မည်သည့်တော်လှန်ရေး လုပ်ဆောင်ချက်မျိုးမဆို လူထုရဲ့ အင်အားနဲ့ပေါင်းစပ်ပြီး လုပ်နိုင်မှ ကြီးမားသော သက်ရောက်မှုရှိမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
ဇူလိုင်လ ၁၈ရက်နေ့ နံနက် ၁၀နာရီအချိန်က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ၂၄ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးအပေါ် လူထု/လူတန်းစားအားလုံး ပါဝင်ပေါင်းစည်းနိုင်ရေးကို ရှေ့ရှုလုပ်ဆောင်ရမှာဖြစ်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးကို လူထုအားနဲ့လည်း လုပ်ဆောင်ရမှာဖြစ်သလို နိုင်ငံရေးအားနဲ့လည်း လုပ်ဆောင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက ဦးစားပေးဖြိုခွင်းနိုင်မယ့် နယ်မြေဧရိယာတွေမှာ စစ်ရေးပြင်ဆင်မှုတွေကို အချိန်နဲ့အမျှ တိုးတက်ကောင်းမွန်အောင် လုပ်နေဖို့ ဝိုင်းဝန်းကြိုးစားကြရန် ၎င်းက တိုက်တွန်းထားပါတယ်။
မြန်မာတစ်နိုင်ငံလုံးဟာ စစ်ရေးသတိ မပြတ်ရှိနေရတဲ့ အခြေအနေဖြစ်ကာ အမျိုးသားညီညွတ်ရေးအစိုးရဘက်က တတ်နိုင်တာတွေရှိသလို မတတ်နိုင်တာတွေလည်းရှိနေကာ မဟာမိတ်အဖွဲ့တွေရဲ့ ခုခံတော်လှန်စစ်ကို ရနိုင်သမျှ အားဖြည့်ကူညီဖို့ အသင့်အနေအထားမှာ ရှိနေရမယ်လို့ အထက်ပါပုဂ္ဂိုလ်က ထည့်သွင်းပြောဆိုထားပါတယ်။
Era’sEye