နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇူလိုင်လ 15 ရက်

ဆောင်းပါးများ

ဆောင်းပါးများ

မဇ္ဈိမမှသည် ချင်းတောင်တန်းနှင့် ပုံတောင်ပုံညာဆီသို့ ခရီးသွားဆောင်းပါး (အပိုင်း ၁)

၁၉၈၈ ခုနှစ်ကစပြီး မြန်မာ့အရေးကို မှတ်တမ်းတင်နေသူ ကျနော့်မိတ်ဆွေ ဂျပန်ဗီဒီယိုသတင်းသမား အာဆာဘီနဲ့ မဲဆောက်မြို့ကိုလာရောက်ပြီး တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံနေစဉ် ဂျပန်ဝါရင့်သတင်းသမား အူဆာဂီတို့အဖွဲ့နဲ့ ၂၀၂၂ ခုနှစ်မှာ မဲဆောက်မြို့မှာ တွေ့ရှိခင်မင်ခဲ့ကြပြီး ဘန်ကောက်ရောက်တဲ့အခါ ပြည်တွင်းက ထွက်ပြေးလာတဲ့ ကျောင်းဆရာ လူဇော်လတ်ကို လိုအပ်တာ ကူညီပေးကြရင်း ပိုပြီး ရင်းနှီးခဲ့ကြတယ်။ နောက်တခုက တိုက်တိုက်ဆိုင်ဆိုင် အူဆာဂီရဲ့ ညီမဖြစ်သူက တိုကျိုက ကျနော်နေထိုင်တဲ့မြို့မှာ နေထိုင်နေတာ သိခဲ့ရလို့ အံ့သြမိပါတယ်။

တနေ့မှာ အူဆာဂီဆီက စာဝင်လာပါတယ် သူဂျပန်လာမယ့်အကြောင်း၊ သူ့ညီမဆီမှာ တည်းမဲ့အကြောင်းနဲ့ အချိန်ရရင် ကျနော်နဲ့တွေ့ချင်ကြောင်း ရေးလာလို့ တွေ့နိုင်ပါတယ်လို့ ပြန်စာရေးလိုက်ပါတယ်။ သူရောက်လာပြီး ကျနော်နဲ့ စားသောက်ဆိုင်တခုမှာ ချိန်းပြီး စကားပြောကြပါတယ် မြန်မာနိုင်ငံရေး အခြေအနေနဲ့ သူ့အမြင် ကျနော့်အမြင်တွေ ပြောဆိုကြပြီး သူ့အနေနဲ့ ချင်းပြည်နယ်နဲ့ မကွေးတိုင်းထဲကို သွားလိုကြောင်း ကျနော့်အနေနဲ့ ကူညီပေးနိုင်မလားလို့ မေးလာပါတယ်။ ကျနော်ကလည်း သွားချင်နေတာနဲ့အတော်ဖြစ်နေလို့ ကူညီနိုင်ကြောင်းနဲ့ ချင်းတော်လှန်ရေး အဖွဲ့အစည်းတွေနဲ့လည်း ကျနော်နဲ့ အဆက်အသွယ် ရှိကြောင်း ပြောဆိုခဲ့ပါတယ်။ သူ့အနေနဲ့ လမ်းခရီး ကုန်ကျစရိတ်တွေကို မျှခံမယ်လို့ ပြောခဲ့ပြီး ခရီးထွက်မယ်ဆိုရင် ဘယ်အချိန်လောက် ကောင်းမလဲလို့ မေးတဲ့အတွက် ဒီဇင်ဘာနဲ့ ဇန်နဝါရီလအတွင်း ထွက်နိုင်ရင် ကောင်းတယ်လို့ ဆွေးနွေးခဲ့တယ်။

သူပြန်သွားပြီး မကြာခင် ဒီဇင်ဘာလ ဒုတိယပတ်အတွင်း သွားချင်တယ်လို့ အကြောင်းကြားလာပြီး ဘန်ကောက်ကနေ အတူသွားကြမယ်လို့ ဆိုလာတယ်။ ဒါကြောင့် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ထွက်ပြီး ၃၀ ရက်နေ့ပြန်မယ့် ဘန်ကောက်-တိုကျို အသွားအပြန် လက်မှတ်ကို ဝယ်လိုက်ပါတယ်။ ကျနော်က အသက် ၇၃ နှစ်အရွယ် သူက ၇၉ နှစ်အရွယ်တွေဆိုတော့ လမ်းမှာအကူအညီလိုရင် ကူညီနိုင်မဲ့ လူလတ်ပိုင်း တစ်ယောက်ပါလာရင် ကောင်းမယ်လို့ တွေးမိတယ်။ ဒါကြောင့် ချင်းမိုင်မှာရောက်နေတဲ့ နိုင်ကျဉ်းတယောက်လည်းဖြစ် တူတယောက်လို အားကိုးရတဲ့ ကိုငြိမ်းချမ်းကို လိုက်မလားလို့ လှမ်းမေးလိုက်တော့ သူက အားတက်သရော လေးလေးတို့သွားရင် လိုက်မှာပေါ့။ ဒါပေမဲ့ ကျနော် ဗီဇာသက်တမ်းတိုးရအုံးမယ်လို့ ဆိုတယ်။ ဒါကြောင့် မင်းဗီဇာသက်တမ်း ချက်ချင်းတိုးလိုက်၊ နောက်ပြီး အိန္ဒိယဗီဇာလည်း တခါတည်းလျှောက်လိုက် ကုန်ကျစရိတ်အားလုံးကို ငါတို့ပေးမယ်လို့ ပြောလိုက်တယ်။

ဒီဇင်ဘာ (၁၀) ရက်နေ့ ဘန်ကောက်ကို မထွက်ခင် တစ်ရက်အလို ကိုငြိမ်းချမ်းဆီက မက်ဆေ့ချ် ဝင်လာတယ်။ သူ ဗီဇာသက်တမ်း တိုးတာရပြီ၊ ချင်းမိုင်ကနေ ဘန်ကောက်ကို ဆင်းလာတုံး ကားပေါ်မှာ အိန္ဒိယဗီဇာ ရကြောင်းလည်း စာဝင်လာတယ်လို့ ဆိုတယ်။ ဒါကြောင့် ၃ယောက်ခရီးစဉ် အဆင်ပြေသွားလို့ ဝမ်းသာမိတယ်။

ဒီနေရာမှာ အူဆာဂီဆီက မက်ဆေ့ချ် ဝင်လာတယ်။ သူကျနော်တို့နဲ့အတူ လိုက်ရမယ့် အစီအစဉ်ကို ဖျက်လိုက်ရတယ်။ ဘာကြောင့်လဲဆိုတော့ ထိုင်းမှာ ဒီဇင်ဘာလ (၉) ရက် (၁၀) ရက်နေ့က ရုံးပိတ်ပြီး (၁၁) ရက်နေ့က အခြေခံဥပဒေနေ့ ဖြစ်တဲ့အတွက် ဘဏ်တွေက တနင်္လာနေ့အထိ ပိတ်ထားလို့ သူမလိုက်နိုင်တော့ဘူး၊ ကျနော်တို့ပဲ အရင်သွားနှင့်တော့၊ သူက ဘဏ်ဖွင့်မှ ငွေထုတ်ပြီး လိုက်ခဲ့မယ်ဆိုပြီး ဖြစ်လာတယ်။ ကျနော်နဲ့ ငြိမ်းချမ်းကို သူ့အရင်သွားနှင့်ပါလို့ သူက ဆိုတယ်။ ခရီးစဉ် မစရသေးဘူး၊ အထစ်အငေါ့ ဖြစ်တာကို ကျနော်က သိပ်မကြိုက်ပေမဲ့ ဖြစ်လာမှ မထူးဘူးဆိုပြီး လက်ခံလိုက်ရတယ်။ ဘန်ကောက်ကို ငြိမ်းချမ်းက အရင်ဆင်းလာပြီး လေဆိပ်မှာ အူဆာဂီနဲ့အတူ လာကြိုမယ်လို့ ဆိုတယ်။ ကျနော့်အမျိုးသမီးကလည်း ပြည်တွင်းကို စွန့်စားသွားရမဲ့ ကိစ္စဖြစ်လို့ အရမ်းစိတ်ပူပေမဲ့ ကျနော်လုပ်ချင်တာကို တားမရဘူးဆိုတာသိလို့ စိတ်ပူပူနဲ့ ခွင့်ပြုလိုက်တယ်။ ကျနော်လည်း နောက်ဆံမတင်းရတော့ ဝမ်းသာမိတယ်။

ဒီဇင်ဘာလ ၁၀ ရက် ဘန်ကောက်ရောက်တော့ ညသန်းခေါင်ကျော်ပြီ လေဆိပ်မှာ ဘယ်ဟော်တယ် သွားရမှန်း မသိဘဲ ယောင်လည်လည် ဖြစ်နေစဉ် ထုံးစံအတိုင်း အူဆာဂီက နောက်ကျပြီး ရောက်လာတယ်။ သူတို့နဲ့အတူ စီစဉ်ထားတဲ့ ဟော်တယ်ကို သွားကြတယ်။ ဒီဇင်ဘာလ၁၂ရက်နေ့မှာ ဘန်ကောက်ကနေ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ကို ငြိမ်းချမ်းနဲ့အတူ ည ၂ နာရီ ၅၅မိနစ်လောက်မှာ အိန္ဒိယနိုင်ငံ Indigo လေကြောင်းနဲ့ ထွက်ခဲ့ကြပြီး တနာရီအကြာမှာ ၄ နာရီ ၅ မိနစ်မှာ ကာလကတ္တားလေဆိပ်ကို ရောက်ပါတယ်။

ကာလကတ္တားလေဆိပ်

လေဆိပ်မှာ ၉ နာရီလောက်နေရမှာဖြစ်လို့ အူဆာဂီက လေဆိပ်နားက ဟော်တယ်ကို စီစဉ်ထားပေးလို့ လေဆိပ်အပြင် ထွက်တဲ့အခါ အစောင့်စစ်သားတွေက ကျနော်တို့ကို ထွက်ခွင့်မပေးပါဘူး။ ဘာအကြောင်းပြချက်မှလည်း မပေးပါဘူး။ လေဆိပ်ထဲမှာပဲ လေယာဉ်ထွက်တဲ့အထိ ၉ နာရီကြာ နေရမဲ့သဘောဖြစ်နေပါတယ်။ ဒါကြောင့် Indigo လေကြောင်း ကောင်တာမှာသွားပြီး ငါတို့အပြင်ထွက်ချင်တယ် ငါတို့ ၉ နာရီကြာလေဆိပ်မှာ မနေချင်လို့ ဟော်တယ်လည်း ဘွတ်ခ်လုပ်ထားပြီးပြီးလို့ ပြောပြတဲ့အခါ သူတို့လေကြောင်းလိုင်းက အေးဂျင့်တယောက်ကို လွှတ်ပြီး လေဆိပ်ထွက်ပေါက်မှာ လက်မှတ်လိုက်ထိုးပေးပြီး ထွက်ခွင့်ရတယ်။

အပြင်ရောက်လို့ တက်ဆီ ငှားမယ်လည်းဆိုရော ငြိမ်းချမ်းရဲ့ဖုန်းက ရှာမရတော့ဘူး။ ငြိမ်းချမ်းလည်း ပြာသွားတယ်၊ အထဲဝင်ရင်လည်း ပြန်ထွက်ဖို့ ခက်တယ်၊ အခုတောင် မနည်းထွက်ရတာ၊ ခရီးလမ်းက အထစ်အငေါ့တွေ ဖြစ်နေတာ ဆက်တိုက်ပဲ။ ငြိမ်းချမ်းက သူ့ဖုန်း Indigo ကောင်တာမှာ ကျန်ခဲ့တာဖြစ်မယ် သူပြန်ဝင်မယ်ဆိုပြီး ထွက်လာတဲ့ အပေါက်က မဟုတ်ဘဲ နောက်တပေါက်ကနေ ဝင်မယ်ဆိုပြီး ထွက်သွားတယ်။ လေဆိပ်အပြင်ကနေ အထုတ်အပိုးတွေနဲ့ စောင့်နေလိုက်တယ် ဟောတယ်လည်း မသွားနိုင် ငြိမ်းချမ်းကလည်း လေယာဉ်လက်မှတ် ပြဝင်သွားပြီး ပြန်ထွက်မရ ငါကလည်း အပြင်က စောင့်နဲ့မိုးလင်းတော့မှာပဲ တွေးနေရင်း တနာရီလောက် ကြာသွားတော့ ငြိမ်းချမ်း ပြန်ရောက်လာတယ် သူ့ဖုန်းပြန်ရပြီတဲ့ သူကောင်တာမှာ ကျန်ခဲ့တာကို သိမ်းထားပေးတယ်လို့ ပြောရှာတယ်။

ဒါနဲ့နှစ်ယောက်သား ဝမ်းသာအားရနဲ့ စီစဉ်ပေးထားတဲ့ လေဆိပ်နားက ဟိုတယ်ကိုသွားဖို့ ကားငှား ကြပြန်တယ် ကားသမားက ဟော်တယ်နာမည်ပြောတော့ ခေါင်းငြိမ့်ပြတယ်။ ဒါနဲ့သူသိတယ်ထင်မိတယ် ဘာကြောင့်လဲဆိုတော့ အိန္ဒိယနိုင်ငံမှာလူတိုင်းနီးပါး အင်္ဂလိပ်စကားပြောတတ်တယ်လို့ ယူဆထားတာကိုး လမ်းကျမှ ဒီတက္ကဆီ ဒရိုင်ဘာက အင်္ဂလိပ်စကားမတတ်ဘူး ဟော်တယ်ကိုလည်း မသိဘူးဖြစ်နေပြန်ရော ဒါနဲ့မင်းမသိရင်ကားရပ် ငါတို့တခြားကားငှားမယ်ဆိုပြီး လက်ဟန်ခြေဟန်နဲ့ ပြောတော့မှ လမ်းကတနေရာမှာရပ်ပြီး သူကမေးတယ် ကိုယ်တွေကလည်း အင်္ဂလိပ်လို မေးတယ်။ ဒါနဲ့ အဲဒီအမေးခံရတဲ့လူကလမ်းညွှန်တဲ့အတိုင်း ကားသမားကမောင်းလို့ ဟော်တယ် နားရောက်ပြီး ကျော်သွားခါနီးမှာ ရပ်လို့ပြောပြီး ဟော်တယ်ကို လက်ညှိုးထိုးပြရတယ်အဲဒီတော့မှဟော်တယ်ကိုရောက်တယ်။ ငွေရှင်းပေးပြီးဟော်တယ်ရောက်တော့ မနက် ၇နာရီလောက်ရှိပြီး ဘွတ်ခ်လုပ်ထားတာကိုပြောပြီး အခန်းသော့ယူ နောက် မနက်စာ Breakfast ကျွေးနေတာနဲ့ဝင်စားကြတယ် ငြိမ်းချမ်းက သားသတ်လွတ်စားတာကြောင့် အတော်ဖြစ်သွားတယ်။ အာလူးပူတီတို့ တိုရှည်တို့ရလို့ စားလိုက်ပြီး အခန်းမှာ ဝင်အိပ်ကြတယ်။ နေ့လည် ၁၂ နာရီမှာ ဟိုတယ်က စီစဉ်ပေးတဲ့ကားနဲ့ လေဆိပ်ကို ပြန်လာပြီး အဲဒီလေဆိပ်ကနေ မီဇိုရမ်ပြည်နယ်ရဲ့ မြို့တော် အိုက်ဇောကို လေယာဉ်နဲ့ နေ့လည် ၁ နာရီ ၁၀ မိနစ်မှာထွက်ပြီး ၂ နာရီ ၁၅ မိနစ်အကြာမှာ အိုက်ဇောလေဆိပ်ကို ရောက်ပါတယ်။

အိုက်ဇော သို့မဟုတ် မီဇိုရမ်ပြည်နယ်ရဲ့တောင်ပေါ်မြို့တော်
အိုက်ဇောလေဆိပ်ကို ကျနော်တို့တူဝရီးရောက်တဲ့အချိန်က နေ့လည် (၂)နာရီကျော်ကျော်မှာဖြစ်ပါတယ်။ အိုက်ဇောကိုတော့ မရောက်သေးပါဘူး လေဆိပ်မှာ မိမိခရီးဆောင်သေတ္တာကို ရွေးနောက် ကြောပိုးအိတ်ကိုလွယ်ပြီး ထွက်လာတဲ့အချိန်မှာ ငြိမ်းချမ်း အသိမိတ်ဆွေ စမ်းစမ်းတို့ လင်မယားက အပြင်ကစောင့်နေကြပါတယ်။ သူတို့လင်မယားက အိုက်ဇောကို သွားဖို့ တက္ကဆီငှားလာတယ်လို့ သိရပါတယ်။ ဘယ်လောက်ဝေးလဲ မေးတော့ တနာရီလောက်တော့ စီးရမယ်လို့ သိရပြီး သူတို့စီစဉ်ထားတဲ့ ကားနဲ့လိုက်ခဲ့ကြပါတယ် စမ်းစမ်းတို့ လင်မယားနှစ်ယောက်လုံး ခရစ်ယန်ဖြစ်ပြီး စမ်းစမ်းက ချင်းလူမျိုး၊ သူ့ယောက်ျား ကိုမျိုးက မြန်မာပြည်ဖွား မန္တလေးသား အိန္ဒိယအမျိုးသား ဖြစ်ပါတယ်။ စမ်းစမ်းက အသားဖြူဖြူ မျက်နှာဝိုင်းဝိုင်း မျက်မှန်လေးနဲ့ ချစ်စရာကောင်းသလို ကိုမျိုးက အသားညိုညို နှုတ်ခမ်းပြာပြာ ကြီးမားဝိုင်းစက်တဲ့မျက်လုံးနဲ့ ခင်မင်စရာ ကောင်းပါတယ်။ သူတို့နှစ်ယောက်လုံး တူညီတဲ့အချက်က တယောက်နဲ့ တယောက် ချစ်မြတ်နိုးကြတာဖြစ်ပြီး လူတွေကို အကျိုးမမျှော်လင့်ပဲ ကူညီတတ်ကြတာပါပဲ။

ကားလေးက အိုက်ဇောကို မောင်းလာတဲ့အခါ တောင်တက်တောင်ဆင်းတွေ အချိုးအကွေ့တွေ တောင်ပတ်လမ်းတွေ ထပ်ခါတလဲလဲ တွေ့နေရပြီး တဖြည်းဖြည်းအမြင့်ကို တက်လာခဲ့တဲ့အခါ အေးစိမ့်တဲ့ရာသီဥတုကို ခံစားလာမိတယ်။ တတောင်ကျော်လိုက် တတောင်ဆင်းလိုက် မရပ်မနားတောင်တွေ အထပ်ထပ် ဖြတ်သန်းခဲ့ရပြီး လမ်းဘေးတဖက်တချက်မှာ ငှက်ပျောပင်တွေ အများအပြား ပေါက်နေတာ တွေ့ရတယ်။ တောင်တန်းကြီးတွေက ပြာမှိုင်းနေပြီး တောင်ထိပ်ရောက်တဲ့အခါ တောင်အောက်မှာ တိမ်ပင်လယ်ကြီးတွေ လှပစွာတွေ့ရတာ ရင်သပ်ရှုမောစရာပါ။ တိမ်တိုက်တွေဟာ တောင်ခါးလယ်လောက်မှာရှိပြီး ကျနော်တို့က တိမ်တိုက်တွေကို အပေါ်ကနေ လေယာဉ်ပျံပေါ်က ကြည့်နေရသလိုပါပဲ။ ရွာလေးတွေက လမ်းဘေးတဖက်တချက်မှာ တည်ဆောက်ထားပြီး တောင်ပတ်လမ်းတွေ ဘေးကအစွန်မှာ ဆောက်ထားတဲ့အတွက် အများအားဖြင့် အိမ်တွေဟာ ချောက်ထဲမှာ ခြေတန်ရှည်တွေနဲ့ တည်ဆောက်ထားပြီး အိမ်ရှေ့မျက်နှာစာက လမ်းမကြီးကို မေးတင်ဆောက်ထားတာ တွေ့ရပါတယ်။ တောင်ထိပ်မှာ ဆောက်ထားရင်လည်း တောင်ကြောအလိုက်တန်းပြီး အစီအရီ တန်းစီဆောက်ထားကြလို့ ရွာတန်းရှည်ကို တောင်အောက်ကနေ လှမ်းမြင်ရတတ်ပါတယ်။

အိုက်ဇောကို လှမ်းမြင်ရတဲ့အချိန်က ညနေစောင်းလုနီးနီးဖြစ်နေပြီး ကျနော်တို့ငှားထားတဲ့မိုတယ်ကို စမ်းစမ်းတို့က လိုက်ပို့ပါတယ်။ မိုတယ်လေးက တောင်စောင်းမှာ တည်ဆောက်ထားပြီး အခန်းက နေထိုင်လို့ရတဲ့ အဆင့်လောက်သာ ရှိပါတယ်။ တရက်ကို ရူပီးတထောင့်ငါးရာပေးရပြီး ရေနွေးရတယ်ဆိုပေမဲ့ ခဏသာရပြီး ရေချိုးတဲ့အခါလည်း ရေနွေးက မလုံလောက်တဲ့အပြင် ပလပ်စတစ်ပုံးနဲ့ခံပြီး ခပ်ချိုးရတော့ ကသိကအောက် ဖြစ်ရပြန်ပါတယ်။ အိမ်ရှင်ကတဖက်မှာနေပြီး အဲဒီကကလေးတွေ စကားပြောသံ၊ တီဗီဖွင့်သံတွေနဲ့ ဆူညံနေလို့အဆင်မပြေလှဘူး။ နောက်တနေ့အတွက် ပေးထားပေမဲ့ စမ်းစမ်းတို့ကလည်း သူတို့ဆီမှာ လာနေဖို့ ဖိတ်ခေါ်တာနဲ့ စမ်းစမ်းတို့ အိမ်ကိုရွှေ့ဖို့ နှစ်ယောက်သား ဆုံးဖြတ်လိုက်ပါတယ်။ မပြောင်းခင် မနက်စာပါတဲ့အတွက် သွားစားတဲ့အခါ ပေါင်မုန့်တချပ် လာပေးပြီး လက်ဖက်ရည်တခွက်စီ ပေးပါတယ်။ နောက်ဘာလာအုံးမလဲ စောင့်နေတုံး ဘာမှမလာတာနဲ့ သွားမေးတော့ အဲဒါ သူတို့ပေးတဲ့ Simple Breakfast ရိုးရှင်းတဲ့ နံနက်စာပါတဲ့။ ဒါနဲ့နှစ်ယောက်သား သဘောကျ ရယ်မောကြပြီး စမ်းစမ်းတို့ဆီကို ပြောင်းလာခဲ့တယ်။ လေဆိပ်ကနေ ကားငှားခက ရူပီး ၁၅၀၀ ကျတယ်။ ဒေါ်လာနဲ့ဆိုရင် ၁၈ ဒေါ်လာလောက်ကျတယ်။ စမ်းစမ်းတို့အိမ်ရောက်ပြီး သူတို့ဧည့်ခန်းမှာ နေရာချပေးတယ်။

မီဇိုရမ်ပြည်နယ်နှင့် အိုက်ဇောမြို့ သမိုင်းအကျဉ်း

၁၈၉၅ ခုနှစ်တွင် မီဇိုတောင်တန်းတွေဟာ ဗြိတိသျှအိန္ဒိယရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ကာ မြောက်ပိုင်းနဲ့ တောင်ပိုင်း မီဇိုတောင်တန်းတွေဟာ လူရှိုင်းတောင်တွေ ဖြစ်လာခဲ့ပါတယ်။ အိုင်ဇောရဲ့နယ်မြေတစ်ခုလုံးကို “ ဖယ်ထုတ်နယ်မြေ” အဖြစ် ကြေညာလိုက်ပြီး အိန္ဒိယက လွတ်လပ်ရေးမရမီအထိ မြောက်ပိုင်းနဲ့ တောင်ပိုင်း မီဇိုတောင်တန်းတွေ ဖြစ်လာခဲ့ပါတယ်။

ဗြိတိသျှတို့ သိမ်းပိုက်ချိန်မှာတော့ အကြီးအကဲ ၆၀ ရှိခဲ့ပါတယ်။ ၁၉၅၉ ခုနှစ်တွင် အငတ်ဘေးကယ်ဆယ်ရေးအတွက် ဖွဲ့စည်းထားတဲ့ မီဇိုအမျိုးသားအငတ်ဘေးတပ်ဦးဟာ နောက်ပိုင်းမှာ နိုင်ငံရေးအဖွဲ့အစည်းသစ်ဖြစ်လာကာ မီဇိုအမျိုးသားတပ်ဦး (MNF) အဖြစ် ၁၉၆၁ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပါတယ်။

ဆန္ဒပြပွဲတွေနဲ့ လက်နက်ကိုင်သောင်းကျန်းမှုကာလတွေအပြီး ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ MNF ဟာ အိန္ဒိယဆီကနေ လွတ်လပ်ရေးရဖို့ ကြိုးပမ်းအားထုတ်ခဲ့ပါတယ်။ အဲ့ဒီ ခွဲထွက်ဖို့ ကြိုးစားမှုကို တားဆီးကာကွယ်ဖို့ ၁၉၇၁ ခုနှစ်မှာ အိန္ဒိယအစိုးရက မီဇိုရမ်တောင်တန်းတွေကို ပြည်ထောင်စုနယ်မြေအဖြစ်ကို ပြောင်းလဲရန် သဘောတူညီခဲ့ပြီး ၁၉၇၂ ခုနှစ်မှာ မီဇိုရမ်ပြည်နယ် ဖြစ်လာခဲ့ပါတယ်။

၁၉၈၆ ခုနှစ်မှာ မီဇိုရမ်ငြိမ်းချမ်းရေးသဘောတူညီချက် (၁၉၈၆) ကို အစိုးရနှင့် MNF တို့ကြား သဘောတူညီခဲ့ကြပါတယ်။ ၁၉၈၆ ခုနှစ်မှာ အိန္ဒိယပါလီမန်က အိန္ဒိယရဲ့ ၂၃ ခုမြောက် ပြည်နယ်အဖြစ် ၁၉၈၇ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် မီဇိုရမ်ပြည်နယ်ကို ဖန်တီးနိုင်စေတဲ့ ၅၃ ကြိမ်မြောက် အိန္ဒိယဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုခဲ့ပါတယ်။ မီဇိုရမ်ပြည်နယ်လွှတ်တော်မှာ ထိုင်ခုံနှစ်နေရာ၊ တစ်လုံးစီကို လော့ဆာဘာ့ (Lok Sabha) နဲ့ ရာ့ဂျာ်ဆာဘာ့ (Rajya Sabha) ဒေသနှစ်ခုမှာတစ်ခုစီ ပေးထားပါတယ်။

မီဇိုအမျိုးသားတပ်ဦး (MNF) အဖြစ် ၁၉၆၁ ခုနှစ်တွင် ဖွဲ့စည်း ဖြစ်ပေါ်လာခဲ့သည့် (၁၉၆၁- ၂၀၁၁) ရွှေရတုအထိမ်းအမှတ် ကျောက်စာတိုင်မှာ ကျနော် အမှတ်တရ ဓါတ်ပုံရိုက်ခဲ့ပါတယ်။

သူတို့လင်မယားနှစ်ယောက်က ချင်းစစ်ရှောင်တွေနဲ့ CDM လုပ်ပြီး မီဇိုရမ်ကိုထွက်ပြေးလာတဲ့ ဝန်ထမ်းတွေကို အင်ဂျီအိုတွေနဲ့ ချိတ်ဆက် ကူညီနေတာဖြစ်လို့ လိုက်ကြည့်မလားဆိုပြီး ဖိတ်ခေါ်တာနဲ့ လိုက်သွားတယ်။ နေရာတွေက တနာရီသာသာ သွားရတဲ့နေရာပေါ့။ အဲဒီမှာ ချင်းရွာတွေက ထွက်ပြေးလာတဲ့ စစ်ရှောင်မိသားစုတွေကို တွေ့ရတယ်။ သူတို့ကို မီဇိုကျေးရွာတခုက လက်ခံထားတယ်။ ချင်းနဲ့ မီဇိုတွေက စကားမတူပေမဲ့ တချို့အသုံးအနှုန်းတွေက ဆင်တယ်။ မီဇိုအများစုကလည်း ခရစ်ယန်တွေ များတယ် ခရစ်ယန် ၉၅%လောက်ရှိမယ်။ သူတို့မှာ ကလေးတွေနဲ့ မိန်းမတွေ သက်ကြီးရွယ်အိုတွေ များတယ်။ စစ်ပြေးလာတဲ့ရွာသူကြီးက ငယ်ငယ်ရွယ်ရွယ်ပဲ။ သူနဲ့ အင်တာဗျူးလိုက်တယ်။ သူကလည်း ကောင်းကောင်း ဖြေနိုင်တယ်။

ပြန်ခါနီးမှာ သူက စမ်းစမ်းကို သူတို့သောက်သုံးရေ မလောက်တဲ့အကြောင်း ပြောတယ်။ ရွာက ရေပေးပေမဲ့ သူတို့မှာ လှောင်စရာ ရေစည်ကြီးကြီး မရှိဘူးလို့ ဆိုတယ်။ စမ်းစမ်းက ရေစည်ဘယ်နှစ်လုံး လောက်လိုမလဲလို့ မေးတယ်။ သူက လေးလုံးလောက်ဆိုရင်ရပြီလို့ ဆိုတယ်။ ရေစည်ကြီးတလုံးတလုံးက လူသုံးဖက်စာလောက်ကြီးတဲ့ ပလပ်စတစ် ရေလှောင်ကန်ကြီးတွေ၊ တစည်ကို ဘယ်လောက်လဲလို့ စမ်းစမ်းက မေးတော့ သူက ရူးပီး တသောင်းနှစ်ထောင် လောက်ကျမယ်ပြောလို့ မှတ်ထားလိုက်တယ်။

ကျနော် ၁၉၇၄-၇၅ တုံးက အင်းစိန်ကျောင်းတော်ကြီးမှာ အတူတူနေခဲ့တဲ့ ဥပဇင်းဦးသံဝရကိုလှူဖို့ပေးထားတဲ့ ဒေါ်လာ ၄၀၀ ကျော် သိမ်းထားတာရှိတယ်။ ၂၀၂၁ ခုနှစ်မှာ စစ်အာဏာသိမ်းတာကြောင့် ပြည်တွင်း ပြန်မသွားနိုင်ခင် ဆရာတော်က ကိုဗစ်ကာလမှာ ပျံလွန်တော်မူသွားလို့ မလှူလိုက်ရဘူး။ အကြွေးကျန်နေတာနဲ့ ဆရာတော်ကိုယ်စား ဆရာတော်ရဲ့အလှူအဖြစ် ရေစည်ကြီး ၃ လုံးအတွက် စမ်းစမ်းကို ဒေါ်လာ ၄၅၀ ပေးလိုက်တယ်။ စမ်းစမ်းလည်း အရမ်းဝမ်းသာသွားတယ်။ သူဝယ်ပြီးရင် ဓါတ်ပုံပို့ပေးပါ့မယ်လို့ ပြောတယ်။ နောက်တနေ့မှာစမ်းစမ်းတို့နဲ့ CDM လုပ်ပြီး ထွက်လာတဲ့ ရဲဝန်ထမ်းတွေနေတဲ့နေရာကို သွားတွေ့ကြပြန်တယ်။ သူတို့က အင်ဂျီအိုတွေပေးတဲ့ ထောက်ပံ့စာနဲ့ မလုံလောက်လို့ ထိုင်းဘက်မှာတော့ ဂေါ်စန်းလို့ခေါ်တဲ့ အုတ်သယ်ကျောက်သယ် ဘိလပ်မြေဖျော်ပေးတဲ့ အလုပ်ကို ယောက်ျားတွေက သွားလုပ်ကြတယ်။ ကျနော်တို့ရောက်တော့ ညနေစောင်းနေပြီ။ သူတို့ကလေးတွေကို မုန့်ကျွေးပြီး ပြန်ခဲ့ကြတယ်။

အခု စာရေးနေတဲ့အချိန်မှာ စမ်းစမ်းဆီက ရေလှောင်ကန်ကြီးတွေ ဝယ်ပြီးလို့ စစ်ဘေးရှောင်တွေကို လှူဒါန်းပြီးပြီဆိုတဲ့ အကြောင်းနဲ့ ဓာတ်ပုံတွေ ပို့ပေးလာတယ်။ စစ်ဘေးရှောင်တွေဆီက ကျေးဇူးတင်ကြောင်း ပြောတဲ့ ဗီဒီယိုဖိုင်လည်း ပို့လာပေးတယ်။ ဝမ်းတာပီတိ ဖြစ်မိပါတယ်။

စစ်ဘေးရှောင်စခန်းမှ သက်ကြီးရွယ်အိုတွေနဲ့ မိန်းမတွေ ကလေးတွေ များတယ်။ ကလေးတွေက ဆော့မယ် ကစားမယ် ဧည့်သည်တွေလို့မုန့်တွေ စားရရင်ပျော်တယ် ဘာအပူအပင်မှမရှိဘူး။ သူတို့ဟာနိုင်ငံမဲ့တွေအဖြစ်ကြီးပြင်းလာရမယ်ဆိုတာလည်းတွေးမပူမိကြဘူး ဖြူစင်တဲ့အရွယ်လေးတွေပေါ့။ 

အိုက်ဇောမှ ကျောင်းများ

အိုက်ဇောက မူလတန်းအလယ်တန်းကျောင်းတွေက အရမ်းစည်းစနစ်ကျတယ်။ ကျောင်းသားတွေက ကျနော်တို့ မြန်မာပြည် ခေတ်ကောင်းတုံးက မစ်ရှင်နရီကျောင်းတွေလိုပဲ။ သူ့ကျောင်းဝတ်စုံနဲ့သူ သပ်သပ်ရပ်ရပ်နဲ့ တကျောင်းနဲ့ တကျောင်း ယူနီဖောင်းမတူဘူး။ မိန်းကလေးတွေက စကပ်တွေဝတ်၊ ယောက်ျားလေးတွေက ဘောင်းဘီဝတ်ပေါ့။ တစ်ခုထူးခြားတာက အားလုံး သန့်ရှင်းသပ်ရပ်ပြီး အင်္ဂလိပ်စကားကို ကောင်းကောင်းမွန်မွန် အသံထွက်ပီပီသသနဲ့ ပြောနိုင်ကြတာပါပဲ။ အိန္ဒိယကသူတွေ အင်္ဂလိပ်စကားပြောတာက ကုလားသံဝဲပေမဲ့ မီဇိုကျောင်းသားတွေရဲ့ အင်္ဂလိပ်စကားက အင်္ဂလိပ်သံ ပိုပီသတယ် ကုလားလို မဝဲဘူး။ နောက်တခုက သူတို့ မီဇိုရမ်ကို ကုလား အဝင်မခံဘူး။ အိန္ဒိယနိုင်ငံထဲမှာ ဖြစ်ပေမဲ့ သူတို့လူမျိုးတွေကို သွေးနှောမှာရယ်၊ အိန္ဒိယကုလားလူဦးရေက လူမြိုသွားမှာကို ကာကွယ်တဲ့အနေနဲ့ အခြားအိန္ဒိယလူမျိုး ကုလားတွေ လာပြီး အခြေချ နေထိုင်ခွင့်မပေးဘူး လာလည်လို့ ရတယ်။ လာလည်ရင် ဗီဇာလျှောက်ရတယ်။ အိမ်မြေဝယ်ခွင့် စီးပွားရေး အခြေချလုပ်ခွင့်ကို ကန့်သတ်ထားတယ်။ နောက်တခုထူးတာက လမ်းဘေးမှာ လမ်းပြင်နေသူတွေ မြို့ထဲမှာ အလုပ်ကြမ်း လုပ်နေသူတွေ ကြည့်လိုက်ရင် ကုလားတွေချည်းပဲ၊ မီဇိုတွေကို မတွေ့ရဘူး။ ကုလားအလုပ်ကြမ်းသမားတွေ တော့လာလုပ်လို့ရတယ်။

အိုက်ဇောကို အူဇာဂီရောက်လာပြီ

အိုက်ဇောကို ဒီဇင်ဘာလ ၁၂ ရက်နေ့ရောက်ပြီး ၁၃ ရက်နေ့မှာ အူဇာဂီကို ခင်ဗျား ဘယ်အချိန်ရောက်မလဲမေးတော့ မင်းတို့နဲ့ အတူတူပဲလေ၊ မင်းတို့ရောက်တဲ့အချိန်ပေါ့တဲ့။ သူက အသက်လဲကြီးပြီ မေ့လဲမေ့တတ်တော့ မဟုတ်သေးဘူး။ ကျနော်တို့နဲ့ ခရီးစဉ်ကို ခင်ဗျားဖျက်လိုက်ပြီး ဘန်ကောက်မှာ ငွေထုတ်ဖို့ ကျန်ခဲ့တာလေ။ ခင်ဗျား လေယာဉ်လက်မှတ် အသစ်ထပ်ဝယ်လိုက်တာကြောင့် ကျနော်နဲ့ အချိန်မတူမှာစိုးလို့ သေချာအောင် မေးနေတာပါ။ ဘယ်အချိန် ရောက်မလဲဆိုတော့ နေ့လည် ၁၁ နာရီ ၁၅မိနစ်တဲ့။ ဒါဆို ကျနော်တို့နဲ့ မတူဘူး။ ကျနော်တို့လေယာဉ်က နေ့လည် (၂) နာရီကျော်မှာ ဆိုက်တာဆိုပြီး သူ့လေယာဉ်အချိန်ဇယားကို ပို့ခိုင်းလိုက်တယ်။ ရောက်လာလို့ ကြည့်လိုက်တော့ သူလေယာဉ်လိုင်းက Air Asia ဖြစ်နေတယ်။ သူက အဲဒီလို အူကြောင်ကြောင် ၇၉ နှစ်အရွယ်အဖိုးကြီး။ ကျနော်ကလည်း သူ့အောက် ၆ နှစ် လောက်သာငယ်တဲ့ ၇၃ နှစ်အရွယ် အဖိုးကြီးပဲလေ။ ကြီးမိုက်ကြီးတွေပေါ့။

ဒီဇင်ဘာ ၁၄ ရက်နေ့မှာ အူဇာဂီ အိုင်ဇောကို ရောက်လာတယ်။ မူလက သူရောက်ပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့မနက်စောစောမှာ နယ်စပ်ထွက်ဖို့ စီစဉ်ထားပေမဲ့ သူရောက်လာတဲ့အခါ သူ့ခရီးဆောင်သေတ္တာထဲမှာ ကင်မရာဘက်ထရီ ၃ ခုတွေ့သွားတဲ့အတွက် ကာလကတ္တား လေဆိပ်ကနေ စစ်ဆေးပြီး သူ့သေတ္တာကို လေယာဉ်နဲ့ ထည့်မပေးလိုက်ဘူး။ နောက်တနေ့ လေရာဉ်နဲ့မှ ပို့ပေးမယ်ဆိုပြီး ယူထားလိုက်တဲ့အတွက် ကျောပိုးအိတ်တလုံးနဲ့သာ သူရောက်လာခဲ့ပါတယ်။ ဒါကြောင့် မူလစောစော အိုက်ဇောကနေ နယ်စပ်ကို ထွက်မဲ့ကားကို နယ်စပ်ကို တိုက်ရိုက်မသွားဘဲ လေယာဉ်ကွင်းကို နေ့လည် (၁၁) နာရီအရောက် အရင်သွားဖို့ စီစဉ်ရပြန်ပါတယ်။ နယ်စပ်ကနေ လာစောင့်မဲ့သူတွေကိုလည်း တရက်နောက်ကျမယ်လို့ အကြောင်းကြားရ၊ ပြည်တွင်းမှာသုံးဖို့ အိန္ဒိယရူပီးကို အရင်လဲရသေးတယ်။ နယ်စပ်ရောက်ရင် ရူပီးငွေကို မြန်မာကျပ်ငွေနဲ့လဲရမှာ ဖြစ်ပါတယ်။ ချင်းကာကွယ်ရေးတပ် CDF မင်းတပ်နဲ့ တောင်ပိုင်းချင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကိုလည်း ရောက်မဲ့အချိန်ကို ပြန်ညှိခဲ့ရတယ်။ မူလ ၁၃ ရက်နေ့ ရည်မှန်းထားရာကနေ ၁၅ ရက်နေ့အထိ နောက်ကို နှစ်ရက် ရွှေ့လိုက်ရပြီး ၁၅ ရက်နေ့မှာလည်း နယ်စပ်ကို မထွက်ရသေးဘဲ လေဆိပ်ကို အရင်သွားပြီး အူဆာဂီရဲ့ခရီးဆောင်သေတ္တာကို ရွေးရအုံးမှာ ဖြစ်တယ်။ ခရီးစထွက်ကတည်းက အထစ်အငေါ့တွေ ဆက်တိုက်ဖြစ်နေတော့ ခရီးစဉ် အစဉ်ပြေပါ့မလားလို့ စိုးရိမ်မိတာတော့ အမှန်ပါ။ ဒါပေမဲ့ ဘာဘဲဖြစ်ဖြစ် နောက်မဆုတ်ဘူး မရောက်ရောက်အောင်သွားမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုကတော့ ထက်သန်နေဆဲပါ။

အပိုင်း (၂) ကို ဆက်လက်ဖော်ပြပါမည်။ စောင့်မျှော်ဖတ်ရှုကြပါ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ဆောင်းပါးများ

မဇ္ဈိမမှသည် ချင်းတောင်တန်းနှင့် ပုံတောင်ပုံညာဆီသို့ ခရီးသွားဆောင်းပါး (အပိုင်း ၂)

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 187 Views
ခရီးစထွက်ပြီဒီဇင်ဘာလ (၁၅) ရက်နေ့မနက်မှာ စမ်းစမ်းတို့ချက်ကျွေးတဲ့ ထမင်းနဲ့ဟင်းကို စားကြတယ်။ ငြိမ်းချမ်းက သက်သတ်လွတ်ဆိုတော့ သူ့အတွက် ပဲပုတ်ဟင်းချက်ပေးတော့ သူက အများကြီးစားတယ်။
ဆောင်းပါးများ

မဇ္ဈိမမှသည် ချင်းတောင်တန်းနှင့် ပုံတောင်ပုံညာဆီသို့ ရုပ်သံဆောင်းပါး (အပိုင်း ၂)

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 126 Views
ဒီခရီးစဉ် အပိုင်း (၂) မှာတော့ မင်းတပ်မြို့နယ်၊ ဝမ္မတူရွာမှာရှိတဲ့ စစ်လော်ဘီတွေက တော်လှန်ရေး သမားတွေကို ဆေးကုပေးနေတယ်ဆိုပြီး ဗုံးကြဲဖို့ အကြိမ်များစွာ
ဆောင်းပါးများ အတွေးအမြင်ကဏ္ဍ အယ်ဒီတာ့အာဘော်

ယခင်တပ်မတော်နဲ့ ယနေ့တပ်မတော် ဘာတွေ ကွာခြားလဲ

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 113 Views
ခေတ်မျက်လုံးရဲ့ ပင်တိုင်ဆောင်းပါးရှင် ဦးထွန်းအောင်ကျော်မှ ရေးသားသည့်ဆောင်းပါး ဖြစ်ပါသည်။ တပ်မတော်သားတွေရဲ့ လူနေမှု အဆင့်အတန်းကို လေ့လာရင် ဦးနုလက်ထက်ကနေ ဗိုလ်နေဝင်း အာဏာသိမ်းခါစအထိ ပြည်သူက တော်လှန်ရေးနေ့ (အခုတပ်မတော်နေ့) ရောက်တိုင်း စစ်ရေးပြချီတက်လာတဲ့ တပ်မတော်သားတွေကို ပန်းကုံးစွပ် ကြိုဆိုကြတယ်။
ဆောင်းပါးများ မြန်မာသတင်း

ဖက်ဒရယ်နိုင်ငံတည်ဆောက်ခြင်း(နောက်ဆုံးပိုင်း)

  • 2023 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 95 Views
ခေတ်မျတ်လုံးရဲ့ ရုပ်သံဆောင်းပါး အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီကနေ့မှာဆိုရင် ဖက်ဒရယ်နိုင်ငံတည်ဆောက်ခြင်းဆိုတဲ့ ဆောင်းပါးရဲ့ နောက်ဆုံးအပိုင်းကို တင်ဆက်ပေးမှာပါ။ ဆောင်းပါးရဲ့ ပထမပိုင်းနဲ့ ဒုတိယပိုင်းတွေမှာ ဖက်ဒရယ်နောက်ခံသမိုင်းအကြောင်း၊ ဖက်ဒရယ်ကို အတားအဆီးဖြစ်နေတဲ့ အချက် ၃ ချက်ဖြစ်တဲ့ ဗမာမုန်းတီးရေး၊ လူမျိုးစုတစ်ခု
ဆောင်းပါးများ မြန်မာသတင်း

ဖက်ဒရယ် နိုင်ငံတည်ဆောက်ခြင်း အပိုင်း (၂)

  • 2023 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 90 Views
ခေတ်မျတ်လုံးရဲ့ ရုပ်သံဆောင်းပါး အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီအစီအစဉ်ကနေ ဦးထွန်းအောင်ကျော် ရေးသားထားတဲ့ “ ဖက်ဒရယ်နိုင်ငံတည်ဆောက်ခြင်း” ဆိုတဲ့ ဆောင်းပါးကို စာရေးသူကိုယ်တိုင်က တင်ဆက်ပေးသွားမှာပါ။ ဒီရုပ်သံဆောင်းပါးမှာဆိုရင် ပင်လုံကနေစလို့ ဖက်ဒရယ်နောက်ခံသမိုင်း‌ကြောင်းတွေ၊ ဖက်ဒရယ်ကို တားဆီးနေတဲ့အချက်တွေနဲ့ ဖက်ဒရယ်အတွက် ကြိုတင်ပြင်ဆင်ထားသင့်တာတွေကို
ဆောင်းပါးများ မြန်မာသတင်း

ဖက်ဒရယ် နိုင်ငံတည်ဆောက်ခြင်း အပိုင်း(၁) – ရုပ်သံဆောင်းပါး။

  • 2023 ခုနှစ်၊ အောက်တိုဘာလ 27 ရက်
  • 140 Views
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်၊ ခေတ်မျက်လုံး။ ခေတ်မျတ်လုံးရဲ့ ရုပ်သံဆောင်းပါး အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီကနေ့မှာဆိုရင် ဖက်ဒရယ် နိုင်ငံတည်ဆောက်ခြင်းဆိုတဲ့ ဆောင်းပါးကို တင်ဆက်ပေးမှာပါ။ ဒီရုပ်သံဆောင်းပါးမှာဆိုရင် ပင်လုံကနေစလို့ ဖက်ဒရယ်နောက်ခံသမိုင်း‌ကြောင်းတွေ၊ ဖက်ဒရယ်ကို တားဆီးနေတဲ့အချက်တွေနဲ့
ဆောင်းပါးများ အတွေးအမြင်ကဏ္ဍ

ရွှေ့ပြောင်းအလုပ်သမားချင်းအတူတူ အစ္စရေးက ထိုင်းရွှေ့ပြောင်းအလုပ်သမားနဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဘယ်လိုကွာခြားသလဲ။

  • 2023 ခုနှစ်၊ အောက်တိုဘာလ 18 ရက်
  • 100 Views
သောကြာနေ့တွင် ဘွန်းချိုင်း ဆေရန် (Boonchai Saeyang) သည် ထိုင်းနိုင်ငံသို့ ပြန်ရောက်သောအခါ ဂါဇာကမ်းမြောင်အနီးရှိ လယ်ကွင်းတစ်ခုတွင် အလုပ်လုပ်ရန် အစ္စရေးတွင် နောက်ချန်ကျန်နေရစ်ခဲ့သော သူ့လုပ်ဖော်ကိုင်ဖက် ထိုင်းလူမျိုးများအကြောင်း တွေးနေမှု ရှိလာခဲ့သည်။ သူတို့နေခဲ့သည့် အစ္စရေးရွာတွင် အရပ်သားတွေကို
Myanmar Politics ဆောင်းပါးများ

ရှမ်းပြည်နယ်က အခြေခံပညာစာသင်ကျောင်းမှာ စာမရလို့ဟုဆိုကာ ကျောင်းသူဖြစ်သူကို ဆရာမပြင်းပြင်းထန် ထန် ရိုက်နှက်တာကြောင့် ဆေးရုံတင်ထားရ

  • 2023 ခုနှစ်၊ အောက်တိုဘာလ 14 ရက်
  • 115 Views
ရှမ်းတောင် မိုင်းရှူးမြို့နယ် ဟိုနမ့်ကျေးရွာရှိ အခြေခံပညာစာသင်ကျောင်းမှာ အောက်တိုဘာလ (၁၁) ရက်နေ့က စာမရလို့ ဆိုကာ ကျောင်းသူဖြစ်သူကို ဆရာမဖြစ်သူ နန်းနွန်းမှ ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်တာကြောင့် ဆေးရုံတင်ထားရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ခေတ်မျက်လုံးကိုပြောပါတယ်။ အသက် ၇ နှစ်အရွယ်သာရှိသေးတဲ့