အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန ကနေ တက္ကသိုလ်ဝင်တန်းစာမေးပွဲစစ်ဆေးသွားမှာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံ ကျောင်းသား-ကျောင်းသူတွေ ဝင်ရောက်ဖြေဆိုကြမယ်လို့ တောင်ပိုင်းတိုင်း စစ်ဒေသခွဲအမှတ်(၃) က သတင်းထုတ်ပြန်ထားပါတယ်။
စာမေးပွဲဖြေဆိုမယ့် ပြည်သူ၊ ရဲဘော်နဲ့ ရဲမေတွေကို ကာကွယ်ရေးဝန်ကြီးဌာနက ပံ့ပိုးကူညီနေသလို CDM လုပ်ခဲ့တဲ့ ဆရာ၊ ဆရာမတွေနဲ့ တက္ကသိုလ်ကျောင်းသားတွေကလည်း တပတ်အတွင်းမှာ တရက်ကို အချိန် ၂ နာရီ စာသင်ပေးတာ၊ အချိန်ပိုသင်တာတွေ လုပ်ဆောင်ပေးနေတယ်လို့လည်း သိရပါတယ်။
လက်ရှိမှာ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ဧပြီလအထိ ပထမအကြိမ်နဲ့ ဩဂုတ်လကနေ အောက်တိုဘာလအထိ ဒုတိယအကြိမ် ကျင်းပမယ်လို့ NUG ပညာရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကတော့ Kaung for you၊ FOEIM စတဲ့ ကြားကာလပညာရေးကျောင်းတွေက လုံခြုံရေးကျိုးပေါက်မှုတွေနဲ့ ပတ်သက်လို့ စုံစမ်းတွေ့ရှိချက်တွေကို NUG အစိုးရပညာရေး ဝန်ကြီးဌာနဘက်က ထုတ်ပြန်ထားပါတယ်။
အဲဒီဖြစ်ရပ်တွေကြောင့် ကျောင်းသားမိဘတွေအနေနဲ့ ပညာဆက်သင်ကြားနိုင်ဖို့ စိုးရိမ်နေကြရသလို စစ်ကောင်စီကျောင်းတွေမှာ အပ်ဖို့ကိုလည်း အချို့သောကျောင်းသာမိဘတွေက အရည်အသွေး မပြည့်မီမှာကို စိုးရိမ်နေကြတယ်လို့လည်း သိရပါတယ်။
Photo – CRD