သောကြာနေ့တွင် ဘွန်းချိုင်း ဆေရန် (Boonchai Saeyang) သည် ထိုင်းနိုင်ငံသို့ ပြန်ရောက်သောအခါ ဂါဇာကမ်းမြောင်အနီးရှိ လယ်ကွင်းတစ်ခုတွင် အလုပ်လုပ်ရန် အစ္စရေးတွင် နောက်ချန်ကျန်နေရစ်ခဲ့သော သူ့လုပ်ဖော်ကိုင်ဖက် ထိုင်းလူမျိုးများအကြောင်း တွေးနေမှု ရှိလာခဲ့သည်။ သူတို့နေခဲ့သည့် အစ္စရေးရွာတွင် အရပ်သားတွေကို ဟားမတ်စ် တိုက်ခိုက်ရေးသမားများက ပစ်ခတ်နေသော်လည်း အလုပ်လုပ်ရန် ဆက်နေဖို့ ရွေးချယ်ခဲ့တယ်ဟု သူက ပြောပါသည်။
“တချို့က ပြန်ဆပ်ရမယ့် အကြွေးတွေ ကျန်နေသေးတဲ့အတွက် နားလည်နိုင်ပါတယ်။ အခြေအနေကို စောင့်ကြည့်လိုပါတယ်” ဟု အသက် ၃၅ နှစ်အရွယ် အမျိုးသားက ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်သို့ ရောက်ရှိလာချိန်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
“သူတို့က အရင်ပြန်သွားဖို့ ပြောထားတယ်။ သူတို့ အဲဒီမှာနေပြီး စောင့်ကြည့်အုံးမယ် နောက်တော့ ပြန်လာချင်ပြန်လာမယ်။ တချို့က ပြန်လာရင် အကြွေးတွေ အများကြီး ကျနေတော့ အခြေအနေ ငြိမ်သွားရင်တော့ အဲဒီမှာ အလုပ်လုပ်ဖို့ ဆက်နေမယ်။”
ဘွန်ချိုင်သည် လွန်ခဲ့သည့် ၁၀ နှစ်အတွင်း အစ္စရေးနိုင်ငံသို့ ထွက်ခွာသွားသော ထိုင်းလူမျိုး ထောင်ပေါင်းများစွာထဲမှ တစ်ဦးဖြစ်ပြီး အစ္စရေး၏ စိုက်ပျိုးရေး ကဏ္ဍအတွက် အလွန်အမင်း လိုအပ်နေသော လုပ်အားကို ပံ့ပိုးပေးသည့် နိုင်ငံခြားအလုပ်သမားစနစ်ဖြင့် လာရောက်ခဲ့ခြင်းဖြစ်သည်။ အစ္စရေးနိုင်ငံကို ဟားမတ်စ်က အောက်တိုဘာ ၇ ရက် ကစ၍ နိုင်ငံခြားသားအလုပ်သမားများ ဒါဇင်နဲ့ချီ သတ်ဖြတ်ခံရပြီး တချို့ ပြန်ပေးဆွဲခံရပါသည်။ အစ္စရေးနိုင်ငံတွင်း ပြည်ပအလုပ်သမား အများဆုံး အုပ်စုဖြစ်သည့် ထိုင်းနိုင်ငံသားများ တနင်္လာနေ့ အထိ သေဆုံးသူ ၂၉ ဦးအထိ တိုးလာပြီး ထိုင်းလူမျိုး ၁၈ ဦးကို ဓားစာခံအဖြစ် ချုပ်နှောင်ထားသည်ဟု ယူဆရသည်။
ထိုင်းအစိုးရသည် နေရပ်ပြန်လိုသော အလုပ်သမား ၄၀၀၀ ကို ယခုလကုန်တွင် ပြန်ပို့ရန် ရည်မှန်းထားသည်ဟု ထိုင်းအစိုးရက ကတိပြုထားသည်။ ထိုင်းနိုင်ငံသား ၇၀၀၀ ကျော်သည် အိမ်ပြန်မည့် လေယာဉ်ပေါ်တက်နိုင်ရန် ထိုင်ခုံနေရာအတွက် စောင့်ဆိုင်းနေကြောင်း အစိုးရအဖွဲ့ တာဝန်ရှိသူများက ပြောသည်။
ဇူလိုင်လအထိ အစ္စရေးတွင် တရားဝင် နိုင်ငံခြားအလုပ်သမား ၁၁၉,၀၀၀ ဝန်းကျင်ရှိပြီး ယင်းတွင် တရားမဝင်နေထိုင်သူ ၂၅,၀၀၀ ကျော်ရှိကြောင်း အစ္စရေးအာဏာပိုင်များက ပြောသည်။ စိုက်ပျိုးရေးလုပ်ငန်းတွင် တရားဝင်နိုင်ငံခြားသား ၂၂,၈၆၂ ဦးနှင့် တရားဝင်စာရွက်စာတမ်းမရှိသူ ၇,၄၉၃ ဦးရှိပြီး အများစုမှာ ဗီဇာရက်လွန်နေသူများ ဖြစ်သည်။
ဤကဏ္ဍသည် ထိုင်းနိုင်ငံမှ ၎င်း၏လုပ်အားအားလုံးနီးပါးကို တင်သွင်းနေသော်လည်း အစ္စရေး၏ စိုက်ပျိုးရေးကဏ္ဍတွင် အလုပ်နှင့်လေ့လာရေးအစီအစဉ်များ၏ တစ်စိတ်တစ်ပိုင်းအဖြစ် လုပ်ကိုင်နေသည့် အာရှနှင့် အာဖရိကမှ “ သင်တန်းသား” ထောင်ဂဏန်းခန့်လည်း ရှိပါသည်။ အစ္စရေးတွင် အလုပ်လုပ်နေသည့် ထိုင်းလူမျိုးများ၏ သမိုင်းကြောင်းက ဆယ်စုနှစ်မက ကြာခဲ့ပြီဖြစ်သည်။
ထိုင်းနိုင်ငံမှ စိုက်ပျိုးရေးသင်တန်းသား ရာနှင့်ချီသော စေတနာ့ဝန်ထမ်းများသည် ၁၉၈၀ ခုနှစ်များအတွင်း အစ္စရေးနိုင်ငံသို့ ရောက်ရှိလာပြီး ၁၉၉၂ ခုနှစ်တွင် ထောင်နှင့်ချီသော ထိုင်းနိုင်ငံသားများ သွားခဲ့ကြသည်ဟု မနုဿဗေဒပညာရှင် မာတင် ကာမင်နာ (Matan Kaminer) ၏ သုတေသနပြုချက်အရ ၁၉၈၇ Intifada ဟုလည်းခေါ်သည့် ပါလက်စတိုင်း အုံကြွမှု ဖြစ်ပြီး နောက်ပိုင်းတွင် ပြည်ပအလုပ်သမားများကို အစ္စရေးနိုင်ငံတွင်းသို့ သွင်းလာခဲ့သည်။
“ပါလက်စတိုင်း အလုပ်သမားတွေကို ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ အစားထိုးဖို့ အစ္စရေးနိုင်ငံဘက်က မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်တစ်ခု ချမှတ်ထား လုပ်ဆောင်ခဲ့တာကြောင့် သူတို့မှာ ဒီလို မှီခိုမှုမျိုး မရှိစေရပါဘူး” ဟု Kaminer က Nikkei Asia သို့ ပြောကြားခဲ့သည်။
အလုပ်သမားအခွင့်အရေး ဆိုင်ရာပြဿနာများနှင့် ပတ်သက်၍ အမေရိကန်နှင့် အစိုးရမဟုတ်သောအဖွဲ့များ၏ ဖိအားပေးမှုကြောင့် ၂၀၁၃ ခုနှစ်တွင် အကောင်အထည်ဖော်ခဲ့သော ထိုင်း-အစ္စရေးအလုပ်သမား ဆိုင်ရာပူပေါင်းဆောင်ရွက်ရေးဟု ခေါ်သော (Thailand-Israel Cooperation on the Workers (TIC)) ပရောဂျက်ဟု လူသိများသော နိုင်ငံများအကြား သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည့် ၂၀၁၁ ခုနှစ်တွင် တရားဝင်ဖြစ်ခဲ့ပါသည်။
အဆိုပါ သဘောတူညီချက်သည် ထိုင်းဘက်ခြမ်းရှိ အလုပ်သမားပွဲစားများ ပါဝင်နေမှုကို ဖြတ်တောက်ကာ ပုံသေအခကြေးငွေများ ချမှတ်ကာ ထိုင်းနိုင်ငံတွင် စုဆောင်းရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) ကို ထားရှိခဲ့သည်။ အစ္စရေးဘက်တွင် အစိုးရမှ ခန့်အပ်ထားသော လူအင်အား အေဂျင်စီ ၁၃ ခုသည် အလုပ်သမား စုဆောင်းရေးနှင့် သက်သာချောင်ချိရေးအတွက် တာဝန်ရှိသည်။
ရီဘက်ကာ ရိုင်ဂျမန် (Rebeca Raijman) နှင့် နွန်နာ ကူရှင်နီရိုဗစ်ချ (Nonna Kushnirovich) တို့၏ ၂၀၁၉ လေ့လာမှုအရ ထိုင်းလူမျိုးများကို အစ္စရေးတွင် အများဆုံးငါးနှစ်နှင့် သုံးလကြာ လုပ်ကိုင်ခွင့်ပြုထားသည့် TIC သဘောတူညီချက်သည် စိုက်ပျိုးရေးတွင်သာ အခကြေးငွေကို ပျမ်းမျှ ဒေါ်လာ ၉၀၀၀ မှ ၂၁၀၀ ဒေါ်လာအထိ လျှော့ချနိုင်ခဲ့သည်။ စိုက်ပျိုးရေးကဏ္ဍတွင် အလုပ်လုပ်ရန် ဗီဇာအချိုးအစားသည် နိုင်ငံခြားအလုပ်ဗီဇာအားလုံး၏ လေးပုံတစ်ပုံခန့်တွင် တည်ငြိမ်နေခဲ့သည်ဟု ကူရှင်နီရိုဗစ်ချ်က ပြောကြားခဲ့သည်။
သီးသန့်နှစ်နိုင်ငံ သဘောတူညီချက်အရ အစ္စရေး၏ စိုက်ပျိုးရေးလုပ်ငန်းသည် နိုင်ငံခြားအလုပ်သမားများနှင့် ပတ်သက်၍ ၎င်း၏ တစ်သားတည်းဖြစ်မှု အရှိဆုံးကဏ္ဍဖြစ်သည်။ “နိုင်ငံခြားသား အလုပ်သမား ၁၀၀ ရာခိုင်နှုန်းနီးပါးက ထိုင်းနိုင်ငံက လာကြတယ်” ဟု ၎င်းက ဆိုသည်။ ၂၀၂၀ ခုနှစ်တွင် နိုင်ငံများသည် IOM တွင်ပါဝင်ခြင်းမပါဝင်ဘဲ TIC အတွက် သဘောတူညီချက်အသစ်ကို လက်မှတ်ရေးထိုးခဲ့ကြသော်လည်း အလားတူစည်းကမ်းချက်များကို ဆက်လက်ထိန်းသိမ်းထားသည်။ ရိုင်ဂျမန် (Raijman) နှင့် ကူရှင်နီရိုဗစ်ချ်(Kushnirovich) တို့၏လေ့လာမှုအရ အစ္စရေးရှိ ထိုင်းရွှေ့ပြောင်းနေထိုင်သူအများစုမှာ အမျိုးသားများဖြစ်ပြီး ၈၄% သည် ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းမှ ဖြစ်သည်။
“ဒီဒေသတွေမှာ ဆင်းရဲမွဲတေမှုနှုန်း မြင့်မားတာကြောင့် ပြည်ပကို လူအင်အား တင်ပို့သူတွေဟာ ထင်ရှားတဲ့ ပို့ကုန်သမားတွေ ဖြစ်လာတယ်” ဟု လုပ်သားအများစုသည် တစ်လလျှင် လုပ်အားခ ဒေါ်လာ ၁၀၀၀ ကျော်ဖြင့် အစ္စရေးသို့ သွားရောက်ကြသည်ကို တွေ့ရှိခဲ့သူ စာရေးဆရာများက ဆိုသည်။ ရွှေ့ပြောင်းအလုပ်သမားများအား လေ့ကျင့်သင်ကြားပေးမှုများကို ကြီးကြပ်သည့် ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ အလုပ်အကိုင်ဌာနမှ တာဝန်ရှိသူတစ်ဦးက တင်ပို့မှု ပိုက်လိုင်းအား နှစ်နိုင်ငံအကျိုးအမြတ်ရှိသည့် (“win-win”) အစီအစဉ်ဟု ပြောကြားခဲ့သည်။ “အလုပ်သမားတွေက ထိုင်းဘတ်ငွေနဲ့ အိမ်ပြန်နိုင်တယ်။ အကြွေးတွေ အကုန်ဆပ်နိုင်ပြီး မိသားစုအတွက် အိမ်သစ်ဆောက်နိုင်တယ်၊ အဲဒါက လူတိုင်းလိုချင်တဲ့ လူမှုရေးတန်ဖိုး ဖြစ်လာတယ်” ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။
သို့သော်လည်း အစ္စရေးလယ်ယာများတွင် ထိုင်းအလုပ်သမားများအား ညှဉ်းပန်းနှိပ်စက်မှုများသည် ဆက်လက် ဖြစ်ပွားနေပါသည်။ ၂၀၂၀ ခုနှစ်အတွင်း ထိုင်းအလုပ်သမားအခွင့်အရေးဆိုင်ရာ အစိုးရမဟုတ်သောအဖွဲ့အစည်း Kav LaOved မှ အစ္စရေးသို့ ထိုင်းရွှေ့ပြောင်းဝင်ရောက်မှု လျှပ်တစ်ပြက်မှတ်တမ်းတွင် ၈၃% သည် တရားဝင်အနိမ့်ဆုံးလုပ်ခထက် လျော့ပြီးရကြောင်း တွေ့ရှိခဲ့သည်။ အများစုသည် တရားဝင် အာမခံထားသော အခွင့်အရေးများ မရရှိကြဘဲ မလုံခြုံသော လုပ်ငန်းခွင် အခြေအနေများနှင့် ဆေးကုသမှု ခံယူရန် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း လေ့လာမှုအရ သိရသည်။
အလားတူ စိုးရိမ်မှုများကို လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch မှ ၂၀၁၅ ခုနှစ် အစီရင်ခံစာတွင် မှတ်တမ်းတင်ခဲ့ပြီး ၂၀၂၂ ခုနှစ် အမေရိကန် နိုင်ငံခြားရေးဌာန၏ လူကုန်ကူးမှု အစီရင်ခံစာတွင် အစ္စရေး၏ စိုက်ပျိုးရေးကဏ္ဍတွင် ထိုင်းအလုပ်သမားအချို့ကို အဓမ္မလုပ်အားပေးအဖြစ် ဆက်ဆံခြင်းကို လက္ခဏာရပ်အဖြစ် သတ်မှတ်ခဲ့သည်။
တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် ဂါဇာကမ်းမြှောင်အနီးတွင် မှတ်ပုံတင်ထားသော ထိုင်းအလုပ်သမား ၅၀၀၀ ခန့်နှင့် မှတ်ပုံမတင်ထားသူ ၁၀၀၀ ခန့်ရှိကြောင်း အစ္စရေးရှိ ထိုင်းအလုပ်သမားများကို ကူညီရန် အသစ်ဖွဲ့စည်းထားသည့် Aid for Farm Workers စေတနာ့ဝန်ထမ်း ရာဟဲ ကူလန်ဒါ (Yahel Kurlander) က ပြောသည်။ “အလုပ်သမားတွေကို ရွှေ့ပြောင်းခံရတဲ့ နေရာတော်တော်များများမှာ ချက်ချင်း အလုပ်ဆင်းဖို့ ဖိအားတွေ ပေးခံရပြီး တခြားနေရာတွေမှာလည်း နောက်ထပ် တစ်ပတ်နေချင်သူတွေ အလုပ်ဆင်းရမယ်ဆိုတာကို အိမ်ရှင်တွေက ပြောပါတယ်” ဟု အလုပ်သမားများအတွက် ခိုလှုံရာ တည်ထောင်ထားသည့် အဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သော တနင်္လာနေ့က Facebook တွင် ထိုင်းနိုင်ငံဆိုင်ရာအစ္စရေးသံအမတ်ကြီး အိုနာ ဆာဂစ် (Orna Sagiv) က ဟားမတ်စ် တိုက်ခိုက်မှုတွင် ဖမ်းမိသော ထိုင်းအလုပ်သမားများသည် အစ္စရေးရှိ လူတိုင်းကဲ့သို့ တူညီသော ဆက်ဆံမှုနှင့် အကာအကွယ်များ ရရှိမည်ဟု ကတိပြုခဲ့သည်။ စေတနာ့ဝန်ထမ်းအဖွဲ့မှ အဖွဲ့ဝင်လည်းဖြစ်သည့် သုတေသီ ကာမင်နာ (Kaminer) က အစ္စရေးလယ်သမားများက ထိန်းသိမ်းခံထားရသည့် ဝန်ထမ်းများအပေါ် စိုးရိမ်မှုများ ရှိနေသော်လည်း အလုပ်သမားများ၏ သက်သာချောင်ချိရေးကို ဦးစားပေးရန် အရေးကြီးကြောင်း ပြောကြားခဲ့သည်။ အခြေအနေကို ကိုင်တွယ်ဖြေရှင်းမှု ညံ့ဖျင်းပါက၊ အထူးသဖြင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ၏ မှတ်တမ်းများအရ အနာဂတ်တွင် ရွှေ့ပြောင်းနေထိုင်သူများကို ဟန့်တားနိုင်ခြေရှိသည်ဟု ၎င်းက ဆိုသည်။
အစ္စရေး အလုပ်ရှင်တွေနဲ့ ထိုင်းက ရွှေ့ပြောင်းအလုပ်သမားတွေ နှစ်ဘက်ကြား”က ဆက်ဆံရေးဟာ နှစ်အတော်ကြာအောင် ဆိုးရွားခဲ့ပါတယ်။ ဒါက အချိုးအကွေ့တစ်ခု ဖြစ်နိုင်ပါတယ်” ဟု ကာမင်နာ က ပြောကြားခဲ့သည်။ အစ္စရေးရှိ ထိုင်းအလုပ်သမားများကို အထူးပြုသည့် ပညာရှင် ရာဟဲကာလင်ဒါ (Yahel Kurlander) က လက်ရှိအခြေအနေသည် ပါလက်စတိုင်းများကို ပိတ်ထားသည့်အတွက် အလုပ်သမားများ လိုအပ်မှုပိုမိုလာပြီး ထိုင်းအချို့က ပြန်လာရန် တွန့်ဆုတ်နေသောကြောင့် လက်ရှိအခြေအနေသည် တိုးတက်မှုအတွက် အထောက်အကူဖြစ်နိုင်ကြောင်း သတိကြီးကြီးထားပြီး အကောင်းမြင်ခဲ့သည်။ “အလုပ်သမားတွေ အလွန်အမင်း လိုအပ်လာတဲ့အခါ ပိုက်ဆံပိုတောင်းနိုင်တယ်၊ အခွင့်အရေးတွေကို ပိုတောင်းနိုင်တယ်” ဟု သူမက ဆိုသည်။
Nikkei သတင်းဌာန၏ How Thai workers became integral to Israel’s economy, Experts say arrangement was ‘strategic decision’ to replace Palestinian labor ဆောင်းပါးကို ဘာသာပြန်ထားပါသည်။
မှတ်ချက်။ ထိုင်းအလုပ်သမားတွေက အစ္စရေးမှာ တစ်လ ဒေါ်လာ ၁၀၀၀ ကျော်ရလို့သွားလုပ်ကြတယ်။ ဒါကြောင့် ထိုင်းမှာ အောက်ခြေသိမ်းအလုပ်လုပ်နိုင်တဲ့အလုပ်ကြမ်းသမားတွေ ရှားလာတယ်။ ဒီနေရာကို မြန်မာပြည်ကအလုပ်သမားတွေနဲ့အစားထိုးပြီး တလကို ဘတ် ၆၀၀၀- ၇၀၀၀ (ဒေါ်လာ ၂၀၀-၃၀၀) နဲ့ခိုင်းတယ်။