါလာတဲ့အတွက် ငွေတိုးတောင်းလို့ ပေးမယ်သွားသာသွားလို့ ပြောလိုက်ရတယ်။ လေဆိပ်ကို ရောက်တဲ့အခါ နေ့လည် ၁၂ နာရီ ရှိပြီ အူဆာဂီ စီးလာတဲ့ လေကြောင်းလိုင်း Air Asia လေယာဉ်က ဆိုက်သွားပြီ တခုထူးတာက လေယာဉ်ဆိုက်တာ တနာရီလောက်ပဲ ရှိသေးတယ် လေယာဉ်ကလေဆိပ်ဝန်ထမ်းတွေ တယောက်မှ လေဆိပ်မှာ မရှိတော့ဘူး အိမ်ပြန်သွားကြပြီ။

လေဆိပ်အစောင့်တွေကလည်း လေဆိပ်ထဲကို အဝင်မခံဘူး။ လေယာဉ်စီးတဲ့ ခရီးသည်မှ ဝင်ရမယ်ဆိုပြီး မျက်နှာထားတင်းတင်းနဲ့တားတယ်။ Indigo လေကြောင်းလိုင်းက ၂ နာရီမှာ လေယာဉ်ထွက်မှာဆိုတော့ ခရီးသည်တွေက တဖွဲဖွဲရောက်နေပေမယ့် ကျနော်တို့ကို အဝင်မခံဘူး။ အတော်ရိုင်းတယ်လို့ တွေးမိတယ်။ ယူနီဖောင်းဝတ်လိုက်တာနဲ့ အာဏာပြတော့တာပဲ။ ငါတို့နိုင်ငံက ပုလိပ်တွေ၊ စစ်သားတွေနဲ့ အကျင့်အတူတူပဲလို့ မှတ်ချက်ချမိတယ်။ လေယာဉ်လိုင်းကဝန်ထမ်းတွေလည်း ပြန်ကုန်ပြီ။ လေဆိပ်ထဲလဲ ဝင်မရနဲ့ ဖြစ်နေတာကြောင့် အစောင့်စစ်သားတွေကို ငါတို့ပစ္စည်းလာရွေးတာ ဒါကြောင့် ဘယ်သူ့ကို မေးရမလဲဆိုတော့ မနက်ဖြန်ရုံးဖွင့်ချိန်မှ ပြန်လာတဲ့။ အတော်ကို ဒေါသထွက်စရာကောင်းတယ်။ သူတို့ပြောတော့လွယ်တယ်၊ ခရီးက ကားနဲ့ တစ်နာရီကျော်ကြာ မောင်းရတာ။

ဒါနဲ့ ကြံကြည့်မယ်ဆိုပြီး စိတ်မလျော့ဘဲ လေဆိပ်အဝင်နားမှာ ဟိုလျှောက်ဒီလျှောက်လုပ် ပြီး ပြတင်းပေါက်တွေကနေ အတွင်းကို လိုက်ကြည့်တယ်။ အတော်ကြာလာပြီးမှ Indigo လေကြောင်းလိုင်းက လေယာဉ်မယ်တယောက် လာတာတွေ့တာနဲ့ အကျိုးအကြောင်းပြောပြီး အကူအညီတောင်းကြည့်တော့ သူမက မေးကြည့်ပေးပါ့မယ်ပြောလို့ အားတက်သွားတယ်။ နောက်တော့ သူက နောက်ရောက်လာတဲ့ လေယာဉ်အမှုထမ်းရာထူး ပိုကြီးတဲ့အမျိုးသမီးကြီးကို သွားပြောတယ်။ အမျိုးသမီးကြီးက အူဆာဂီ လက်မှတ်ကိုကြည့်ပြီး သူ့ပစ္စည်းက ပါမလာဘူးလို့ဆိုတယ် ဒါနဲ့မဟုတ်ဘူး လေယာဉ်က မနေ့ကဆိုက်တာ ပစ္စည်းကပါမလာဘူး။ ဒီနေ့လေယာဉ်နဲ့ပါလာမယ်ဆိုလို့ လာရွေးတာလို့ ရှင်းပြလိုက်တယ်။ အဲဒီတော့မှ သူဆက်ပြီး မေးကြည့်မယ်ဆိုပြီး Air Asia လေကြောင်းလိုင်းက တာဝန်ရှိသူကို ဖုန်းဆက်ပြီး စကားပြောတယ်။ သူတို့မီဇိုလို ပြောနေတာတွေ ကိုယ်တွေက နားမလည်တော့ မျှော်လင့်တကြီးနဲ့ ဘေးကစောင့်နေရတယ်။ ဖုန်းချပြီးမှ အဲဒီအမျိုးသမီးကြီးက သူတို့လေကြောင်းလိုင်းက ရုံးခန်းထဲမှာပစ္စည်းကို ထားခဲ့ပေးတယ်ပြောတယ်။ သူအထဲကို ဝင်ယူလာပေးမယ် အပြင်ကနေ စောင့်နေပါလို့ဆိုပြီး လေဆိပ်ထဲကို ဝင်သွားတယ်။ ခဏနေတော့ သေတ္တာကို ယူလာပေးတယ်၊ သေတ္တာက ပွင့်နေတယ်။ ဒါနဲ့ ဝမ်းသာအားရ သေတ္တာကို စစ်ဆေးကြတယ်။ အမျိုးသမီးကြီးကိုလည်း အထူးကျေးဇူးတင်ကြောင်း ပြောရတယ်။ သူက ပြုံးပြီး ရပါတယ်လို့ ပြန်ပြောတယ် မီဇိုအမျိုးသမီးတွေက ယောက်ျားတွေထက် စိတ်သဘောကောင်းတယ်။ အူဆာဂီရဲ့ ဘက်ထရီ (၃) လုံးကတော့ ပါမလာဘူး။ ကိုလာကတ္တားလေဆိပ်က သိမ်းထားလိုက်တယ်။ အပြန်မှာ ကာလာကတ္တားလေဆိပ်မှာ တောင်းယူနိုင်တယ်လို့ ဆိုတယ်။ ဒါနဲ့ ရှိတာနဲ့သုံး၊ လမ်းမှာအားသွင်းလို့ရရင် အားသွင်းပေါ့ဆိုပြီး လေဆိပ်က ထွက်လာခဲ့ကြတယ်။

လေဆိပ်ကထွက်လာပြီး နယ်စပ်ကို တန်းထွက်ပြီမှတ်တာ ကားက အိုက်ဇောကို ပြန်တက်ပြန်တယ်။ ကိုယ်တွေကလည်း တခါမှ မရောက်ဘူးတော့ သူတို့ခေါ်တဲ့နောက်ကို လိုက်ရတာပေါ့။ အိုက်ဇော်မှာ တနေရာပြီး တနေရာ ကားကိုရပ်ပြီး အထုတ်ကြီးတွေ ကားနောက်ခန်းမှာ တင်ပါလေရော နောက်ဆုံး ပစ္စည်းတင်တဲ့နေရာက ကိုအောင်မြင်မြင့်နေအိမ်က ပစ္စည်းထုတ်တွေ တင်တော့ ကျနော်က အတော်တင်းလာတယ်။ ခရီးက မထွက်နိုင်ဘူး ဖြစ်နေတယ်။ နောက်ဆုံး ပစ္စည်းတင်ပြီး ကားထွက်တော့ ကျနော်က ခင်ဗျားပစ္စည်းတွေ တင်ချင်ရင် အစကတည်းက တင်လာပါလား၊ ဘာလို့ အခုမှတင်ရတာလဲ အချိန်ကုန်တယ်ဗျလို့ သူ့ကို ပြောလိုက်တယ်။ သူက အဲဒါ CDF ကမှာတဲ့ စစ်ဖိနပ်တွေလို့ပြောတယ် တော်လှန်ရေးအတွက်ဆိုတော့ ဘာမှထပ်မပြောတော့ဘူး ခွင့်လွှတ်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် ကြိုတင်ပြီး သူယူမယ့်ပစ္စည်းတွေကို မနက်ပိုင်းမှာ တင်လာရင် အချိန်မကုန်ဘူးပေါ့။ ဒီလိုနဲ့ထွက်လာတော့ ကားဆရာက ကျနော်ကြိုက်တဲ့ လေဒီဂါဂါရဲ့ Always remember us this way သီချင်းကိုဖွင့်လာတယ်။ တိုကျိုမှာ ကျန်နေရစ်ပြီး ကျနော့်ခရီးစဉ်ကို တားမရလို့ ခွင့်ပြုလိုက်တဲ့ကျနော် အမျိုးသမီးကို သတိရသလို လွမ်းသလိုလို ခံစားမိတယ်။

ညအတော်မှောင်လာမှ ရွာတရွာမှာ ထမင်းဝင်စားတော့ ည (၁၀) နာရီလောက်ရှိပြီ မနက်စာကော နေ့လည်စာပါ ပေါင်းပြီးညစာစားဖြစ်ကြတယ်။ ထမင်းဆိုင်က ညီမသုံးဖော်ထမင်းဆိုင်တဲ့ ဟင်းအိုးတွေက တန်းစီထားတော့ မြန်မာပြည်ထုံးစံအတိုင်း ဘာဟင်းတွေလဲဆိုပြီး ဟင်းအိုးအဖုံးကို ဖွင့်ကြည့်မိတယ်။ အဲဒီအချိန်မှာ အသက်သုံးဆယ်ဝန်းကျင်ကိုယ်လုံးကိုယ်ထည်တောင့်တောင့်နဲ့ ဆိုင်ရှင်အမျိုးသမီးက ဟင်းအဖုံးတွေကို မဖွင့်နဲ့လို့ စိတ်ဆိုးပြီးပြောတယ်။ ကျနော်က ငါတို့ဘာဟင်း စားမလဲဆိုတာ မကြည့်ရဘူးလားလို့ ပြန်မေးလိုက်ပြီး စားပွဲမှာထိုင်လိုက်တယ်။ အားလုံး ထိုင်ကြတဲ့အခါ သူမက ဟင်းတွေအားလုံးကို တခွက်စီ လာချပေးတယ် နောက်ပြီး ဟင်းခွက်တိုင်းမှာ ခပ်ဖို့ ဇွန်းသတ်သတ်ပေးပြီး ကိုယ်ထည့်ချင်တဲ့ ဟင်းကို မူလဟင်းခွက်ကနေ ဇွန်းနဲ့ခပ်ထည့်ရတယ်။ ဟင်းရည်သောက်ချင်ရင်လည်း ကိုယ်သောက်မဲ့ ခွက်ကိုခပ်ထည့်ပြီး ကိုယ့်ပေးထားတဲ့ ဇွန်းနဲ့ပဲ သောက်ရတယ်။ ဒီနေရာမှာ မြန်မာပြည်ထက် ကျန်းမာရေးရှုဒေါင့်ကကြည့်ရင် တဦးတယောက်က ရောဂါရှိရင် မကူးရအောင် သိပ္ပံနည်းကျရှိတယ်။ မြန်မာပြည်မှာထက် ကျန်းမာရေး ဂရုထားမှုမှာ သာတယ်လို့ဆိုရမယ်။

ဟင်းခွက်ထဲက ဟင်းနည်းသွားတာနဲ့ လာပြီးထပ်ဖြည့်ပေးတယ် အဝစားတယောက် ရူပီး ၅၀၀ ဆိုတော့ ၆ ဒေါ်လာ စွန်းစွန်းကျတယ်။ တန်ပါတယ် ဝက်သားက အဖြူထည် ရေလုံပြုတ်ဟင်း၊ ကြက်သားကြော်၊ အမဲသားဟင်း၊ ဟင်းချို၊ မီဇိုဟင်း၊ ဟင်းအမယ် ၄ မျိုးလောက်စား ကြတယ်။ တလမ်းလုံး ငြိမ်းချမ်းက အန်လာတယ် ပဲပုတ်တွေ အစားများပြီးအစာမကြေတာလည်း ပါတယ်။ ထမင်းဆိုင်မှာလည်း သူကမစားတော့ဘူး။ ဒါကြောင့် မင်းမဟန်နိုင်ရင် နယ်စပ်မှာပဲနေခဲ့ပြီး အိုက်ဇော်ကို ဒီကားနဲ့ပြန်လိုက်လို့ပြောတော့ သူကရပါတယ် အစာမကြေတာကြောင့်ပါ အစာကုန်သွားရင် ကောင်းသွားမှာပါ ဘာမှမဖြစ်ဘူးလို့ပြောတယ်။ ဒီကောင့်ကိုလည်း စိုးရိမ်တယ်။ သူက ထောင်ကလွတ်လာတာ မကြာသေးဘူး။ ထောင်တွင်းတိုက်ပွဲတွေမှာ အကန်ခံရလို့ နံရိုးအက်သွားတယ်။ စိတ်ဖိစီးမှုဒဏ်တွေ ရှိနေတယ်။ ထမင်းစားပြီးတော့ဆိုင်ရှင်အမျိုးသမီးကို ငါတို့နိုင်ငံမှာတော့ ထမင်းဆိုင်မှာ ဟင်းအိုးအဖုံးဖွင့်ကြည့်ပြီး ကိုယ်ကြိုက်တဲ့ဟင်းကို မှာစားလေ့ရှိတာကြောင့် မင်းတို့နဲ့ယဉ်ကျေးမှုဓလေ့ထုံးစံမတူဘူး။ ဒါကြောင့် ငါ့အပြုအမူကရိုင်းပြသွားရင် တောင်းပန်တယ်လို့ ပြောလိုက်တော့ မျက်နှာထားတင်းနေတဲ့အမျိုးသမီးက မျက်နှာပြုံးသွားတယ်။ မင်းတို့ဆိုင်က ကြက်သားကြော် အရမ်းစားကောင်းတယ်လို့ ထပ်ပြောလိုက်တော့ သူက ကျေးဇူးတင်ပါတယ်လို့ ပြန်ပြောတယ်။ စားသောက်ပြီး ထွက်လာခဲ့ကြပြန်တယ်။ ညတနာရီလောက်မှာ နယ်စပ်မြို့ လုံကလိုင်စငှောင် (Lawngtlai- Sangau) ကိုရောက်ပြီး အစိုးရတည်းခိုခန်းမှာ ညအိပ်ကြတယ်။

ဒီဇင်ဘာလ ၁၆ ရက်

ဒီဇင်ဘာလ ၁၆ ရက် မနက် (၆) နာရီ ထိုးခါနီးနိုး လာတော့ တည်းခိုခန်းကထပြီးထွက်လာတဲ့အခါ ပတ်ဝန်းကျင်က တောင်တန်းပြာပြာကြီးတွေ အောက်မှာ တိမ်ပင်လယ်ကြီး ဖြစ်နေလို့ မှတ်တမ်း စရိုက်ဖြစ်တယ်။

နယ်စပ်မြို့ လုံကလိုင်စငှောင်ရဲ့ တောင်တန်းပြာပြာကြီးတွေအောက်က တိမ်ပင်လယ်ကြီးမြင်ကွင်း

အိုက်ဇောက ကားသမားကို ရူပီး တသောင်းငါးထောင် ရှင်းပေးပြီး စငှောင် (Sangau) နယ်စပ်မြို့မှာ ကိုအောင်မြင် စီစဉ်ထားတဲ့ နယ်စပ်ကလာကြိုတဲ့ကားနဲ့ ထွက်ခဲ့တယ်။ ကားသမားက ချင်းလူမျိုး၊ ဒါပေမဲ့ မီဇိုရမ်ပြည်သားပေါ့။ အဲဒီ စငှောင် မြို့ဈေးမှာ ပါလာတဲ့ ရူပီးငွေ ၃ သိန်းဖိုးကို မြန်မာငွေနဲ့ လဲတယ်။ ကုန်စုံဆိုင်တခုမှာ ကိုအောင်မြင် အဆက်အသွယ်နဲ့ မြန်မာငွေလဲကြတယ်။ သူတို့မှာ မြန်မာငွေ အကုန် ရသလောက် ကျပ် ၄၅ သိန်း လောက်လဲလာခဲ့တယ်။ လဲပြီးငွေထုတ်ကို ကိုငြိမ်းချမ်းကို သိမ်းခိုင်းပြီး အသုံးစာရင်းကို မှတ်ခိုင်းရတယ်။

ငွေလဲပြီးတာနဲ့ စငှောင် မြို့ကနေ ကားလေးနဲ့ ကျနော်တို့ ၃ ယောက်နဲ့ လမ်းပြ ကိုအောင်မြင် ကားဆရာ အားလုံးပေါင်း ၅ ယောက် မြန်မာနယ်စပ်ကို ခရီးထွက်လာခဲ့ကြတယ်။ မနက်ပိုင်း ၇ နာရီကျော် ၈ နာရီလောက်အချိန်မို့ နေထွက်နေပေမဲ့ နေကို မမြင်နိုင်အောင် မြူတွေက ပိန်းပိတ်အောင် ကျနေတယ်။ ဒါကြောင့် နေခြည်မဖြာနိုင်လို့ မနွေးနိုင်ဘူးပေါ့။ မြူတွေဟာ တကယ်တော့ ဒီထက်မြင့်တဲ့ တောင်တွေပေါ်ကကြည့်ရင် တောင်အောက် ခါးလယ်လောက်မှာ တန်းနေတဲ့ တိမ်တိုက်တွေပါပဲ။ ကားရှေ့မြင်ကွင်းတခုလုံး မြူတွေကြောင့် မှုန်ရီဝေနေတယ် လွမ်းစရာလိုလို၊ ဒါပေမဲ့ ဘာကို လွမ်းရမှန်းမသိတဲ့ တော်လှန်ရေးခရီးသွားတယောက်ရဲ့ဘဝပေါ့။

ကားလေးက မြေလမ်းအတိုင်းမောင်းပြီး တောင်တွေကို ကွေ့ပတ် တောင်ကြောတွေ တောင်ကြားတွေကနေ မီဇိုရမ်ပြည်နယ်နဲ့ မြန်မာနယ်နမိတ်ဆီသို့ တရွေ့ရွေ့သွားနေတာကြောင့် ပတ်ဝန်းကျင်ကို လိုက်ကြည့်နေမိတယ်။ ကားဆရာရဲ့ထိုင်ခုံနောက်မှာ တယ်လီစကုတ်တပ်ထားတဲ့ လေသေနတ်တလက်ကို ထိုးထည့်ထားတယ်။ ပထမတော့ စနိုက်ပါ သေနတ်ထင်တာ။ နောက်မှ လေသေနတ်မှန်း သိရတယ်။ လမ်းတနေရာရောက်တော့ ကားဆရာက ကားကိုအသာရပ်လိုက်တယ် ကားလမ်းပေါ် ရှေ့ခပ်လှမ်းလှမ်းပေ ၅၀ အကွာလောက်မှာ ဂျိုးငှက်ကလေးတကောင်ကရပ်ပြီး ကားကို ကြည့်နေတယ်။ ကားဆရာက ထိုင်ခုံနောက်မှီက သေနတ်ကို အသာအယာ လှမ်းယူလိုက်တယ်။ သူက ဂျိုးငှက်ကလေးကို သေနတ်နဲ့ချိန်ပြီး ကားပေါ်ကနေခေါင်းထွက်ပြီး ဂျိုးငှက်လေးကို အချိန်မဆိုင်းဘဲ ခလုပ်ဆွဲလိုက်တဲ့အခါ ဖောက်ကနဲ မြည်သံကြားရပြီး ဂျိုးငှက်ကလေးကလန့်ပြီး အတောင်ပံ့လေးဖြန့်ရင်း လမ်းဘေးကို ဘေးစောင်းထိုးကျသွားတာမြင်ရတော့ ထိသွားပြီဆိုတာ သိလိုက်ရတယ်။ ကားဆရာလည်း ဝမ်းသားအားရ ချင်းလိုပြောပြီး ဂျိုးငှက်လေးကို သွားကောက်တယ်။ သူ့လက်ထဲက သေသွာတဲ့ ဂျိုးငှက်လေးကို သူ့ထိုင်ခုံအောက်ကို ထည့်ရင်း ကိုအောင်မြင်ကို ချင်းလိုပြောတော့ သူဘာပြောတာလဲလို့ မေးမိတယ်။ ကိုအောင်မြင်က သူကံကောင်းလို့ ဟင်းစားရတာ၊ ငှက်တွေ မရတာကြာပြီ၊ ဒီနေ့သူကံကောင်းတယ်လို့ ဘာသာပြန်ပေးတယ်။ ကျနော်တွေးမိတာက သူကံကောင်းတဲ့နေ့မှာ ဂျိုးငှက်လေးအတွက် ကံဆိုးတဲ့နေ့ပဲ ဆိုတာတော့ သူကတွေးမိ သနားမိမှာ မဟုတ်ဘူးဆိုတာပဲ။

အူဆာဂီက ကားဆရာ သေနတ်ထုတ်တာကအစ၊ ပစ်တာ သွားကောက်ပြီး ယူလာတာ၊ ငှက်သေလေးကိုကိုင်ပြီး အားလုံးကို ဝမ်းသာအားရပြပြီး သူ့ထိုင်ခုံအောက်မှာထားတာအဆုံး အားလုံးကို မှတ်တမ်းရိုက်တယ်။ ဂျပန်မှာတော့ ကျေးငှက်တွေ၊ ဂျိုးငှက်တွေ၊ ခိုတွေ စတဲ့ငှက်တွေကို ပစ်သတ်ခွင့် မပြုပါဘူး။ စားလည်း မစားကြဘူး (စစ်ရှုံးကာလ ဂျပန်မှာတော့ စားစရာမရှိလို့ ငှက်တွေကို ပစ်ခတ်စားသောက်တာရှိခဲ့ပေမယ့် စီးပွားရေးကောင်းလာတဲ့အခါမှာတော့ မစားကြတော့ဘူး)။ အမေရိကားမှာတော့ သားရဲတိရိစ္ဆာန်တွေကို သတ်ဖြတ်ခွင့်မရှိဘူး။ အမဲလိုက်ရာသီ သတ်မှတ်ပေးပြီး တောရိုင်းတိရိစ္ဆာန်တွေကို မပြုန်းတီးအောင် ကာကွယ်ထားတယ်။ ချင်းပြည်နယ်မှာတော့ မိရိုးဖလာ အမဲလိုက်ရတာ ဂုဏ်ယူကြတယ်။ သူတို့ရတဲ့သားကောင်တွေရဲ့ ခေါင်းခွံတွေကို အိမ်မျက်နှာစာမှာ ချိတ်ထားပြီး များများချိတ်နိုင်တဲ့သူက အမဲလိုက်ကောင်းတဲ့ လူစွမ်းကောင်းပေါ့။ ဂျိုးငှက်ဆိုတာ ငြိမ်းချမ်းရေးသင်္ကေတဆိုတော့ ဂျိုးငှက်လေးသေသွားတာ ငြိမ်းချမ်းရေး သေဆုံးတဲ့ နမိတ်များလားလို့ ပေါက်တတ်ကရ တွေးလိုက်မိသေးတယ်။

ဒီလိုနဲ့ ကားလေးက မြန်မာ-အိန္ဒိယနယ်စပ် အုတ်တံတိုင်းကို ဖြတ်သွားပြီး မြန်မာနဲ့အိန္ဒိယကို နေရာများစွာကနေ ဖြတ်စီးနေတဲ့ မီဇိုအခေါ်ကတော့ တီးပီးမြစ်လို့ခေါ်တဲ့ ကုလားတန်မြစ်ဆိပ်ကို ဆိုက်ရောက်လာပါတော့တယ်။ မြစ်ကမ်းနားက အရမ်းကို လှပပြီး စိမ်းလန်းတဲ့သစ်တောတွေ ကြည်လင်စိမ်းပြာစွာ စီးဆင်းနေတဲ့မြစ်ရဲ့ နောက်ခံမှာ တောင်တန်းပြာကြီးအောက်မှာ ရွေ့လျားနေတဲ့ တိမ်တိုက်ဖွေးဖွေးတွေရဲ့နောက်က ကောင်းကင်ပြာကြီးတွေဟာ ဘယ်ပန်းချီမှရေးလို့မမှီတဲ့ သဘာဝအလှကို ဖွဲ့ဆိုထားပါတယ်။

ကမ်းခြေမှာရှိတဲ့ကားကို ကူးတို့ဖောင်ပေါ်ကို ကားဆရာက မောင်းတင်ပြီးတော့ တဖက်ကမ်းကို ကူးတို့စီးပြီး ထွက်ခဲ့ကြတယ်။ တဖက်ကမ်းရောက်တော့ မြစ်ကမ်းဘေးမှာ ဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင်မှာ ကော်ဖီနဲ့ခေါက်ဆွဲပြုတ်မှာ စားကြတယ်။ ကြက်ဥတလုံးစီ ထည့်ပါလို့ပြောပြီး ၄ယောက်သားစားကြတယ် ပြီးမှ စောင့်နေတဲ့ကားပေါ်တက်ပြီးဆက်ထွက်ခဲ့ကြတယ် တနာရီလောက်မောင်းပြီးတော့ CNA (Chin National Army) စခန်းရှိတဲ့ ဘုံတလန်ရွာကိုရောက်တယ်။

မြန်မာပြည်ဘက်အခြမ်း ကုလားတန်မြစ် (တူပီမြစ်) ကမ်းဘေးမှာ ဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင်

မြန်မာပြည်ဘက်ကို ရောက်ပြီ

ဂိတ်စောင့်ကို ကိုအောင်မြင်က ချင်းစကားပြောလိုက်တာကြောင့် ဂိတ်ဖွင့်ပေးလို့ ရွာထဲတန်းမောင်းသွားပြီး လမ်းမကြီးရဲ့ဘယ်ဖက် တောင်တက်လမ်းဖက်ကို တက်ခိုင်းလို့ မောင်းတက်လိုက်တဲ့အခါ လမ်းနဲ့ကပ်ရက် ဘယ်ဖက်က ခြေတံရှည် အိမ်ကြီးတလုံးရှေ့မှာ ကားရပ်လိုက်တယ်။ ကားပေါ်ကပါတဲ့ ခရီးဆောင်ပစ္စည်းတွေ အထုတ်အပိုးတွေကို ချကြတယ်။ အဲဒီအိမ်က CNA က ဗိုလ်ကြီး အောင်အောင်ရဲ့အိမ်လို့ သိရတယ်။ သူ့မိန်းမက သဘောကောင်းတယ်၊ ဖော်ရွေတယ် စကားတော့ သိပ်မပြောဘူး။ အိမ်အပေါ်ထပ်မှာ ပစ္စည်းတွေတင်ပြီး လာခေါ်မယ့်ကိုယောမန်တို့ ဆိုင်ကယ်သမား (၃) ယောက်ကို စောင့်ရတယ်။ ကျနော်တို့ထင်တာက သူတို့ကရောက်နှင့်နေပြီ ကိုယ်တွေကို စောင့်နေကြမယ်ထင်နေတာ၊ သူတို့က နေ့ခင်းအထိ ရောက်မလာဘူး မူလအစီအစဉ်က ကျနော်တို့ ၃ ယောက်အတွက် ဆိုင်ကယ်သမား (၃) ယောက်ကလာခေါ်ဖို့အစီအစဉ်၊ ဒါပေမဲ့ ကိုအောင်မြင်က လမ်းခရီး ကျွမ်းကျင်တယ်၊ ဘာသာစကားလည်း တတ်တယ်။ သူကလည်း လိုက်ချင်တယ်ဆိုတော့ သူကိုပါ လိုက်ခဲ့ဖို့ ခေါ်လိုက်တဲ့အတွက် သူ့အတွက် နောက်ဆိုင်ကယ်သမားတယောက် ထပ်လိုတယ်။ အဲဒီလူကို သူက ကြိုတင်မှာထားတဲ့အတွက် ဒီလူက ကျနော်တို့ရောက်ပြီး မကြာခင်မှာ ရောက်ချလာတယ်။

ညနေ (၄) နာရီလောက်မှာ ကိုယောမန်တို့ လွှတ်လိုက်တဲ့ ဆိုင်ကယ်သမား (၄) ယောက် ရောက်ချလာတယ်။ လမ်းမှာ ဆိုင်ကယ်ပြင်နေလို့ နောက်ကျသွားတယ် ပြောတယ်။ အားလုံးလူငယ်တွေပဲ အကြီးဆုံးက (၂၄) နှစ်၊ မော်တော်ဆိုင်ကယ်ပြင်ဆိုင်ထောင်မယ်စိတ်ကူးထားသူတယောက်၊ နွေဦးတော်လှန်ရေး ဖြစ်လာတော့ တော်လှန်ရေးထဲပါလာတာ။ နောက်တယောက်က ရဲကနေ CDM ဝင်လာသူဖြစ်ပြီး သူ့အသက်က ၂၂ နှစ် နောက်တယောက်ကတော့ IDP တွေကို ကူညီနေတဲ့ ကျောင်းသားလူငယ်တယောက် ဖြစ်ပါတယ်။ သူတို့ရောက်လာတာ နောက်ကျတဲ့အတွက် ဘုံတလန်မှာပဲ ညအိပ်ပြီး မနက်မှခရီးထွက်ကြမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ အဲဒီနေ့က ဗိုလ်ကြီးအောင်အောင်က အမဲပေါ်တဲ့အတွက် သူ့တပ်ကမိသားစုတွေကို အမဲသား အတွဲလိုက် မိန်းမဖြစ်သူက ဝေပေးလို့ ရွာမှာနေတဲ့တပ်မိသားစုတွေ CDM တွေက လာယူကြတယ်။ ကျနော်တို့အုပ်စုလည်း အမဲသားဟင်း စားရတယ်။ ဗိုလ်ကြီးက အမဲသားအချောင်းလိုက်ကို အိမ်အောက်မှာ ကျပ်တင်ပြီး မီးထိုးထားတယ် ရေရှည်စားဖို့ အမဲခြောက်လုပ်တယ်ထင်တယ်။

မနက်ကျမှခရီးထွက်ကြမှာဆိုတော့ အညောင်းအညာပြေအောင် ဗိုလ်ကြီးအောင်အောင်တို့ အိမ်ဘေးက တောင်ပေါ်လမ်းအတိုင်း တက်သွားတယ်။ ငြိမ်းချမ်းကလည်း လိုက်လာတယ်။ တနေရာမှာ လူတယောက်က စိုက်ခင်းကို ရေလောင်းနေတယ် ဘာပင်တွေစိုက်နေလဲ မေးတော့ သူက ငြုပ်သီး၊ ကိုက်လန်၊ မုံညှင်းစတာတွေ စိုက်တယ်ပေါ့။ နောက်မှ သူက မင်းတပ်မြို့က ရဲတပ်ကြပ်ကြီးဘဝကနေ CDM ဝင်လာသူဖြစ်ပြီး မိန်းမနဲ့ ကလေး ၃ ယောက်ပါလာပြီး ဘုံတလာမှာ စိုက်ပျိုးရေး လုပ်နေတယ်လို့ ပြောတယ်။ သူ့ကို အင်တာဗျူးပြီး မှောင်လာတာနဲ့ ပြန်လာခဲ့ကြတယ်။ ညအိပ်တဲ့အချိန်မှာ အိမ်ရှင်မက စောင်အထူကြီးတွေကို အားလုံးအတွက် ထုတ်ပေးတယ်။ ခေါင်းအုံး၊ စောင်တွေ တယောက်ကို ၂ ထည်လောက်စီ ထပ်ပြီး ခြုံအိပ်ကြတယ် အိမ်ရှင်ရဲ့ စေတနာကြောင့် ဘုံတလာ အချမ်းဒဏ်ကို မခံစားရဘဲ အားလုံးမောမောနဲ့ အိပ်မောကျသွားကြတယ်။

CDM ရဲတပ်ကြပ်ကြီးနဲ့ သူ့မိသားစု

အဲဒီနေ့ညက တရေးနိုး အပေါ့သွားတော့ လဆန်း၁ရက်နေ့လောက်ကျမယ် ဘာဖြစ်လို့လဲဆိုတော့ လလေးက စက်ဝိုင်းအစ ပါးပါးလေးပဲပေါ်နေတယ် ညအမှောင်ထုက အားကြီးစွာလွှမ်းခြုံထားတဲ့အတွက် ပတ်ဝန်းကျင်က ပိန်းပိတ်အောင် မှောင်လွန်းလှတယ်၊ ကောင်းကင်ကိုမော့ကြည့်လိုက်တဲ့အခါ လင်းလက်တောက်ပနေတဲ့ စင်္ကြာဝလာကြီးတခုလုံးကို အမှောင်ခွင်းပြီး ထင်ထင်ရှားရှား မြင်လိုက်ရတာ ရင်သပ်ရှုမောစရာပါ။ ကျနော်တို့မြို့တွေမှာဆိုရင် မြို့က မီးရောင်တွေကြောင့် ကြယ်တွေလတွေ ကိုလကွယ်ညမှာ တောင်ကောင်းကောင်းမြင်ရတာမဟုတ်ဘူးလေ၊ အခုလိုကြယ်တာရာတွေကို ထင်ထင်ရှားရှား အပြွတ်လိုက်အုပ်စု အလိုက်မြောက်များစွာ တွေ့လိုက်ရတာ အံ့မခန်းရှု မြင်ရတဲ့အခါ တိုကျိုမှာကျန်နေရစ်တဲ့ ချစ်ဇနီးကို သတိတရ ဖြစ်ရပြန်ပါတယ်။

လေးလေးတော့ မိုးလေးကြည့်ချင်တဲ့ ကြယ်တွေ၊ နဂါးငွေ့တန်းတွေကို တယောက်တည်းကြည့်နေရတယ်၊ မိုးလေး ကြည့်ချင်တဲ့ကြယ်တွေကို တနေ့ အတူတူ ကြည့်ကြမယ်လို့ နှုတ်ကနေပြောပြီး “ အသင်စင်္ကြာဝလာကြီး ကျွန်ုပ်သည် မြန်မာနိုင်ငံ စစ်ကျွန်ဘဝကနေ လွတ်မြောက်ရေးကို စွမ်းဆောင်နေသူတယောက် ဖြစ်ပါတယ်။ ဤစကားမှန်ကန်ပါက ဤလမ်းခရီးကို ဘေးအန္တရာယ် ကင်းရှင်းစွာ အောင်မြင်အောင် ခွန်အားကို ပေးပါ” လို့ ဆုတောင်းလိုက်တယ်။

ချင်းပြည်ဟာ ခရစ်ယန်ကိုးကွယ်သူ အများစုဖြစ်တာကြောင့် ဂျီးဇက်ကိုလည်း ကူညီပေးဖို့ဆုတောင်းခဲ့ပါသေးတယ်။ ညတိုင်း ပရိတ်ရွတ် အမျှပေးနေကြဆိုတော့ ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့လည်း နိစ္စပတ်လုပ်ပြီးပြီလေ ဘာလိုသေးလဲ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ဆောင်းပါးများ

မဇ္ဈိမမှသည် ချင်းတောင်တန်းနှင့် ပုံတောင်ပုံညာဆီသို့ ရုပ်သံဆောင်းပါး (အပိုင်း ၂)

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 136 Views
ဒီခရီးစဉ် အပိုင်း (၂) မှာတော့ မင်းတပ်မြို့နယ်၊ ဝမ္မတူရွာမှာရှိတဲ့ စစ်လော်ဘီတွေက တော်လှန်ရေး သမားတွေကို ဆေးကုပေးနေတယ်ဆိုပြီး ဗုံးကြဲဖို့ အကြိမ်များစွာ
ဆောင်းပါးများ

မဇ္ဈိမမှသည် ချင်းတောင်တန်းနှင့် ပုံတောင်ပုံညာဆီသို့ ခရီးသွားဆောင်းပါး (အပိုင်း ၁)

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 180 Views
၁၉၈၈ ခုနှစ်ကစပြီး မြန်မာ့အရေးကို မှတ်တမ်းတင်နေသူ ကျနော့်မိတ်ဆွေ ဂျပန်ဗီဒီယိုသတင်းသမား အာဆာဘီနဲ့ မဲဆောက်မြို့ကိုလာရောက်ပြီး တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံနေစဉ် ဂျပန်ဝါရင့်သတင်းသမား အူဆာဂီတို့အဖွဲ့နဲ့
ဆောင်းပါးများ အတွေးအမြင်ကဏ္ဍ အယ်ဒီတာ့အာဘော်

ယခင်တပ်မတော်နဲ့ ယနေ့တပ်မတော် ဘာတွေ ကွာခြားလဲ

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 117 Views
ခေတ်မျက်လုံးရဲ့ ပင်တိုင်ဆောင်းပါးရှင် ဦးထွန်းအောင်ကျော်မှ ရေးသားသည့်ဆောင်းပါး ဖြစ်ပါသည်။ တပ်မတော်သားတွေရဲ့ လူနေမှု အဆင့်အတန်းကို လေ့လာရင် ဦးနုလက်ထက်ကနေ ဗိုလ်နေဝင်း အာဏာသိမ်းခါစအထိ ပြည်သူက တော်လှန်ရေးနေ့ (အခုတပ်မတော်နေ့) ရောက်တိုင်း စစ်ရေးပြချီတက်လာတဲ့ တပ်မတော်သားတွေကို ပန်းကုံးစွပ် ကြိုဆိုကြတယ်။
ဆောင်းပါးများ မြန်မာသတင်း

ဖက်ဒရယ်နိုင်ငံတည်ဆောက်ခြင်း(နောက်ဆုံးပိုင်း)

  • 2023 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 100 Views
ခေတ်မျတ်လုံးရဲ့ ရုပ်သံဆောင်းပါး အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီကနေ့မှာဆိုရင် ဖက်ဒရယ်နိုင်ငံတည်ဆောက်ခြင်းဆိုတဲ့ ဆောင်းပါးရဲ့ နောက်ဆုံးအပိုင်းကို တင်ဆက်ပေးမှာပါ။ ဆောင်းပါးရဲ့ ပထမပိုင်းနဲ့ ဒုတိယပိုင်းတွေမှာ ဖက်ဒရယ်နောက်ခံသမိုင်းအကြောင်း၊ ဖက်ဒရယ်ကို အတားအဆီးဖြစ်နေတဲ့ အချက် ၃ ချက်ဖြစ်တဲ့ ဗမာမုန်းတီးရေး၊ လူမျိုးစုတစ်ခု
ဆောင်းပါးများ မြန်မာသတင်း

ဖက်ဒရယ် နိုင်ငံတည်ဆောက်ခြင်း အပိုင်း (၂)

  • 2023 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 99 Views
ခေတ်မျတ်လုံးရဲ့ ရုပ်သံဆောင်းပါး အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီအစီအစဉ်ကနေ ဦးထွန်းအောင်ကျော် ရေးသားထားတဲ့ “ ဖက်ဒရယ်နိုင်ငံတည်ဆောက်ခြင်း” ဆိုတဲ့ ဆောင်းပါးကို စာရေးသူကိုယ်တိုင်က တင်ဆက်ပေးသွားမှာပါ။ ဒီရုပ်သံဆောင်းပါးမှာဆိုရင် ပင်လုံကနေစလို့ ဖက်ဒရယ်နောက်ခံသမိုင်း‌ကြောင်းတွေ၊ ဖက်ဒရယ်ကို တားဆီးနေတဲ့အချက်တွေနဲ့ ဖက်ဒရယ်အတွက် ကြိုတင်ပြင်ဆင်ထားသင့်တာတွေကို
ဆောင်းပါးများ မြန်မာသတင်း

ဖက်ဒရယ် နိုင်ငံတည်ဆောက်ခြင်း အပိုင်း(၁) – ရုပ်သံဆောင်းပါး။

  • 2023 ခုနှစ်၊ အောက်တိုဘာလ 27 ရက်
  • 143 Views
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်၊ ခေတ်မျက်လုံး။ ခေတ်မျတ်လုံးရဲ့ ရုပ်သံဆောင်းပါး အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီကနေ့မှာဆိုရင် ဖက်ဒရယ် နိုင်ငံတည်ဆောက်ခြင်းဆိုတဲ့ ဆောင်းပါးကို တင်ဆက်ပေးမှာပါ။ ဒီရုပ်သံဆောင်းပါးမှာဆိုရင် ပင်လုံကနေစလို့ ဖက်ဒရယ်နောက်ခံသမိုင်း‌ကြောင်းတွေ၊ ဖက်ဒရယ်ကို တားဆီးနေတဲ့အချက်တွေနဲ့
ဆောင်းပါးများ အတွေးအမြင်ကဏ္ဍ

ရွှေ့ပြောင်းအလုပ်သမားချင်းအတူတူ အစ္စရေးက ထိုင်းရွှေ့ပြောင်းအလုပ်သမားနဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဘယ်လိုကွာခြားသလဲ။

  • 2023 ခုနှစ်၊ အောက်တိုဘာလ 18 ရက်
  • 106 Views
သောကြာနေ့တွင် ဘွန်းချိုင်း ဆေရန် (Boonchai Saeyang) သည် ထိုင်းနိုင်ငံသို့ ပြန်ရောက်သောအခါ ဂါဇာကမ်းမြောင်အနီးရှိ လယ်ကွင်းတစ်ခုတွင် အလုပ်လုပ်ရန် အစ္စရေးတွင် နောက်ချန်ကျန်နေရစ်ခဲ့သော သူ့လုပ်ဖော်ကိုင်ဖက် ထိုင်းလူမျိုးများအကြောင်း တွေးနေမှု ရှိလာခဲ့သည်။ သူတို့နေခဲ့သည့် အစ္စရေးရွာတွင် အရပ်သားတွေကို
Myanmar Politics ဆောင်းပါးများ

ရှမ်းပြည်နယ်က အခြေခံပညာစာသင်ကျောင်းမှာ စာမရလို့ဟုဆိုကာ ကျောင်းသူဖြစ်သူကို ဆရာမပြင်းပြင်းထန် ထန် ရိုက်နှက်တာကြောင့် ဆေးရုံတင်ထားရ

  • 2023 ခုနှစ်၊ အောက်တိုဘာလ 14 ရက်
  • 122 Views
ရှမ်းတောင် မိုင်းရှူးမြို့နယ် ဟိုနမ့်ကျေးရွာရှိ အခြေခံပညာစာသင်ကျောင်းမှာ အောက်တိုဘာလ (၁၁) ရက်နေ့က စာမရလို့ ဆိုကာ ကျောင်းသူဖြစ်သူကို ဆရာမဖြစ်သူ နန်းနွန်းမှ ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်တာကြောင့် ဆေးရုံတင်ထားရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ခေတ်မျက်လုံးကိုပြောပါတယ်။ အသက် ၇ နှစ်အရွယ်သာရှိသေးတဲ့