မော်လမြိုင်-ရေး-ထားဝယ် ကားလမ်းမတစ်လျှေက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)နဲ့ PDF တို့ ပူးပေါင်းစစ်ဆေးမှုများပြုလုပ်စဉ် အရပ်ဝတ်စစ်ကောင်စီတပ်သား ၄ဦးတွေ့ရှိကာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မွန်ပြည်နယ်၊ ရေးမြို့နဲ့ သံဖြူဇရပ်မြို့ကြားရှိ မော်လမြိုင်-ရေး-ထားဝယ် ကားလမ်းမ၊ အမှတ်(၈) လမ်းမပေါ်မှာ KNLA နဲ့ PDF တို့က မော်တော်ယာဉ်များအား နေရာ ၃နေရာခွဲပြီး ဇွန်လ ၁၈ရက်နေ့က နံနက်ပိုင်းအချိန်က ပူးပေါင်းစစ်ဆေးမှုများပြုလုပ်ခဲ့တာပါ။
ထိုသို့စစ်ဆေးမှုများပြုလုပ်စဉ် ခရီးသည်အသွင်ဖြင့် ကားပေါ်လိုက်ပါလာသော အရပ်ဝတ်စစ်ကောင်စီတပ်သား ၄ဦးကို တွေ့ရှိခဲ့ကာ ထိန်းသိမ်းခဲ့ပြီးနောက် လိုအပ်သည့် စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။
KNLA အနေနဲ့ မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ထားဝယ်၊ မြိတ်လမ်းပိုင်းမှာ သွားလာနေတဲ့ မော်တော်ယာဉ်များအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တင်ဆောင်ခြင်းမပြုရန်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ စစ်ဆေးမှုအား ကြည်ဖြူစွာ စစ်ဆေးခံရန် ဇွန်လ ၁၀ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ထိုသို့ ထုတ်ပြန်ရခြင်းသည် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့များက ခရီးသွားပြည်သူများကို အကာအကွယ်ယူပြီး သွားလာခြင်း၊ အင်အားဖြည့်တင်းခြင်းများ လုပ်ဆောင်နေတဲ့အတွက်ဖြစ်ကာ အမိန့်ကြေညာချက်ပါ အချက်များကို တိတိကျကျလိုက်နာဖို့ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ရဲ့ ဒုစစ်ဆင်ရေးမှူးရုံးက ထပ်မံမေတ္တာရပ်ခံထားပါတယ်။
#Era’sEye /Photo /CRD