ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်အတွင်းမှာ ဆည်၊ လမ်း၊ တံတားတွေ ပျက်စီးခဲ့ပြီး အိမ်တွေ ပျက်စီးမျောပါခဲ့ရပြီး စိုက်ခင်း ဧက ထောင်နဲ့ ချီ ဆုံးရှုံးခဲ့ရတယ်လို့ ပုလဲမြို့နယ် ဒေသခံတွေဆီက သိရပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ပုလဲမြို့နယ်အတွင်းမှာ စံချိန်တင် ရေကြီးခဲ့ပြီး ဒေသတွင်းက တံတား (၉) စင်း ပျက်စီးဆုံးရှုံးခဲ့ရပြီး လမ်းတွေပါ ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
ပုလဲမြို့နယ်အတွင်း ရေပေးဝေနေတဲ့ ချင်ပြစ်ဆည်က လယ်ယာဆည်မြောင်း (၂) ခုလုံး နေရာအတော်များများ ဆည်ကျိုးကာ ပျက်စီးခဲ့တာကြောင့် အမြန်ဆုံး ပြန်လည်မပြုပြင်နိုင်ပါက ပုလဲမြောက်ခြမ်း ရေသောက်ဧရိယာ အားလုံးမှာ စိုက်ပျိုးရန် ခက်ခဲလာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒေသအတွင်းက ရွာတွေမှာ သိုလှောင်ထားတဲ့ သီးနှံတွေ၊ စိုက်ပျိုးရေးသွင်းအားစုတွေ၊ စားနပ်ရိက္ခာတွေ၊ စိုက်ပျိုးထားတဲ့ နှမ်းခင်း၊ဥယျာဉ်ခင်း ဧကထောင်ချီ ရေလွှမ်းမိုး ပျက်စီးခဲ့ပါတယ်။
မုန်တိုင်းကြောင့် အလယ်ဘုံရွာက အိမ် (၂) လုံး နဲ့ နှောရိုးရွာက အိမ်(၂) လုံး ရေစီးနဲ့အတူ ပါသွားခဲ့ရသလို ကျေးရွာပေါင်း (၃၀) ခန့် ရေကြီးခဲ့ရတာကြောင့် ဆုံးရှုံးမှုပမာဏ ခန့်မှန်းမရနိုင်သေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
မေလ (၁၇) ရက်နေ့အထိ မိုခါမုန်တိုင်းကြောင့် သေဆုံးသူ အရေအတွက်မှာ (၄၅၅) ဦးအထိ ရှိလာပြီး မြို့ပေါင်း (၃၂) မြို့နယ်တွင် အဆောက်အအုံ (၁၅၆၈) လုံး၊ လမ်း၊ တံတား မီးတိုင်ပေါင်း (၃၄) ခုနဲ့ စိုက်ပျိုးမြေ ဧကပေါင်း (၄၂၅၁၇) ဧက ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာ ထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာက ထုတ်ပြန်ထားတဲ့အချက်အလက်တွေအရ သိရပါတယ်။
Era’sEyes /Photo -CRD