စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်ရှောင်အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အောက်တိုဘာလ (၁၅)ရက်နေ့က ခင်ဦးနယ် ညောင်ပင်ကြီးစုရွာထဲကို စစ်ရှောင်အမျိုးသားတစ်ဦးဖြစ်တဲ့ ကိုမင်းမင်း အသက်(၄၅)နှစ်ဟာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထွက်သွားပြီဟုထင်ကာ ဆိုင်ကယ်နဲ့ ရွာထဲဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
“ ကိုမင်းမင်းက စစ်ကြောင်းထွက်သွားပြီထင်ပြီး ဆိုင်ကယ်နဲ့ ရွာထဲဝင်သွားတာ၊ စစ်ကြောင်းရဲ့ နောက်ချန် ကင်းပုန်းတွေက ရေဦး-ညောင်ပင်သာ ကားလမ်းဘေးက ညောင်ပင်ကြီးစု အထကကျောင်းအနီး ပစ်သတ်သွားခဲ့ကြပါတယ်” လို့ အဖွဲ့က ပြောဆိုထားပါတယ်။
ပစ်ခတ်ခံခဲ့ရတဲ့ ဒေသခံ ကိုမင်းမင်းရဲ့ ရုပ်အလောင်းကို ဒီကနေ့ အောက်တိုဘာလ (၁၆)ရက် နံနက်ပိုင်းက ဒေသခံတွေ ဝင်ရောက်ခဲ့ချိန်မှာ တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့ပြင် ကျေးရွာထဲ ဒေသခံတွေ ဒီကနေ့ နံနက်ပိုင်းက ဝင်ရောက်ခဲ့ချိန်ကလည်း ရေဦး-ညောင်ပင်သာ ကားလမ်းဘေးက မူးတိမ်ချောင်းကူးတံတားအဆင်းအနီး စစ်ကောင်စီတပ်ရဲ့ နင်းမိုင်းထောင်ထားတာကြောင့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ အောက်တိုဘာလ (၁၄)ရက်နေ့ကထဲက ညောင်ပင်သာ စိုက်/သိပ္ပံကျောင်းက အင်အား(၁၀၀)ကျော်နဲ့ ခြေလျင်စစ်ကြောင်းထိုးလာတာဖြစ်ပြီး ကားလမ်းအနီးက ကျေးရွာတွေက ဒေသခံ(၅၀၀၀)ကျော် ဒီကနေ့ နံနက်ပိုင်းမှာ ထွက်ပြေးနေရတယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။