၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်၊ ခေတ်မျက်လုံး။
ကောလင်းမြို့ထဲမှာ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေ စီမံဆောင်ရွက်နေပြီဖြစ်တာကြောင့် ပြည်သူတွေ မြို့ထဲကို ဝင်ရောက်နေထိုင်နိုင်ပြီဖြစ်တယ်လို့ NUG ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဒီလိုကြေညာချက်ထုတ်ပြန်ပြီးနောက် ကောလင်းမြို့ထဲ ပြည်သူတွေက ပြန်လည်ဝင်ရောက်နေထိုင်ကာ ဈေးတွေဖွင့်လှစ်တာ၊ ကုန်ထုတ်လုပ်ငန်းတွေဖြစ်တဲ့ ဆန်စက်၊ ဆီစက်၊ ခေါက်ဆွဲစက် ထုတ်ကုန်လုပ်ငန်းတွေ စတင်လည်ပတ်ပြီး လုပ်ငန်းတွေ လုပ်ကိုင်နေကြပြီလို့ ဆိုပါတယ်။
အခုအချိန်မှာ ကောလင်းမြို့နေလူထုအနေနဲ့ (၃၅)ရာခိုင်နှုန်းခန့် မြို့နယ်အတွင်း ဝင်ရောက်နေထိုင်လျက်ရှိကြကာ မြို့နေလူထု ဝင်ထွက်သွားလာမှုမှာ ပုံမှန်အနေအထားရဲ့ (၈၀)ရာခိုင်နှုန်းခန့်ရှိနေပြီဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ကောလင်းခရိုင်ရုံးစိုက်ရာ ကောလင်းမြို့ကို နိုဝင်ဘာလ (၆)ရက်နေ့က အမှတ်(၁)စစ်ဒေသ ခရိုင်ကွက်ကဲမှုအစီအစဉ်နဲ့ KIA၊ PDF၊ ပကဖနဲ့ တော်လှန်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။